မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီး ၃၀ ကို အထူးသင်တန်းတခုပေးရန် အသေးစိတ် အစီအစဉ်များ ပြုလုပ်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဗြိတိန် လေ့ကျင့်ရေး တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။
အဆိုပါ လေ့ကျင့်ရေး အစီအစဉ်တွင် ဥပဒေစိုးမိုးမူ ဘောင်အတွင်းမှ မည်သို့ လုပ်ငန်းဆောင်ရွက်ရမည် ဆိုသည့် သင်ခန်းစာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း လန်ဒန်မြို့သို့ ရောက်ရှိခဲ့စဉ်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်က မြန်မာစစ်တပ်နှင့် စတင် ဆက်သွယ်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံ အစိုးရသို့ အာဏာ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဆက်လက်၍ သြဇာလွှမ်းမိုးမှု ရှိနေသေးသည့် မြန်မာစစ်တပ် အနေဖြင့် မိမိ၏ မူရင်း တာဝန်ကို ထိန်းသိမ်းနိုင်ရန်နှင့် လူ့အခွင့်အရေးကို အလေးထားတတ်လာအောင် ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခြင်းဟုလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ထိုစဉ်က ပြောကြားခဲ့သည်။
မြန်မာ စစ်တပ်မှ အရာရှိကြီး ၃၀ သည် လာမည့် ဇန်နဝါရီလတွင် သင်တန်း စတင် တက်ရောက်ရမည်ဖြစ်သည်။ ကရန်ဖီးလ်ဒ် တက္ကသိုလ် (Cranfield University) နှင့် ယူနိုက်တက် ကင်းဒမ်း စစ်တက္ကသိုလ် (Defence Academy of the United Kingdom) တို့ ပူးပေါင်းစီစဉ်သည့် သင်တန်းကို မြန်မာနိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရသည်။
ကရန်ဖီးလ်ဒ် တက္ကသိုလ်၊ နိုင်ငံတကာ လုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဌာန အကြီးအကဲ Laura Cleary က သင်တန်း တာဝန်ခံ အဖြစ်ဆောင်ရွက်သွားမည် ဖြစ်သည်။
“မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေကို ပညာပေး အစီအစဉ်တွေ ပြုလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။ ဘယ်လိုသင်တန်းမျိုး ပေးမယ်ဆိုတာကိုတော့ ဗြိတိန် အစိုးရက ဆုံးဖြတ်ပေးခဲ့တာပါ” ဟု Cleary က ဧရာဝတီသို့ ပြောသည်။
“ကျယ်ပြန့်သော လုံခြုံရေးနှင့် စပ်လျဉ်းသော ကာကွယ်ရေး စီမံခန့်ခွဲမှု” အမည်ရှိသည့် သင်တန်း အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။ နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ စစ်ဖက်ဝန်ထမ်း ၄၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဖြစ်သည့် ထိုသင်တန်းကို တနှစ်လျှင် တကြိမ် ဗြိတိန်တွင်ပြုလုပ်ပြီး နိုင်ငံရပ်ခြားတွင် ၁၂ ကြိမ် ပြုလုပ်ခဲ့သည်။
“ပဋိပက္ခလွန် ဒါမှမဟုတ် အာဏာရှင် စနစ်လွန် တိုင်းပြည်တွေက သင်တန်းသားတွေအတွက် ရည်ရွယ်ထားပါတယ်။ ကျမ တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ့နေတဲ့ နိုင်ငံတွေနဲ့ အတူ အလုပ်လုပ်နေပါတယ်” ဟု Cleary က ရှင်းပြသည်။
မြန်မာ တပ်မတော်အရာရှိများ နှင့် အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ပေးထားသည့် သင်တန်းကာလသည် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်ပြီး မြန်မာဘာသာ စကားပြန်များ မှတဆင့် သင်ကြားပေးသွားမည်ဟု သိရသည်။
သင်ရိုးကို စစ်ဖက်မှ မူဝါဒချမှတ်သူများ အဆင့်အတွက် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်၍ ဒုတိယ ဗိုလ်မှူးကြီး မှ ဗိုလ်မှူးချုပ် အဆင့် သို့မဟုတ် ၎င်းတို့နှင့် ညီမျှသော အဆင့်ရှိသည့် အရာရှိများသာ တက်ရောက် သင်ကြားခွင့်ရမည် ဖြစ်သည်။ သင်တန်းဆရာများအဖြစ် ဗြိတိန် စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိများနှင့် အရပ်ဖက်ပညာရှင်များ စုစုပေါင်း ၄ ဦးက သင်ကြားပေးသွားမည်ဟု သိရသည်။
သင်ခန်းစာ အသေးစိတ်ကို အချောသပ်ရန်သာ ကျန်တော့သည် ဟုလည်း Laura Cleary က ဆိုသည်။ “သင့်လျော်တဲ့ ခေါင်းစဉ်တွေ သတ်မှတ်ပေးနိုင်ဖို့အတွက် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေနဲ့ ကျမတို့ အခု ဆွေးနွေးနေပါတယ်” ဟုလည်း သူက ပြောသည်။
ဗြိတိန်ကဲ့သို့ပင် အမေရိကန် ပြည်ထောင်စုနှင့် သြစတေးလျ တို့ကလည်း မြန်မာစစ်တပ်ကို အကူအညီပေးချင်ကြောင်း ပြောကြသည်။ သို့သော်လည်း အနောက်အုပ်စု၏ ပြန်လည်ဆက်သွယ်ရေး လုပ်ဆောင်မှုသည် အလျင်စလို နိုင်လွန်းပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သော မြန်မာစစ်တပ်ကို အသိအမှတ်ပြုပေး သလို ဖြစ်သွားလိမ့်မည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
ဗြိတိန်မှ စီစဉ်သည့် ယခုသင်တန်းတွင် တိုက်ခိုက်ရေးနှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်ခြင်းမရှိကြောင်း Cleary က ပြောသည်။
“အခုလို ဆက်သွယ်ဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းကြားမှာ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍကို ပုံမှန် ဖြစ်စေပြီးတော့ လူ့အခွင့်အရေး လေးစားလိုက်နာမှုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ကွပ်ကဲနိုင်မှု တိုးတက်လာအောင် အားပေးဖို့ ဖြစ်ပါတယ်” ဟုလည်း သူကဆိုသည်။
“ဒါက နည်းပရိယာယ် မဟုတ်ပါဘူး။ မဟာဗျူဟာပါ။ နိုင်ငံရေးပါ။ ကျမတို့က လူတွေကို သေနတ်ဘယ်လို ပစ်ရမယ်။ တင့်ကား ဘယ်လိုမောင်းရမယ်ဆိုတာ သင်ပေးမှာ မဟုတ်ပါဘူး။ ဘယ်အခြေအနေဟာ စစ်တပ်နဲ့ သင့်လျော်တယ်။ ဘယ်လို အခြေအနေဟာ စစ်တပ်နဲ့ မသင့်လျော်ဘူးဆိုတာ နားလည်လာအောင် ကူညီပေးဖို့ ရည်ရွယ်ပါတယ်။ ကျမတို့ လုပ်ဆောင်မှုတွေကို တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကျမတို့က အုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍတွေကို ကြည့်ပါတယ်။ ဒါကြောင့် ကျမတို့က တာဝန်သိတတ်မှုကို ကြည့်ပါတယ်” ဟု Cleary က ပြောသည်။
ထို့အပြင် သူက သင်တန်း၏ ရည်ရွယ်ချက်သည် မြန်မာစစ်တပ်ကို သူတို့ ဘာလုပ်ရမည်ကို မပြောဘဲနှင့် သူတို့ တိုးတက်လာအောင် မည်သို့လုပ်နိုင်သည်ကို ပြသရန်ဖြစ်သည်ဟု ဆိုသည်။
