Environment

မြစ်ဆုံစီမံကိန်းအတွက် CPI ၏ EIA အစီရင်ခံစာ ချို့ယွင်းချက်များရှိနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြစ်ဆုံ စီမံကိန်းနှင့် ပက်သက်ပြီး China Power Investment (CPI) ကုမ္ပဏီဘက်မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစီရင်ခံစာ (EIA) တွင် အားနည်း ချို့ယွင်းမှုများနှင့် ပြည်စုံမှုမရှိသော ကောက်ချက်ချမှုများ တွေ့ရှိရသည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ထုတ်ပြန်လိုက်သည်။

အဆိုပါ အသင်းက နိုင်ငံတကာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များကို အခြေပြု၍ အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဂေဟစနစ်၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုများအပေါ် ရေးသားထားသော CPI ၏ EIA အစီရင်ခံစာကို မြန်မာပညာရှင် ၂ ဦးအပါအဝင် တရုတ်၊ အမေရိကန် စသော ပညာရှင် ၁၂ ဦးတို့မှ ပြန်လည် သုံးသပ်ထား၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စိမ်းလန်းအမိမြေ အသင်း၏ ဥက္ကဋ္ဌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ဆိုသည်။

“CPI ရဲ့ အစီရင်ခံစာက တပတ်အတွင်း အပြီးရေးတဲ့ အစီရင်ခံစာပဲ။ တိကျတဲ့ အချက်အလက်တွေ၊ ကွင်းဆင်းလေ့လာ ချက်တွေ မတွေ့ရဘူး။ ဒီအစီရင်ခံစာက လုံလောက်မှု မရှိဘူး။ ရွှေ့ပြောင်းပေးရမယ့် သူတွေရဲ့ အနာဂတ်၊ စီမံကိန်းရဲ့ အကျိုးဆက်တွေ၊ စီမံကိန်းကြောင့် ဖြစ်လာမယ့် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ရောဂါအကျိုးဆက်၊ ရာသီဥတု ပြောင်းလဲ မှုတွေကို လေ့လာထားတာ အရမ်းကို အားနည်းပါတယ်။ နောက်ဆက်တွဲ လေ့လာဖို့ကိုလည်း CPI က မလုပ်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို သိပ္ပံနည်းကျ ၁၀၀ ရာခိုင်နှုန်း နားလည်နိုင်ရန်မှာ ခက်ခဲကြောင်း၊ နှစ်ပေါင်း များစွာ လေ့လာသုသေသန ပြုလုပ်ရန် လိုအပ်နေချိန်တွင် အချိန်ခဏအတွင်း အစီရင်ခံစာ ရေးခြင်းမှာ အလွန် အန္တရာယ် များသော လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယခုနောက်ပိုင်းတွင် CPI ကုမ္ပဏီဘက်မှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး လုပ်ငန်းပြန်စနိုင်ရန်အတွက် နိုင်ငံရေး အင်အားစုများ၊ အစိုးရပိုင်းများ၊ အရပ်ဖက် အဖွဲ့အစည်းတချို့နှင့် စည်းရုံးမှုများ ပြုလုပ်နေသကဲ့သို့၊ ဒေသခံများ အကြားတွင် လည်း စည်းရုံးမှုများ ပြုလုပ်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ကန့်ကွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့် ပက်သက်ပြီး တိုင်းပြည်၏ အမွေအနှစ်ဖြစ်သော မြစ်ဆုံနေရာဖြစ်သောကြောင့် မည်သည့်ကုမ္ပဏီများမဆို ဆည်လာဆောက်လျှင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ CPI ကုမ္ပဏီ၏ အစီရင်ခံစာ အားနည်းချက်များ ရှိလျှင်သော် လည်းကောင်း၊ ပြီးပြည့်စုံမှု ရှိလျှင်သော်လည်းကောင်း ကန့်ကွက်သွားမည်ပင် ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက် ကန့်ကွက်နေသော ဓာတ်ပုံပညာရှင် ဦးစိုးဝင်းငြိမ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က ဘယ်ကုမ္ပဏီမို့လို့ ကန့်ကွက်တာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ အမွေအနှစ်နေရာ၊ တိုင်းရင်းသားလူမျိုး တွေနဲ့ စုပေါင်းထားတဲ့ ပြည်သူလူထုတွေ ပိုင်တဲ့ ဧရာဝတီ မြစ်ပေါ်မှာ ဘယ်ဆည်မှ ဆောက်တာ မလိုချင်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုတွေလည်း ဒီဆန္ဒအတိုင်းပဲ ရှိကြလိမ့်မယ်လို့ ယုံပါတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းနှင့် ပက်သက်ပြီး တရုတ်နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့များ၊ CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ကတည်းက မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ကန့်ကွက်သွားမည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ခတ္တ ရပ်ဆိုင်းထားသော်လည်း နောက်အစိုးရသစ် တက်လာလျှင် ယခု စီမံကိန်း ကိစ္စကို ဆက်လက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သည့် ကိုမြအေးက ဧရာဝတီသို့ ပြောသည်။

