Health

ခွေးလေခွေးလွင့်များ စောင့်ရှောက်ရေး ဂေဟာ ဖွင့်မည်

This article has been converted from Zawgyi One to Unicode

လမ်းဘေးရောက် ခွေးလေခွေးလွင့်များ နှင့် စွန့်ပစ်ခွေးများကို ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည့် ပုဂ္ဂလိက ခွေးစောင့်ရှောက်ရေး ဂေဟာတခု ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊ ရွှေပျောက်ကျေးရွာတွင် ယာယီခြံဖြင့် စောင့်ရှောက်ထားသည့် ခွေးကောင်ရေ ၁၀၀ ဝန်းကျင် အပါအဝင် နောက်ထပ် ရောက်ရှိလာနိုင်သည့် လမ်းဘေးလေလွင့်ခွေးများကိုပါ ဆက်လက် စောင့်ရှောက် သွားနိုင်ရေးအတွက် ခွေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ခွေးချစ်သူတတ်သူ တဦးဖြစ်သည့် မမြတ်သက်မွန်က ပြောသည်။

မမြတ်သက်မွန်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မန္တလေးတိုင်း၊ ပလိပ်မြို့မှ ဦးထွန်းလင်းဆိုသူ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ခွေးကောင်းရေ ၁၃၉  ကောင်ကို ကယ်တင်ပြီး ရန်ကုန်မြို့သို့ သယ်ယူ စောင့်ရှောက်ထားခဲ့ပြီးနောက် တခြား လမ်းဘေး ခွေးလေခွေးလွင့်များ အပါအဝင် မည်သည့်ခွေးကိုမဆို စောင့်ရှောက်ပေးရန် ကြိုးစားနေသည့် ခွေးချစ်တတ်သူ တဦးဖြစ်သည်။

“ယာယီခြံကလည်း အမြဲ အဆင်မပြေနိုင်တော့ ခွေးစောင့်ရှောက်ရေး စခန်းတခုဖွင့်ပြီး တနိုင်ငံလုံးမှာရှိတဲ့ ခွေးတွေအတွက် တနေရာတည်းနဲ့ အဆင်ပြေသွားအောင် လုပ်လိုက်တာ၊ စခန်းဖွင့်ပြီးရင်တော့ တနိုင်ငံလုံးက လာပို့သမျှ ခွေးတွေကို ခြံနဲ့ ဆန့်သလောက် အထိ အကုန်လက်ခံမှာ” ဟု မမြတ်သက်မွန်က ရှင်းပြသည်။

ယာယီ စောင့်ရှောက်ပေးထားသည့် ခြံမှပြောင်းရွှေ့ရမည် ဖြစ်သဖြင့် ရန်ကုန်မြို့နှင့် တဝိုက် လူနေရပ်ကွက်များနှင့် ဝေးပြီး ရေ၊ မီး အဆင်ပြေနိုင်သော နေရာကို ရှာနေပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

“ကျမတို့ စောင့်ရှောက်ပေးနေတဲ့ ခွေးတွေက လမ်းဘေးခွေး မြန်မာခွေးတွေချည်းပဲ။ တချို့ဆို လက်တို၊ ခြေတို လေးတွေပါတယ်။ အရမ်းသနားဖို့ ကောင်းတယ်။ အခုက မိုးတွင်းဆိုတော့ ရောဂါလေးတွေဖြစ်ပြီး သေကုန်ကြတာတွေလည်း ရှိတယ်။ ခွေးပေါက်လေးတွေလည်း လာပစ်ကြတယ်” ဟု မမြတ်သက်မွန်က ပြောသည်။

ယင်းခွေးအကောင်ရေ ၁၀၀ ဝန်းကျင်ကို နေ့စဉ် မနက် ဆန် ၄ ပြည်၊ ညနေ ဆန် ၄ ပြည်နှင့် အသားစများ ရောနှော ချက်ပြျတ်ကာ ကျွေးမွေးပြီး ခွေးများကို ကြည့်ရှု စောင့်ရှောက်ပေးမည့် မိသားစုတစုလည်း ငှားရမ်းထားကြောင်း၊ ကျန်းမာရေး အတွက်လည်း ဆရာဝန်တဦးက အခမဲ့ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးသည်ကြောင်း၊ အချို့ ခွေးချစ်သူများကလည်း ခွေးခြံသို့လာပြီး ခွေးများအတွက် ဆန်အပါအဝင် ထန်းလျက်ခဲ၊ ပေါင်မုန့်စသည့် စားစရာများ လှူဒါန်းပေးကြကြောင်း သိရသည်။

ထို့အပြင် ယာယီခွေး စောင့်ရှောက်ရေးခြံသို့ အနီးတဝိုက်မှ ဒေသခံများက လမ်းဘေး ခွေးလေခွေးလွင့်များကို လာပို့ပေးခြင်း၊ အချို့ ခွေးပိုင်ရှင်များကလည်း ခွေးပျောက်သွားပါက လာရောက်ရှာဖွေခြင်း အပြင် ခွေးမွေးလိုသူများလည်း လာပြီး စုံစမ်းကြသည်ဟု သိရှိရသည်။

Loading