“ပညာရှင် တယောက်အနေနဲ့ ကျမ ပါဝင်ရမယ့် နေရာက သူတို့ ဘာတွေလုပ်နေတယ် ဆိုတာ နားလည်ဖို့၊ ဘယ်နေရာမှာ အမှားတွေ လုပ်မိနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ဖို့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ဖို့ အားပေးဖို့ပါ။ ရှင်တို့ အနေနဲ့ ဒီလို လုပ်သင့်တယ်လို့ ရိုးရိုးရှင်းရှင်း ပြောပြလိုက်ရုံနဲ့ ကျမတို့ မအောင်မြင်နိုင်ပါဘူး။ ဒီမှာ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိတယ်။ လုံခြုံရေး ဆောင်ရွက်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ ဆွေးနွေးလမ်းပြ ပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း Cleary က ပြောသည်။
ဗြိတိန် နိုင်ငံခြားရေးဌာနက သင်တန်းကို အနီးကပ် စောင့်ကြည့်လေ့လာသွားမည် ဟုလည်း သိရသည်။ ပြင်ဆင်မှုများကို အဆင်ပြေပြေ ပြုလုပ်နိုင်သည့်အတွက် ဗြိတိန် အစိုးရကလည်း မြန်မာစစ်တပ် အတွက် ဆက်တိုက် ဖွင့်လှစ်ပေးဦးမည့် ပညာပေးသင်တန်းများ၏ အစအဖြစ် ရှုမြင်နေသည်။
“၂ ပတ်ကြာ သင်တန်းလေး တခုတည်းနဲ့တော့ အားလုံးကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာ တခုယူ ပြီးတော့ မတူညီတဲ့ သင်တန်းသားတွေနဲ့ ဆက်ဆံသင်ကြားပေးမှုတွေ ဆက်တိုက် ပြုလုပ်ပေးမယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။
စစ်တပ်ကို လေ့ကျင့် သင်တန်းပေးခြင်းသည် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်ရန် စီစဉ်ထားသည့် အကူအညီများထဲမှ သေးငယ်သည့် တစိတ်တပိုင်းသာ ဖြစ်သည်။
“ဗြိတိန် အစိုးရမှာ နိုင်ငံအမျိုးမျိုးနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အတွက် အပြောင်းအလဲ သုံးနိုင်တဲ့ လက်နက်ကိရိယာတွေ အများကြီး ရှိပါတယ်။ ကိရိယာတခုတည်းနဲ့ တိုင်းပြည်တိုင်းရဲ့ တံခါးတွေကို မဖွင့်နိုင်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း ကျယ်ပြန့်တဲ့ မဟာဗျူဟာတွေ ရှိနေပြီးတော့ ကျမတို့က ဒီနည်းဗျူဟာကို အကောင်အထည်ဖော်နေတဲ့ အစိတ်ပိုင်းတခု ဖြစ်ပါတယ်။” ဟု Cleary က ဆိုသည်။
ယခု အောက်တိုဘာလမှစ၍ ရန်ကုန်မြို့ ဗြိတိန်သံရုံးမှ စစ်သံမှူးသည် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေးအတွက် လုပ်ဆောင်တော့မည် ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ၎င်း၏ နိုင်ငံမှ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး အတွက်လည်း စိတ်အားထက်သန်နေသည်။
မြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေးရန် ဗြိတိန် အစိုးရကို တိုက်တွန်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင် ဝေဖန်ခဲ့သည့် Burma Campaign UK မှ ညွှန်ကြားရေးမှူး Mark Farmaner က စစ်အုပ်ချုပ်ရေးကာလတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အမြောက်အများအတွက် တာဝန်ရှိပြီး လက်ရှိတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သော မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းသည် အသုံးဝင်မည် မဟုတ်ဟု ပြောသည်။
“မြန်မာ စစ်တပ်ကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ နည်းလမ်းကတော့ စစ်သားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ထောင်ထဲကို ထည့်ပစ်လိုက်ဖို့ပဲ။ ပြီးတော့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ အရာရှိတွေကိုလည်း ထောင်ထဲ ပို့ရမယ်” ဟု သူက ဆိုသည်။