တဖန်ပြန်လည်ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် မတူညီသော လူအုပ်စုများကြား ပြင်းထန်သော ပဋိပက္ခများ၊ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံသားတို့ များစွာမျှော်လင့်ခဲ့ကြသော မတူကွဲပြားခြားနားမှုများကို သည်းခံညှိနှိုင်းတတ်သော ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်ပြီဖြစ်ပြီး အာဆီယံဒေသတွင်း မြန်မာနိုင်ငံ၏ ပြန်လည် အားယူ ခေါင်းထောင်နေသော အချိန်၌လည်း နိုင်ငံတကာ အကြမ်းဖက်လှုပ်ရှားမှုကို ဖိတ်ခေါ်လိုက်ခြင်းပင်။
ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အချက်အချာကျသော စင်ကာပူနိုင်ငံက အထူးဖိတ်ကြားဧည့်ခံခြင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက ဖိတ်ကြားခြင်းနှင့် မလေးရှားနိုင်ငံက မလေးရှားဘုရင်၏ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းတို့ဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအသင်း၏ အလှည့်ကျ ဥက္ကဌ တာဝန်ကို ယူတော့မည့် မြန်မာနိုင်ငံကို ဒေသတွင်းနိုင်ငံများက ထောက်ခံမှု ပြသနေချိန်တွင် အဆုံးမသတ်နိုင်သေးသော လူမျိုးရေး ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများက မြန်မာနိုင်ငံကို အန္တရာယ် ချောက်ကမ်းပါးစွန်းသို့ တွန်းပို့လိုက်သည်။
လူမျိုးရေး ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် မြန်မာပြည်တွင်း ပြဿနာ သက်သက်မျှသာ မဟုတ်တော့ဘဲ မြန်မာ့နယ်နမိတ်ကို ဖြတ်ကျော်ပြီးက မြန်မာဗုဒ္ဓဘာသာအချို့ မလေးရှားတွင် အသတ်ခံရခြင်း၊ ရခိုင်ပြည်ရှိ မွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များပါ ပင်လယ်ဖြတ်၍ ထိုင်းတောင်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားသို့ စွန့်ခွာထွက်ပြေးခြင်း၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲခြင်းတို့ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွှဲရန် ခြိမ်းခြောက်မှုများ ရှိလာကာ မြန်မာ သို့မဟုတ် ဒေသတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် အကွက်ချ စီစဉ်ခြင်းများရှိကြောင်း ကြားလာခဲ့ရသည်။
အခြားတဘက်တွင်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးတို့တွင် လွှမ်းမိုးချုပ်ကိုင်ထားသော တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အရှိန်မြင့်လာခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရပ်သားအစိုးရ၏ အမိန့်ကို စစ်တပ်လိုက်နာ ဆောင်ရွက်ရေး ဖိအားများ တိုးလာခြင်းတို့နှင့် တိုက်ဆိုင်စွာ တပ်မတော်၏ အခန်းကဏ္ဍ အရေးပါနေကြောင်း ပြသရန် အဓိကရုဏ်းများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုပြင်ပြောင်းလဲရေး မလိုလားသူများက ဘာသာရေး လူမျိုးရေး ခွဲခြားမှုအား အသုံးချ၍ နောက်ကွယ်မှ ဖန်တီးကြိုးကိုင်နေသည်ဟူသော အယူအဆများကလည်း လက်ခံစဉ်းစားဖွယ်ပင်။
နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု အစိုးရက အကြိမ်ကြိမ်အဖန်ဖန် ပြောဆိုခဲ့သော်လည်း ထုတ်ဖော်ဖမ်းဆီးနိုင်မှု ယခုအထိ လုံးဝ မရှိသေးဘဲ အဓိကရုဏ်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးရာ၌လည်း မွတ်စလင်များအပေါ် ပိုမိုကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းများက ဗုဒ္ဓဘာသာကြီးစိုးရေးဝါဒ (Buddhist chauvinism) ကို အာဏာပိုင်များက မွေးမြူကာကွယ် ပေးနေကြသည်ဟူသော ထင်မြင်ယူဆချက်များ ကြီးထွားလာစေရန် တွန်းအားပေးခဲ့သည်။
အမှန်တကယ်လည်း မြန်မာ့ပြုပြင်ပြောင်းလဲရေးကို မျှော်လင့်ထောက်ခံ အားပေးခဲ့ကြသော နိုင်ငံတကာနှင့် ဒေသတွင်းအစိုးရများ၊ မိတ်ဆွေများက မတူကွဲပြားမှု များပြားသော မြန်မာနိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းမှာ တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့ ဖြစ်ကြောင်း တိုက်တွန်းကြသည့်အပြင် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမှူးပြုသော နိုင်ငံရေး အင်အားစုများက ထိုသို့ပြုလုပ်ခြင်းဖြင့် နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း အလားအလာကောင်းများ ရှိနေကြောင်း လွန်ခဲ့သော ၂ နှစ်အတွင်း စွမ်းဆောင်နိုင်ခဲ့ခြင်းများက သက်သေပြခဲ့ပြီး ဖြစ်သည်။
သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ရှေးရှုဦးတည်စေရေးနှင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် မိသားစုသဖွယ် အခြေပြုကြရမည့် အချိန်တွင် အရုပ်ဆိုး အကျည်းတန်သည့် အဓိကရုဏ်းများကို မီးထိုးပေးနေသော ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ်ချမှု အမုန်းတရားများအား မည်သည့် နိုင်ငံရေးခေါင်းဆောင် တဦးတယောက်ကမျှ ရင်မဆိုင်ရဲ မထိန်းချုပ်ရဲခြင်းဖြစ်သည်။ အဆိုးရွားဆုံးမှာ ပြည်သူ့အသံကို ကိုယ်စားပြုသည်ဟုဆိုသော လွှတ်တော်များတွင် မည်သည့်ပြောဆိုချက် တစုံတရာကိုမျှ အာဏာရပါတီနှင့် အတိုက်အခံ နိုင်ငံရေးသမားများထံမှ မကြားကြရပေ။
မြန်မာ့ စကားပုံတွင် ဆိတ်ဆိတ်နေခြင်းက ထောင်တန်၏ဟု ဆိုရိုးရှိသော်လည်း မတရားမှုကို ရင်ဆိုင်ရာတွင် ဆိတ်ဆိတ် ငြိမ်မနေသင့်ပေ။ နှစ်ပေါင်း ၂၅ နှစ်ကျော် ကြမ်းတမ်း ရက်စက်သည့် စစ်အာဏာရှင်ကို ရင်ဆိုင်ရာတွင် ပြားပြားမဝပ်ခဲ့ဘဲ အမှန်တရားအတွက် ရဲရင့်စွာ ပြောဆိုရင်ဆိုင်ခဲ့၍သာ ယနေ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဆီ ဦးလှည့်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု တိတ်ဆိတ်နေခြင်းက ကြောက်ရွံ့ခြင်းကို ကိုယ်စားပြုခြင်း ဖြစ်သောကြောင့် နောက်ကြောင်းပြန်လှည့်ခြင်း မဟုတ်သော်ငြား ရှေ့မတိုးတော့မည်မှာ သေချာနေပေပြီ။