ငြိမ်းချမ်းရေး ရရန် အပစ်အခတ်ရပ်စဲရေး တခုတည်းနှင့် မလုံလောက်ကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အဓိက ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်သည်။
“တိုင်းရင်းသားများအားလုံးပါဝင်တဲ့ ခိုင်မာ ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင် ဖို့ဆိုရင် အပစ် အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ် ဖြစ်တဲ့ ပြဿနာ တွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
ဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ် သည်။
သမ္မတ ဦးသိန်းစိန်သည် အခါအားလျော်စွာ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ မိန့်ခွန်းများ ပြောကြားလေ့ရှိပြီး အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက်များကို တိုင်းပြည်သို့ အသိပေး တင်ပြသည်။
ပြည်ပ အခြေစိုက် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက တိုင်းရင်း သား အင်အားစုများက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက် တောင်းဆိုလာခြင်းဖြစ်၍ သမ္မတ၏ ပြောကြားချက် ကို ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။
“အပစ်အခတ် ရပ်စဲရေးဆိုတာက နိုင်ငံရေးအတွက် တွေ့ဆုံဆွေးနွေးဖို့အတွက် အစ ပထမခြေလှမ်းဖြစ် တယ်၊ တံခါး ပေါက်ဖြစ်တယ်။ ဒီကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အာမခံချက်ရှိဖို့ကို အပစ်အခတ်ရပ်စဲရေး ကနေ တဆင့် တက် လှမ်းရမယ် ပေါ့”ဟု သူက ဆိုသည်။
အပစ်အခတ် ရပ်စဲရေး အဆင့်တွင် ရပ်မထားဘဲ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး စသည့် ကဏ္ဍများတွင်သာ နစ်မြုပ်မနေရန် နိုင်ငံရေး အာမခံချက် ခိုင်ခိုင်မာမာရရှိရေး နိုင်ငံရေး ပြေလည်မှု ရရှိသည်အထိ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ရန် အစိုးရက တာဝန်အရှိဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်ကလည်း မကြာမီ ကာလတခုတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်သွား ရန် စီစဉ်နေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
“နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ် မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်(Political Dialogue Framework) များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးသိန်းစိန်က ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဦးဆောင် အကောင်အထည်ဖော်ဆောင်နေသည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ ယခု အောက်တိုဘာလတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပွဲကို ကျင်းပသွားရန် ရှိပြီး သဘော တူ မည့် သူများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ယခင်လက အစိုးရနှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ၌ ပြောဆို ထားသည်။
“အောက်တိုဘာလ အတွင်း နေပြည်တော်မှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပွဲ လုပ်ပါမယ်၊ သဘောတူတဲ့ သူတွေနဲ့ ထိုးသွားမှာပါ၊ အခု သဘောမတူသေးတဲ့ သူတွေကလည်း ကြိုက်တဲ့အချိန်မှာ လာထိုးဖို့ စာအုပ် အဆင်သင့်ဖွင့်ထား ပေးပါမယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
မြန်မာ့တပ်မတော်နှင့် လက်ရှိတိုက်ပွဲများဖြစ်နေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အနေဖြင့် အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ပါဝင်နိုင် မည့် လက္ခဏာ လတ်တလောတွင် မရှိသေးပေ။
“လက်မှတ်ထိုးပွဲမှာ ကျန်နေခဲ့တဲ့သူတွေကို ထားခဲ့မယ်၊ အဲဒီလို ထားခဲ့တဲ့သူတွေကို တိုက်မလားဆိုတာ စဉ်းစားစရာ ဖြစ် တာပေါ့။ တချို့လက်မှတ်ထိုးလို့ မတိုက်တော့ဘူး၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ကို သွားတိုက်မယ်ဆိုတဲ့ ပုံစံမျိုး လုပ်ရင် တော့ တပြည်လုံးအတိုင်းအတာ အပစ်ရပ်တယ်ဆိုတာ မဟုတ်တော့ဘူးလေ”ဟု ဦးခွန်ဥက္ကာက ဆိုသည်။