“သူတို့ရဲ့ အစီရင်ခံစာက ဘယ်လိုပဲဖြစ်နေပါစေ။ ကျနော်တို့ ပြောနေတာတွေက အလကားပြောနေကြတာ မဟုတ်ဘူး။ ကျနော်တို့နဲ့ သူတို့တတွေ တွေ့ဆုံတုန်းကလည်း ဒီစီမံကိန်း ရပ်တန့်ဖို့ပဲပြောခဲ့တာ။ ဘာကြောင့် ရပ်တန့်စေချင်ရတာလဲ ဆိုတော့ ပထမတချက်က နိုင်ငံရေးအရ၊ ဒုတိယတချက်က ယဉ်ကျေးမှုအရ၊ တတိယတချက်က စီးပွားရေးအရ ဆိုတာ အတိအလင်း ပြောပြီးသားပါ” ဟု ၎င်းက ဆိုသည်။

ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ ဆန္ဒအရ ရပ်ဆိုင်းထားသော်လည်း နောက်အစိုးရသစ် တက်လာလျှင် ပြည်သူများ အနေဖြင့် အချက်အလက်ကျကျ သိရှိနိုင်စေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒေသတခု၏ မိုးရေချိန်ကိုပင် အတိအကျရရှိရန် အသေးစိတ် အချက်အလက် စုဆောင်းထားနိုင်ခြင်း အားနည်းနေချိန်တွင် ယခုကဲ့သို့ “အားလုံး ကောင်းပါသည်” ဆိုသော CPI ၏ အစီရင်ခံစာကို ပြည်သူများအနေဖြင့် မှန်ကန်မှုရှိမရှိ သိရှိစေရန်အတွက် မိမိတို့၏ အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ပြောသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါစီမံကိန်းနှင့် ပက်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစမ်းစစ်မှုများ (EIA) ကို နှစ်အတန်ကြာ ထပ်မံဆောင်ရွက်သင့်ကြောင်း၊ ဆည်များ၏ သက်ရောက်မှု တခုတည်းမဟုတ်ပဲ ရေအားလျှပ်စစ် လုပ်ငန်းများ၏ သက်ရောက်မှုများ အထိပါ ထည့်သွင်းစဉ်းစားရန် လိုအပ် ကြောင်း စိမ်းလန်းအမိမြေ အသင်း၏ Program Officer ကိုအောင်စိုးနိုင်က ဆိုသည်။

“ကျနော်တို့ကတော့ နောက်အစိုးရ ဒီကိစ္စဆက်လုပ်ရင်လည်း ကန့်ကွက်ဦးမှာပဲ။ တရုတ်နိုင်ငံဘက်က ပြောသလို ပြည်သူတွေရဲ့ အသံအတိုင်း လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေမှာ ဒီစီမံကိန်းရဲ့ အကျိုးသက်ရောက်မှုကို သိအောင် အချက်အလက်နဲ့ ချပြတာပါ။ ကျနော် ဆိုချင်တာက ဒီစီမံကိန်းလုပ်မှ ငွေတွေရတာ မဟုတ်ပါဘူး။ ဒီနေရာမှာ တခြား ဝင်ငွေရတဲ့ စီမံကိန်းတွေ ဘာတွေလုပ်လိုရမလဲ၊ လျှပ်စစ်မီး လိုအပ်ချက်ကြောင့် ဆိုရင်လည်း ဒီနေရာမဟုတ်ဘဲ ဒီလို တခြား ဘယ်နေရာမှာ လုပ်လို့ရမလဲ၊ ဒါတွေကို စဉ်းစားစေချင်တယ်။ ကျနော်တို့ အစီရင်ခံစာကို အစိုးရပိုင်းတွေကိုလည်း ပေးပို့ပါမယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading