ကာကွယ်ရေး ဝန်ကြီးဌာနက ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် ကြည်းတပ်နှင့် တပြေးညီ လေတပ်နှင့် ရေတပ် တိုးတက်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြောသည်။
နေပြည်တော်တွင် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ချက်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားစဉ် ဗိုလ်ချုပ်ကျော်ညွှန့်က ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ရာတွင် ကြည်းတပ် တခုတည်းကို ဦးတည် ဆောင်ရွက်နေတာ မဟုတ်ဘဲ ရေတပ်နှင့် လေတပ် တိုးတက်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။
ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ရာတွင် လုံလောက်သော စစ်အသုံးစရိတ် ဘဏ္ဍာငွေကြေး သုံးစွဲမှုကလည်း အဓိကကျပြီး စစ်ဘက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ကျော်ညွှန့်က ဆိုသည်။
“တပ်မတော် စွမ်းရည်မြင့်မားစေရန် အတွက် ကြည်းတပ် တခုတည်းကိုပဲ ဦးတည်ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ တပ်မတော်လေနဲ့ တပ်မတော်ရေ အတွက်ပါ တပြေးညီ တိုးတက်စေရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ခေတ်မီ အင်အားတောင့်တင်းတဲ့ တပ်မတော်တရပ် တည်ဆောက်ရန် စစ်ဘက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်တဲ့အတွက် ဘဏ္ဍာငွေကြေး လုံလောက်စွာ သုံးစွဲခြင်းကလည်း အဓိက အခန်းကဏ္ဍက ပါဝင်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ကျော်ညွှန့်က ဆိုသည်။
မြန်မာ့တပ်မတော်သည် စစ်လက်နက် ပစ္စည်းများ တီထွင် ထုတ်လုပ်ခြင်း ၊ ဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ထမ်းဆောင်ရမည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ကျင့်သုံးရန် မလိုအပ်သဖြင့် ဆန္ဒရှိသူများကိုသာ စစ်မှုထမ်းဆောင်ခွင့် ပြုလျက်ရှိကြောင်း၊ လိုအပ်လာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံသားတိုင်း စစ်မှုထမ်းရေး ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
“ခေတ်မီ စစ်လက်နက်ပစ္စည်းများ တီထွင် ထုတ်လုပ်ခြင်း၊ ဝယ်ယူတပ်ဆင်ခြင်းများ ခေတ်မီ တပ်မတော်တရပ် ဖြစ်စေရန် အတွက်လည်း တည်ဆောက်လျက် ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၀ အရ ပြည်သူ့စစ်မဟာဗျူဟာကို တိကျစွာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ အခြေအနေမှာတော့ ဒါကို ကျင့်သုံးရန် မလိုအပ် သေးသဖြင့် ကိုယ်တိုင် ခံယူချက်၊ ယုံကြည်ချက် ဝါသနာပါပြီးတော့ အတတ်ပညာ၊ အသိပညာ အထိုက်အလျောက် ရှိတဲ့သူတွေ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း အသက် ၁၈ ပြည့်နှစ်ပြီး ၂၅ နှစ်ထက် မကြီးခြင်း ၊ မျက်မြင် ၁၃ ချက်နှင့် ပြည့်စုံပြီး ဆေးအဆင့် (က) ရှိတဲ့ ကိုယ်တိုင်ဆန္ဒပြုသူများကို စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းစေရန် လက်ခံဆောင်ရွက်လျက် ရှိပါတယ်´´ ဟု ဗိုလ်ချုပ်ကျော်ညွှန့်က ဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောဆိုချက် အရ တပ်မတော်သည် ကာကွယ်ရေး အသုံးစရိတ် လျော့ချမည့် အလားအလာ မရှိသဖြင့် လက်ရှိ တိုင်းပြည် စီးပွားရေး မကောင်းမွန်ချိန်တွင် စစ်အသုံးစရိတ်သည် တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတခု ဖြစ်စေမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက“အခြေခံ စဉ်းစားချက် လွဲတယ်ပြောရမယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမှာမဟုတ်ဘူး။ တိုင်းပြည် အင်အားရှိမှ တိုင်းပြည်က စီးပွားရေးကောင်းမွန်မှ တပ်မတော်က ခေတ်မီတပ်မတော်ဖြစ်မှာပေါ့။ တိုင်းပြည် မချမ်းသာဘဲ ခေတ်မီ တပ်မတော် မဖြစ်နိုင်ဘူး´´ ဟု ဧရာဝတီသို့ပြောသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ လက်ရှိအစိုးရသည် ငြိမ်းချမ်းရေး ဆောင်ရွက်နေသည် ဆိုပါက စစ်အသုံးစရိတ်ကို လျော့ချသင့်ပြီး တိုးချဲ့သုံးစွဲရန် မလိုအပ်သေးကြောင်း၊ လက်ရှိ အနေအထားတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေမှာ မကောင်းမွန်သေးသဖြင့် စစ်အသုံးစရိတ်သည် ဝန်ထုတ်ဝန်ပိုးတခု ဖြစ်နေသည်ဟု သုံးသပ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စစ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ သုံးစွဲနေပြီး ယင်းအသုံးစရိတ်သည် အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းကျော်ရှိကြောင်း အစိုးရ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။