Human Rights

ကြေးနီစီမံကိန်းမြေမှ မဖယ်ပေးသေးသူများနှင့် ပြေလည်အောင် ညှိနှိုင်းမည်ဟု ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်နေသော ကျေးရွာများမှ ဖယ်ရှားပေးခြင်း မပြုသေးသည့် ရွာသားများနှင့် ပြေလည်မှု ရအောင် ကြိုးပမ်းသွားမည် ဟု ဝမ်ပေါင်ကုမ္ပဏီမှ PR မန်နေဂျာ Liu Xiaopuan က ပြောသည်။

“သူတို့နဲ့ အဆင်မပြေမချင်း ဆက်ညှိသွားမယ်။ မရ ရတဲ့အထိ ညှိမယ်။ အချိန်ဘယ်လောက်ပဲ ကြာကြာ ပြေလည်မှု ရအောင် လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ရွာများအတွက် မြေယာလျော်ကြေးများကို စက်တင်ဘာလ ၃၀ ရက်နေ့ ၁၂ နာရီ နောက်ဆုံးထား၍ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မြေယာလျော်ကြေး မထုတ်ယူရသေးသည့် မြေများ အတွက် လျော်ကြေး ပေးခြင်းကို ဦးပိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီမှ အုပ်ချုပ်ရေး မန်နေဂျာ Dong Yunfei က ပြောသည်။

“စက်တင်ဘာ လကုန် အထိတော့ ရွာသားတွေက မြေယာလျော်ကြေး လိုချင်တယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ထုတ်လို့ ရအောင် လုပ်ပေးတယ်။ အောက်တိုဘာလက စပြီးတော့ သတ်မှတ်ကာလ ကျော်သွားပြီ။ အရင်ကလို မြေယာ လျော်ကြေး လိုချင်တယ် ဆိုရင်တော့ ဦးပိုင်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လို ဆုံးဖြတ်မလဲ မသိဘူး။ ကျနော်တို့ အနေနဲ့ကတော့ လျော်ကြေး ပေးစရာတွေ အားလုံးကို စောစောက အဖွဲ့အစည်းတွေကို ပေးထား ပြီးသားပဲ” ဟု ၎င်းက ဆက်ပြောသည်။

အကယ်၍ သတ်မှတ်ကာလအတွင်း မြေယာလျော်ကြေး လာရောက်ထုတ်ယူခြင်း မရှိပါက ယင်းငွေများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေဧရိယာတွင် ပါဝင်သည့် ရွာများအတွက် မြေယာလျော်ကြေး ပေးရာတွင် ၁ ဧကလျှင် ငွေကျပ် ၁၀ သိန်းနှင့် သီးနှံလျော်ကြေး အဖြစ် ၁ ဧကလျှင် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း ၁၅ သိန်း ပေးကြောင်း၊ မြေယာ လျော်ကြေးများကို ၂၀၁၂ ခုနှစ်ကတည်းက ပေးအပ်ခဲ့သော်လည်း လျော်ကြေး မယူသည့် လူဦးရေမှာ ၆၀ ရာခိုင်နှုန်းခန့် ရှိသေးကြောင်း သိရသည်။

“ရွာသားတွေကို ကျနော်တို့က ဖျောင်းဖျ ပေးရတာပေါ့။ မြေယာလျော်ကြေး ယူလိုက်ရင် ကိုယ့်အတွက် နစ်နာစရာ ဆုတ်ယုတ်စရာ ဘာမှ မရှိဘူးဆိုတာကိုလည်း သူတို့နားလည်အောင် ရှင်းပြရတယ်။ ဒါပေမယ့်လည်း နားလည် သဘောပေါက် သွားလို့ လက်ခံကြတဲ့ သူတွေ ရှိသလို၊ အခုထိ လက်မခံဘဲ ခေါင်းမာနေတဲ့ သူတွေလည်း ရှိနေသေးတာပဲ” ဟု ဆည်တဲရွာရှိ လူထု ဆက်ဆံရေး တာဝန်ခံ သတ္တုတွင်း ဝန်ကြီးဌာန စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းထိုက်က ဆိုသည်။

မြေယာ လျော်ကြေး လက်ခံရယူသူ အများစုက ယခုအချိန်တွင် မယူခဲ့ပါက နောင်တချိန်တွင် ယခုကဲ့သို့ ရနိုင်မည်၊ မရနိုင်မည် မသေချာသည့် အပြင် ယခုရရှိသည့် ပမာဏထက် ပိုနည်းသွားမည်ကို စိုးရိမ်သည်ဟုလည်း ၎င်းက ပြောသည်။

