စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့၌ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေသည့်အတွက် တောင်ကျချောင်းရေများ စီးဆင်းလာသဖြင့် ယမန်နေ့က ကျဆင်းလာခဲ့သော ရေပြင်သည် ပြန်လည် မြင့်တက်လာနေကြောင်း သိရသည်။
ကလေးမြို့တွင် စက်တင်ဘာ ၃၀ ရက်နေ့က စံချိန်တင် ရေကြီးခဲ့သော်လည်း ယမန်နေ့က ပြန်လည် ကျဆင်းသွားခဲ့ပြီးမှ တောင်ပေါ်ဒေသများတွင် မိုးသည်ထန်စွာ ရွာသွန်းပြီး ယနေ့နံနက်တွင် ၄ လက်မခန့် ပြန်လည် တိုးမြင့်လာကြောင်း ကလေးမြို့ခံ ကိုသူရက ဧရာဝတီသို့ ပြောသည်။
“မနေ့က ကျနော်တို့ တိုင်းထားတဲ့ပေထက် ဒီမနက်မှာ ပြန်တိုးလာတယ်။ တချို့နေရာတွေမှာ ရေက အိမ်တွေ မြုပ်နေတဲ့အထိ ဖြစ်နေတာ။ ကလေးမြို့နဲ့ ကလေးဝ၊ တမူးဘက်အထိ လမ်းက ပြန်မပေါက်သေးဘူး။ သွားရေးလာရေးကို စက်လှေတွေနဲ့ပဲ သွားနေကြရတုန်း” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့် ပြည်သူဦးရေ ပိုမိုတိုးမြင့်လာကြောင်း၊ ရေကြီးမှုကြောင့် စာသင်ကြားမှု တချို့ကို ခတ္တ ရပ်နားထားရပြီး လပတ်စာမေးပွဲများလည်း ရွှေ့ဆိုင်းထားရကြောင်း ကလေးမြို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
တောင်ကျ ချောင်းရေများကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့က ကလေးမြို့၏ စံချိန်တင် ရေကြီးမှု အမြင့်ဆုံး အခြေအနေ ရှိခဲ့ရာ ယမန်နေ့က ရေပြန်ကျခဲ့သည့်အတွက် အနည်းငယ် သက်သာလာချိန်တွင် မိုးသည်းထန်စွာ ပြန်လည် ရွာသွန်းလာသည့်အတွက် ရေပြန်တက်လာမည့် အရေးကို စိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။
“အစိုးရပိုင်းကလည်း ကယ်ဆယ်ရေးအတွက် ထိုက်သင့်တာတွေ လုပ်နေတာကြားရပေမယ့် ကျနော့်တွေ့တာတော့ မြို့ ပေါ်က လူမှုရေးအဖွဲ့တွေကပဲ ဦးစီးပြီး ထမင်းထုတ်ဝေတာ၊ ဆန်တွေဝေနေတာ တွေ့ရတယ်။ ဒီနေ့မှာပဲ အမှတ် (၃) ကျောင်းမှာ ရေဘေးသင့်သူတွေ ထပ်ဝင်လာတာ အခုဆို လူ ၁၀၀ ကျော်သွားပြီ” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၃၀ ရက်နေ့က တောင်ကျရေများကြောင့် ကလေးမြို့ အရှေ့ဘက် မြစ်သာမြစ်ကမ်းနားမှ ကျေးရွာများတွင် ရွာလုံးကျွတ် ရေမြုပ်မှုများ ခံစားခဲ့ကြရကြောင်း၊ တောင်ကျရေကြောင့် လူ ၃ ဦးမျောပါသွားခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းသာ ပြန်လည်တွေ့ရှိရပြီး အမျိုးသား ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ ကျွဲ၊ နွား၊ တရိစ္ဆာန် တချို့ ရေနှင့်မျောပါမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးမြို့ဝန်းကျင်ရှိ ချောင်း ၃ ခုမှ တံတားတချို့ ပျက်ဆီးခဲ့ပြီး ခရီးသွားလာရေးများ အဆိုးဆုံး အခြေအနေ ဖြစ်နေသေးကြောင်း၊ မဖြစ်မနေ ခရီးသွားကြရသူများ အနေဖြင့် စက်လှေဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားလာနေရလျှက် ရှိနေကြောင်း ကလေးမြို့ခံ အမျိုးသမီးတဦးက ဆိုသည်။
လက်ရှိ ကောက်ခံရရှိသော စရင်းများအရ ကလေးမြို့ပေါ်တွင် ရေဘေးသင့် ပြည်သူ ၃၁၃၁ ဦးရှိပြီး ၎င်းတို့ကို ကလေးမြို့၊ အထက (၃)၊ အမက (၅)၊ အမက (၁၅)၊ အမက (၃) နှင့် ဇေယျသုခ ဘုန်းတော်ကြီးကျောင်း၊ စကားလှ ဘုန်းတော်ကြီးကျောင်း တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ဧရာဝတီသို့ ပြောသည်။
ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း ကလေးမြို့ ကုတင် ၂၀၀ ဆံ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး နှင့် သူနာပြုများက လှည့်လည် ကြည့်ရှုပေးလျက် ရှိကြောင်း၊ ကလေးဒေသခံ စစ်တပ်မှ ဆရာဝန်များကလည်း ကူညီပေးနေကြောင်း၊ လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် ရောဂါဘယ ဖြစ်ပွားမှုများ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ရေကြီးတုံးက အမြင့်ဆုံး ၁၂၄၄ စင်တီမီတာအထိ တက်ခဲ့တယ်။ အခုတိုင်းတာလိုက်တဲ့ အချက်အလက်အရ ၁၂၂၈ စင် တီမီတာပဲဆိုတော့ ကျတော့ ကျနေပါပြီ။ ကျနော်တို့ဘက်ကလည်း ဒေသခံတွေအတွက် ထမင်းထုတ်ဝေတာတို့၊ ဟင်းဝယ်စားနိုင်အောင်လို့ ငွေကြေးထောက်ပံ့ပေးတာတို့ လုပ်နေပါတယ်။ ရေဘေးကို စိုးရိမ်ရမယ့် အခြေအနေတော့ လျော့ကျနေပါပြီ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကလေးမြို့တွင်း ဒေသခံတချို့က ပြောဆိုနေသော ရေဘေးသင့်ပြည်သူများကို ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး၏ လစာထဲမှ ကျပ် ၅ သောင်း ဖြတ်တောက်ထားမှုအပေါ် ဒေသခံလူထုက အထင်အမြင် လွဲမှားနေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် လိုလားစွာဖြင့် ၎င်းတို့လခထဲမှ ကျပ် ၅ သောင်းကို ဦးစွာ စိုက်ထုတ်ထားရန်နှင့် ရပ်ကွက်အတွင်း အလှူခံရရှိသည့်အခါမှ စိုက်ထုတ်ငွေကို ပြန်လည် နှုတ်ယူရန် သဘောတူညီထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ရှင်းလင်း ပြောကြားသည်။