ထို့ကြောင့် တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးသူ၊ မရေးထိုးသူများကို မခွဲခြားဘဲ အစိုးရဘက်က သဘောထားကြီးကြီးဖြင့် အပစ်ရပ်ကြေညာပြီး ကြေညာသည့်အတိုင်း လိုက်နာသင့်သည် ဟုလည်း သူက ဆက်ပြောသည်။
“အစိုးရ ဘက်ကတော့ ကျန်နေသေးတဲ့ အဖွဲ့တွေကို တိုက်မှာတော့ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း အာမခံပေးဖို့ ကျနော်တို့က တောင်းဆိုနေတာ” ဟု သူက ဆိုသည်။
လာမည့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအပိုင်းတွင် UNFC ၏ အဖွဲ့ဝင် တဖွဲ့ခြင်းအနေဖြင့် လက်မှတ်ထိုးရန်ရှိပြီး UNFC အနေဖြင့် သက်သေအရာတွင် ထားမည့်သဘောဟု မြန်မာငြိမ်းချမ်းရေး စင်တာ မှ တာဝန်ရှိသူတဦးက လွန်ခဲ့သည့် ရက်အနည်းငယ်က လာရောက်ပြောဆိုကြောင်း သူက ဆက်ပြော သည်။
ခေတ်အဆက်ဆက်က ပြည်တွင်း ငြိမ်းချမ်းရေး ရရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြရခြင်းမှာ ဖော်ဆောင်သူ များ၏ စေတနာမှန်ခြင်း၊ မှားခြင်းတို့သည် သမိုင်းက သက်သေထူမည်ဖြစ်ပြီး ၎င်းအနေဖြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ လာရောက်ရန် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မပါဘဲ ဖိတ်ခေါ်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်။
“သမ္မတ မိန့်ခွန်း တခုလုံးကို ခြံပြီးပြောရရင် အစိုးရက သူတို့ ရပ်တည်တဲ့အပိုင်းကို ပြောတာဖြစ်တယ်။ ဒါကတော့ စဉ်ဆက် မပြတ် ရပ်တည်လာတယ် ဆိုတာ မှန်ပါတယ်။ သူ့ရပ်တည်ချက်အရသူပြောတယ်ဆိုတာ မှန်ပါတယ်”ဟု ဦးခွန်ဥက္ကာက ဆို သည်။
သို့သော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသည့်အခါ မည်သည့် အခြေအနေမျိုး လိုအပ်သည်ဆိုသည်များကို ထုတ်ပြန်ကြေညာရန် UNFC အဖွဲ့အတွင်း ညှိနှိုင်းတိုင်ပင်နေကြကြောင်းလည်း သူက ဆက်ပြောသည်။
“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ် ဆိုရင်တော့ တဖွဲ့ချင်း ဆွေးနွေးတာမျိုးထက် UNFC အနေနဲ့ ညီညီညာညာ ဆွေးနွေးဖို့ ဖြစ် လာပါလိမ့်မယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။
တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကြီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ အမေရိကန်နှင့် အနောက်နိုင်ငံတချို့၏ အထင်ကရ နိုင်ငံ့ ခေါင်းဆောင်ဟောင်းများ အပြင် မြန်မာပြည်တွင်းက နိုင်ငံရေးပါတီများ၏ ရှေ့မှောက်၌ ပြုလုပ်မည်ဆိုသည့် သတင်း များလည်း ထွက်ပေါ်နေသည်။
ထို့ကြောင့် ဦးအောင်မင်းနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီး ၃ ဦးတို့ကလည်း နိုင်ငံရေးပါတီ ၅၀ ကျော်မှ ခေါင်းဆောင်များနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်က ၎င်းတို့အစိုးရအနေဖြင့် နိုင်ငံရေးယဉ်ကျေးမှုသစ်တခုကို ကြိုးစားအကောင်အထည်ဖော်နေရာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ရှင်သန် ခိုင်မာစေဖို့ ကျနော်တို့ အနေနဲ့ အစဉ် ရှေးရှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်ခြင်းသည် ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် အလေ့ အကျင့် ပိုမိုရစေကြောင်း၊ အမြင်မတူညီမှုတွေအကြား တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသည့် ယဉ်ကျေးမှုသစ်ကို မွေးမြူလိုက် နိုင်ပြီ ဖြစ်ကြောင်း ကျင်းပနေဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်း၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း ထည့်သွင်း ပြောဆိုထားသည်။
ထို့အပြင် မကြာမီ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လုပ်မည့် အကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးသည် အလွန်သိမ်မွေ့ပြီး အထိအခိုက် မခံကြောင်းလည်း ပါရှိသည်။
သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်လည်း အစိုးရအနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ဆောင်ရာ၌ ဒီမိုကရေစီနှင့်ခွဲခြား မရ သည့် လွတ်လပ်ခွင့်များလည်း ကြိုးစား အကောင်အထည် ဖော်ပေးနေသည်ဟု ပြောဆိုထားသည်။
“လွတ်လပ်ခွင့် ရှိလာတာနဲ့ အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ဦးသိန်းစိန်က ပြောသွားသည်။