“ကျနော်တို့ကတော့ မယူဘူး။ သူတို့ပေးတဲ့ ပမာဏက လက်ရှိ ကာလပေါက်ဈေးထက် နည်းတယ်လို့ ထင်လို့ပါ။ ဘယ်လောက် တန်တယ်လို့တော့ ကျနော် နားမလည်ဘူး။ ကာလပေါက်ဈေး ကိုလည်း အတိအကျ မသိဘူး။ ဒါပေမယ့် ကာလ ပေါက်ဈေးထက် နည်းတယ်လို့တော့ သိတယ်” ဟု ဆည်တဲရွာသား ကိုဖုန်းမော်က ဆိုသည်။

ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် အတိုင်း လျော်ကြေးပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်းမှ ဖယ်ရှားပေးသူများကို အိမ်များ၊ ကျောင်းများ၊ ဘုန်းကြီးကျောင်း များ ဆောက်လုပ်ပေးခြင်း အပြင် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး ပေးခဲ့ကြောင်း၊ လက်ပံတောင်း တောင်ခြေ အနီးရှိ လယ်တီဆရာတော် သတင်းသုံးခဲ့သည့် သိမ်ကျောင်းဆောင်နှင့် ပတ်သက်၍ ကျောင်းထိုင် ဆရာတော်နှင့် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီမှ အုပ်ချုပ်ရေး မန်နေဂျာ Dong Yunfei ၏ အဆိုအရ သိရသည်။

“ဒီနေ့အထိတော့ ဆွေးနွေးနေဆဲ ပါပဲ။ တကယ်လို့ ဒီသိမ်ကျောင်းကို ပြောင်းရွှေ့ဖို့ အဆင်ပြေပြီ ဆိုရင်လည်း ဒီနှစ်ကုန်ပိုင်း လောက်မှာ ရွှေ့ဖို့ စီစဉ်ထားတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ညွှန်ကြားထားတဲ့ အတိုင်း ပုံစံမပျက် ရွှေ့ဖို့တို့၊ ဘယ်လိုတွေ ပြောင်းရွှေ့ဖို့ ဆိုတာတွေက ဆွေးနွေးဆဲမို့ ပြောလို့ မရသေးဘူး” ဟု Dong Yunfei က ရှင်းပြသည်။

သို့ရာတွင် စက်တင်ဘာလ ၂၉ ရက်နေ့က လူအင်အား ၅၀ ကျော်နှင့် သံဃာများက လယ်တီဆရာတော် ဘုရားကြီး၏ သိမ်နှင့် စေတီတော် မဖျက်ရေးအတွက် မန္တလေးမှ လက်ပံတောင်းသို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြရာ ၂၉ ရက်နေ့ ည ၈ နာရီခွဲတွင် စစ်ကိုင်းမြို့ စိန်ရတနာ ဓမ္မာရုံသို့ အရောက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စတင် ဆွေးနွေးခဲ့ကြပြီး လွှတ်တော်မှ ဆုံးဖျက်ချက် မကျမချင်း သိမ်နှင့် စေတီတော်ကို မဖျက်ရေးအတွက် ပြေလည်မှု ရရှိခဲ့သည်။

လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်ကျောင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှ မပြောလိုကြောင်း၊ ထို သိမ်ကျောင်း ကိစ္စသည် သာသနာရေး ဝန်ကြီးဌာနှင့်သာ သက်ဆိုင်ကြောင်း လူထုဆက်ဆံရေး တာဝန်ခံ ဦးသန်းထိုက်က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ကျေးရွာပေါင်း ၂၆ ရွာမှ မြေများကို သိမ်းယူထားခြင်း ဖြစ်ပြီး မြေယာလျော်ကြေး ပေးအပ်ရန် မြေဧက ၆၄၉၀ ဒသမ ၈၈ ဧက ရှိကြောင်း၊ မြေယာလျော်ကြေး ပေးထားသည့် မြေဧကပေါင်း ၃၂၆၉ ဒသမ ၁၇ ဧက ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် ဝမ်ပေါင်ကုမ္ပဏီနှင့် သတ္တုတူးဖော်ရေး အချိုးကျ ခွဲယူခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပွဲတွင် စီမံကိန်းကို စက်တင်ဘာလ၌ ပြန်လည်စတင် လုပ်ကိုင်မည်ဟု ပြောဆိုခဲ့သော်လည်း အောက်တိုဘာ လကုန်မှသာ လုပ်ငန်းပြန်လည် စတင်နိုင်မည်ဟု သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် လက်ပံတောင်းကြေးနီ သတ္တုတွင်းစီမံကိန်းကို ဒေသခံများက ကန့်ကွက်ခဲ့ သဖြင့် ၂၀၁၂ ခုနှစ်က ရပ်နားခဲ့သည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်များမှ ၅၁ ရာခိုင်နှုန်းကို မြန်မာအစိုးရ ရရှိမည်ဖြစ်ကာ ၄၉ ရာခိုင်နှုန်းကို ဝမ်ပေါင်နှင့် ဦးပိုင်တို့မှ ရရှိမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading