ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ဗဟိုစီးပွားရေးဇုန် စီမံကိန်းကြောင့် တောင်သူများ လယ်ယာ စိုက်ပျိုးခွင့်မရရှိဘဲ အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း သိရသည်။
ဗဟိုစီးပွားရေးဇုန် စီမံကိန်း လုပ်ဆောင်ရန် နယူးစတားလိုက် ကုမ္ပဏီမှ လယ်ဧက ၂၀၀ ကျော် သိမ်းယူခဲ့ပြီး ဖြစ်သော်လည်း စီမံကိန်း လုပ်ငန်းစတင်ခဲ့ခြင်း မရှိသေးကြောင်း၊ ယခုကျန်ရှိနေသေးသည့် လယ်ဧက ၂၀၀ ကျော်တွင်လည်း လယ်ယာ စိုက်ပျိုးခွင့် မရရှိသဖြင့် အလုပ်အကိုင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း မူဆယ်မြို့နယ်အတွင်းရှိ ဟိုဆောင် ကျေးရွာတွင် နေထိုင်သည့် လယ်ယာပိုင်ရှင် ဦးစိုင်းကျော်အေးက ဧရာဝတီသို့ ပြောသည်။
“ဒီစီးပွားရေးဇုန်က မြေကွက်တွေကို တရုတ်က သိန်းထောင်ချီပေးပြီး လာဝယ်နေတာ သိတော့ ကုမ္ပဏီပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းပြီး ထပ်လာသိမ်းဖို့ ကြိုးစားနေကြတယ်။ ကျနော်တို့ အခုလို စပါးစိုက်လို့ မရတာကိုဘယ်သူကမှ မကူညီဘူး။ ဒီစီးပွားရေးဇုန်က ငါးနှစ်စီမံကိန်းလို့သာပြောတာ ပြီးမယ်လို့ မထင်ပါဘူး” ဟု လယ်ပိုင်ရှင် တဦးဖြစ်သည် ဦးစိုင်းဆိုင်မှိုင်းက ဧရာဝတီသို့ ရှင်းပြသည်။
နယူးစတားလိုက် ကုမ္ပဏီက လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့ပြီး တဧကကို ကျပ်သိန်း ၂၄၀ သာ ပေးခဲ့ကြောင်း၊ ထို့နောက် စီမံကိန်းကို စတင် ဆောင်ရွက်နေခဲ့ပြီး ယခုကျန်ရှိနေသည့် လယ်ဧက ၂၀၀ ကျော်ကိုလည်း နောက်ထပ် သိမ်းယူရန် ပြင်ဆင် နေသည့်အတွက် ဒေသခံများနှင့် ကုမ္ပဏီများ အငြင်းပွားမှု ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင် ဟိုတယ်ဇုန်များ၊ ကျောက်စိမ်း ရောင်းဝယ်ရေး ဇုန်များ၊ စူပါမားကတ်များ၊ အပန်းဖြေစရာ နေရာများနှင့် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နိုင်ရန်အတွက် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“စီးပွားရေးဇုန်တခု ဆောက်ရင် အစိုးရက လယ်တွေသိမ်းတယ်၊ လယ်သမားဘဝကို မကြည့်ဘူး။ ဈေးပေါပေါနဲ့ သိမ်းဖို့ပဲရှိတယ်။ အခုဆိုရင် စီးပွားရေးဇုန်အဖြစ် လျာထားခံရတဲ့ လယ်တွေ အားလုံး ဘာမှစိုက်လို့မရ၊ လုပ်လို့မရလို့ ဒီအတိုင်း ထားရတယ်” ဟု လယ်ယာပိုင်ဆိုင်သူ ဦးစိုင်းအိုက် ဆိုသည်။
နယူးစတားလိုက် ကုမ္ပဏီမှ သိမ်းဆည်းသည့် အထဲတွင် ပါဝင်ခြင်းမရှိသည့် လယ်ယာမြေများကို နောက်ထပ် တခြား ကုမ္ပဏီများက လာရောက်မသိမ်းယူရန် အတွက် သမ္မတထံနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပါတီဝင်များထံ တိုင်ကြားထားကြောင်း ဦးစိုင်းအိုက်က ပြောသည်။
လယ်ယာမြေ များစွာကို သိမ်းလိုက်သည့်အတွက် လက်ရှိ တောင်သူများ လယ်ယာ မစိုက်ပျိုးရသည့်အပြင် အလုပ်လက်မဲ့ ဖြစ်နေ ကြပြီး စီမံကိန်း လုပ်ကွက်တွင် လာရောက်လုပ်ကိုင်ရန် ကုမ္ပဏီက ခေါ်သော်လည်း ဒေသခံများ ကျွမ်းကျင်သည့် အလုပ် မဟုတ်သောကြောင့် အဆင်မပြေမှုများ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
စီမံကိန်း တခု တည်ဆောက်မည်ဆိုလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် ဒေသခံများအတွက် မည်သည်အခါမှျှ စဉ်းစား ပေးလေ့ မရှိကြောင်း၊ စီမံကိန်းပြီး၍ အလုပ်အကိုင် အခွင့်အလမ်း မရှိပါက လယ်သမား မိသားစုများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကာ စီမံကိန်းဇုန် နေရာသည် တရုတ်လူမျိုးများအတွက် ဖြစ်သွားနိုင်ကြောင်း မူဆယ်မြို့ခံများက ပြောကြသည်။
“ကုမ္ပဏီက သိမ်းထားတဲ့ လယ်တွေကတော့ လုပ်ငန်းလည်း မဖော်ဆောင်သေးပါဘူး။ ကျနော်တို့ လယ်ကတော့ သိမ်းတဲ့အထဲ မပါပေမယ့် စီမံကိန်း လျာတဲ့အထဲ ပါနေတော့ ဘာမှလုပ်လို့မရဘူး။ လယ်စိုက်ရာသီမှာလည်း စိုက်ပျိုးလို့ မရတဲ့အတွက် စားဝတ်နေရေး အခက်ကြုံတာပေါ့။ အခုဆိုရင် ကျပန်းအလုပ်တွေ လုပ်နေရတယ်” ဟု ဦးစိုင်းကျော်အေးက ဆိုသည်။
ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ခွင့်ကို နယူးစတားလိုက် ကုမ္ပဏီမှ ရရှိခဲ့ပြီး ထိုစီမံကိန်း လုပ်ငန်းများမှ လမ်းတည်ဆောက်ရေး အပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီထံ ၂၀၁၂ ခုနှစ်ကုန်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း၊ စီမံကိန်းအဖြစ် ငွေဆင် အိမ်ယာမှစပြီး လေယာဉ်ကွင်း အထိ မြစ်ကမ်းနား တလျှောက်ကို ပြုလုပ်ဆောင်ရွက် နေကြောင်း၊ စီမံကိန်း အကျယ်အဝန်းမှာ ဧက ၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။