Politics

တပ်နှင့် ကြံ့ခိုင်ရေး အငြင်းပွားသည့် အမတ်တာဝန် ရုပ်သိမ်းမှု ဥပဒေကြမ်း ပြန်ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တပ်မတော်သား ကိုယ်စားလှယ်များ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) လွှတ်တော် အမတ် တချို့ အကြား အငြင်းပွားခဲ့ပြီး ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တာဝန် မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေး ရန် ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်း ခြင်း ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တင်ပြမှု အပေါ် ဆွေးနွေးခဲ့ရာ စစ်တပ် ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်များအကြား တဦးကို တဦး ဝေဖန်ပုတ်ခတ်သည်အထိ အချေတင် ဆွေးနွေး မှုများ ရှိခဲ့ပြီး ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးသည် အထိ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ရာတွင် ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည့် ယင်းဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူလူထုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ တိုင်ထားတဲ့ အမှု တွေရှိနေတဲ့အတွက်ကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေ မထွက် လာရင် ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုမှ ဆက်လုပ် လို့မရပါဘူးလို့ ပြောတဲ့အချက်ကို သဘောတူလိုက်တာပေါ့။ ရွေးကောက်ပွဲ ကော်မရှင် ပြောတာ မှန် တဲ့အတွက် လွှတ်တော် ဥပဒေကြမ်း ကော်မတီ အနေနဲ့ သဘောတူတယ်ပေါ့။ လွှတ်တော်ကို သဘောထား တောင်း တော့ ကန့်ကွက်မယ့်သူ မရှိတဲ့ အတွက် မူလ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားတဲ့ ဥပဒေကြမ်းကိုပြန်လည် ဆွေးနွေးဖို့ ဆုံးဖြတ် လိုက်တယ်´´ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်းတွင် မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းက တိုင်ကြား လာလျှင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်ကို စစ်ဆေးမှုများ ပြုလုပ်နိုင် သည်ဆိုသော အချက်ပါဝင်ပြီး ယင်းအချက်ကို ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်အများစုက သဘောမတူကြကြောင်း သိရှိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာအနက်မှ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း အတည်ပြုပေးရေးကိုသာ ဦးတည်လုပ်ဆောင်နေမှုအပေါ် နားမလည်ကြောင်း ပြောသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်စရာတွေ အများကြီး ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေတဲ့ နေရာတွေ အများကြီးရှိတယ်။ လစ်လပ်တဲ့နေရာမှာ ရွေးကောက်ပွဲလုပ်ပေးဖို့ တင်ပြတော့ ဟိုလိုလို၊ ဒီလိုလို လုပ်နေ တယ်။ မရေမရာ ဖြေထားတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ခဏဆိုင်းငံ့ ထားသင့်တယ် လို့ပြောခဲ့ပြီးပြီ။ ဒီဥပဒေကို ရေးဆွဲလိုက်ရင်လည်း နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးတဲ့အခါ ပြန်ပြင်ရမှာပဲ။ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲရတာ အင်မတန်လွယ်တယ်။ ဥပဒေမှာ ပါတဲ့အတိုင်း လက်ခံတယ်။ ဟိုတုန်းက တပါတီစနစ် မို့လို့ လွယ်အောင် လုပ်ခဲ့တာ။ အခုက ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ ဆန္ဒမဲ ၁ ရာခိုင်နှုန်းနဲ့ တရားစွဲတာက ရှုပ်ထွေးကုန်မယ်´´ဟု ဦးဘရှိန်က ရှင်းပြသည်။

သြဂုတ်လ ၂၆ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် စစ်တပ် ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးဉာဏ်နိုင်၊ ဗိုလ်မှူးကြီး မြင့်ကိုကို၊ ဗိုလ်မှူးကြီး တင့်ဆန်း တို့ ၃ ဦးက လွှတ်တော်အမတ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို အတည်ပြု ဆွေးနွေးရန် တောင်းဆိုခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ဦးမောင်တိုး၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဦးဘရှိန်က ဥပဒေကြမ်းကို ဆိုင်းငံ့ရန် တင်ပြခဲ့ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြီးချိန်အထိ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။

အငြင်းပွားနေသည့် လွှတ်တော်အမတ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကြမ်းသည် သမ္မတဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အကြား အရှိန်အဟုန်ပြင်းထန်သော နိုင်ငံရေးအာဏာ ပြိုင်ဆိုင်မှုတရပ်အဖြစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading