ရခိုင်ပြည်နယ်တွင် မတူညီသော လူအုပ်စုများကြား ပြင်းထန်သော ပဋိပက္ခများ၊ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွား နေခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း International Crisis Group (ICG) က ထုတ်ပြန် သတိပေးလိုက်သည်။
ဘရပ်ဆဲလ် အခြေစိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေသည့်(ICG) ကThe Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အမည်ဖြင့် စာမျက်နှာ ၃၆ မျက်နှာရှိ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘော ထားများ ပြောင်းလဲမပစ်နိုင်ခြင်းများသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။
“သံဃာတော်များ ဦးဆောင်သော ၉၆၉ လှုပ်ရှားမှုကလည်း သြဇာလွှမ်းမိုးမှု တိုးပွားလာနေသည်။ ၉၆၉ လှုပ်ရှားမှုမှ ဟောပြော မှုများသည် သည်းခံခြင်း မပြုကြရန်နှင့် မွတ်စလင် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ရန် တိုက်တွန်းခြင်းများ ပါဝင် သည်”ဟုလည်း ICG အစီရင်ခံစာတွင် ဖော်ပြထားသည်။
လတ်တလော ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅ ဦး ရှိကြောင်း သိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ယခုရက်ပိုင်း အတွင်း ဖြစ်ပွားသည့် သံတွဲ အကြမ်းဖက်မှုကို စိုးရိမ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ထိခိုက် နိုင်ကြောင်း ဗီအိုအေ သတင်းဌာနကို ပြောဆိုထားသည်။
ယင်း သံတွဲ အကြမ်းဖက် ပဋိပက္ခကို ရန်ကုန်ရှိ အမေရိကန် သံရုံးကလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ထားသည်။
လွန်ခဲ့သည့် နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်များကြား ရန်ပွဲများကြောင့် လူပေါင်း ၂၀၀ ခန့် သေဆုံးပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ မွတ်စလင် ဆန့်ကျင်ရေးတို့သည် မြန်မာနိုင်ငံတွင် ကိုလိုနီ ခေတ် ကတည်းက အမြစ်တွယ်ခဲ့ကြောင်း၊ သို့အတွက် မတူညီသည့် အသိုင်းအဝိုင်းကို ခွဲခြားထားရန် လိုအပ်နေသေးကြောင်း လည်း ICG အစီရင်ခံစာ၌ ပါရှိသည်။
ယခုနှစ်အစောပိုင်းက မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ဗုဒ္ဓဘာသာ သံဃာတော်တပါးအား သတ်ဖြတ်မှုကြောင့် အခြေအနေ တင်းမာခဲ့ပြီး မွတ်စလင် အိုးအိမ်နှင့်ပစ္စည်းများကို ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း၊ လူပေါင်း အနည်းဆုံး ၄၄ ဦး သေဆုံးခဲ့ရာ ထိုစာရင်းတွင် အစ္စလမ် ကျောင်းတခုမှ ကျောင်းသား ၂၀ နှင့် ဆရာတချို့ ပါဝင်ကြောင်းလည်း ICG က ထည့်သွင်း ဖော်ပြထားသည်။
အဆိုပါ အခင်းဖြစ်ပွားမှုတွင် ရဲတပ်ဖွဲ့အပေါ် ပြည်တွင်း၊ ပြည်ပက ပြင်းထန်သည့် ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် နည်း ပါးပြီး ထိန်းသိမ်းရန် ထိရောက်မှု မရှိခဲ့ကြောင်းလည်း ထောက်ပြထားသည်။
ထိုကဲ့သို့ အကြမ်းဖက်မှုများ၏ အကျိုးဆက်အနေဖြင့် တချို့ မွတ်စလင်များလည်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြကြောင်း၊ လူမျိုးရေး တင်းမာမှုများသည် မြန်မာနိုင်ငံ နယ်နိမိတ် အပြင်သို့တိုင် ရောက်သွားခဲ့ရာ မြန်မာဗုဒ္ဓ ဘာသာဝင်တချို့လည်း မလေးရှားနိုင်ငံတွင် သတ်ဖြတ်ခံခဲ့ရပြီး အခြားတိုင်းပြည်များတွင်ပါ ထိုကိစ္စနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများ ဖြစ်လာခဲ့ကြောင်းလည်း ICG က ထောက်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်၏ ခြိမ်းခြောက်မှုများ ရှိလာကာ မြန်မာ သို့မဟုတ် ဒေသတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ပစ်မှတ် များကို တိုက်ခိုက်ရန် အကွက်ချ စီစဉ်မှုများလည်း ရှိလာကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရန် ပြင်ဆင်နေချိန် အဆိုပါကိစ္စသည် အလေးအနက်ထားရမည့် နိုင်ငံရေးကိစ္စ ဖြစ်ကြောင်း ICG က ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကလည်း အကြမ်းဖက်မှုများကို လုံး၀ သည်းခံမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုမှုများ လုပ်လာပြီး ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုသည် အတိုင်းအတာတခုအထိ တိုးတက်မြန်ဆန်လာခဲ့ကြောင်း၊ အကြမ်းဖက်မှုများတွင် ပါဝင်သူများကို အရေးယူထောင်ချမှုများ ရှိလာကြောင်း ပြောဆိုထားသည်ဟု ပါရှိသည်။
သို့သော် ဗုဒ္ဓဘာသာဝင်များကို အရေးယူအပြစ်ပေးရာတွင် ပြစ်ဒဏ်ကြီးလေးမှု မရှိခြင်းအတွက် စိုးရိမ်မှုများ ပေါ်ထွက် လာနေသည်ဟုလည်း ICG က ဆိုသည်။
ရဲတပ်ဖွဲ့များအတွက် အဓိကရုဏ်း ထိန်းသိမ်းရေး လေ့ကျင့်ပေးမှုများနှင့် အသုံးပြု ကိရိယာများ နိုင်ငံတကာ အဆင့်မီ ဖြည့် ဆည်း ပေးမှုများ သာမက ရဲတပ်ဖွဲ့၏ ဝန်ဆောင်မှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း လည်း ICG အစီရင်ခံစာက ထောက်ပြထားသည်။
“မီဒီယာများအတွင်းနှင့် အွန်လိုင်းတွင် အစွန်းရောက်များ၏ ဝါဒဖြန့်မှုများကိုလည်း တိုက်ဖျက်ကြရမည် ဖြစ်ပါသည်”ဟု ICG အစီရင်ခံစာက ဆိုသည်။
သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတွင် စိတ်ရှည်သည်းခံမှု အားနည်းခြင်းနှင့် အကျိုးအကြောင်း မဲ့ ယုံကြည်မှုများ ဖော်ထုတ်နေသည့် အခြေအနေဆိုးများကို ကာကွယ်ရန် ယခုအထိ မစွမ်းဆောင်နိုင်သေး ကြောင်း လည်း အစီရင်ခံစာက ဖော်ပြထားသည်။