အစိုးရက သတင်းစာများ ထုတ်ဝေခွင့် ပေးလိုက်ပြီးနောက် နှစ်ငါးဆယ် ခန့်အတွင်း ပထမဆုံး “People Power” အမည်ဖြင့် နေ့စဉ် ထုတ် ညနေခင်း သတင်းစာ တစောင် မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
People Power “ပြည်သူ့ အာဏာ”ဟု အဓိပ္ပာယ် ကောက်ယူနိုင်သည့် ညနေခင်း သတင်စာကို လူငယ် သတင်းသမားများ ဦးစီး၍ ယခုလအတွင်း ထုတ်ဝေမည်ဖြစ်ပြီး စာဖတ်သူများ လက်ထဲ ညနေခင်းအမီ ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း People Power သတင်းစာ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ကိုငြိမ်းသူက ပြောသည်။
“နိုင်ငံတကာမှာ ညနေခင်း သတင်းစာရှိတယ်၊ ကျနော်တို့ဆီမှာ မရှိဘူး၊ အရင်ကတည်းကလည်း လူငယ် သတင်းသမား တစုရဲ့ အိပ်မက်လည်း ဖြစ်တယ်၊ နောက်တခုက ပြည်သူတွေဆီကို ဒီနေ့ဖြစ်တဲ့သတင်း ဒီနေ့ ရောက်စေချင်လို့ ထုတ်တာပါ”ဟု ၎င်း က ဆိုသည်။
အောက်တိုဘာ ၁ ရက်နေ့တွင် သတင်းစာ ထွက်ရန် ရည်ရွယ်သော်လည်း မိမိတို့ဘက်မှ ချွတ်ယွင်းချက်တချို့ကြောင့် နောက်ကျခဲ့ရကြောင်း၊ ဖြန့်ဝေသည့် နေရာတွင်လည်း မြို့နယ်အလိုက် ခွဲခြားကာ စာဖတ်သူ လက်ထဲသို့ အမြန်ဆုံးရောက်ရန် ကြိုးစားထားကြောင်း ကိုငြိမ်းသူက ဆက်ပြောသည်။
People Power သတင်းစာကို OK ဆန်စက်နှင့် လယ်ယာထွက်ကုန် ရောင်းဝယ်ရေး၊ ပဲမျိုးစုံ ပြည်ပတင်ပို့ ရောင်းဝယ်နေသူ ကိုဇော်ဝင်းဦး၊ ရွှေလုပ်ငန်းရှင် ဦးကျော်ဝင်း တို့နှင့် လူငယ် သတင်းသမားတစု အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
အယ်ဒီတာ ၇ ဦး၊ သတင်းသမား ၃၀ကျော်ဖြင့် ထုတ်ဝေမည့် အဆိုပါ သတင်းစာတွင် စာမျက်နှာ ၂၀ ပါဝင်မည်ဖြစ်ပြီး ပထမအကြိမ် စောင်ရေ ၂၀၀၀၀ ပုံနှိပ်၍ တစောင်လျှင် ရောင်းဈေး ၁၀၀ ကျပ်ဖြင့် ဖြန့်ချိ ရောင်းချသွားမည်ဟုလည်း ကိုငြိမ်းသူက ဆိုသည်။
နေ့လယ် ၁၂နာရီခန့်တွင် ဖောင်ပိတ်ပြီး ပုံနိုပ်စက်တင်ပြီးနောက် ညနေ ၃နာရီ ခန့်မှ စတင်၍ ဖြန့်ချိသွားမည်ဟုလည်း သိရသည်။
သတင်းစာ ခေါင်းစီးစာလုံးကို အနီရောင်ချယ် People Power စာတန်းနှင့် အားမာန်အပြည့် လက်သီးဆုတ်အတွင်း ကြယ်နီတလုံး ပုံလည်း ထည့်သွင်းထားသည်။
ဒီမိုကရေစီ လမ်းကြောင်းသို့ သွားရာတွင် ပြည်သူများမှာ အရေးကြီးပြီး ပြည်သူ့လက်တွင်သာ အာဏာစွမ်းအား ရှိသည်ဟု ယူဆ သည့် အတွက် People Power သတင်းစာဟု အမည်ပေးခြင်းဖြစ်ကြောင်း ဒုတိယ အယ်ဒီတာချုပ် ကိုကျော်ကျော်မင်း က ဆိုသည်။
ဒုတိယ ကမ္ဘာစစ်အပြီး ဗမာပြည် ကွန်မြူနစ် ပါတီ မြေပေါ်ပါတီ အဖြစ် တရားဝင် စတင်တည်ထောင်စဉ်က“ ပြည်သူ့အာဏာ” အမည်ဖြင့် ဂျာနယ်ထုတ်ဝေရာ လူထုကြားတွင် လူကြိုက်များခဲ့ဖူးသည်။
ပြည်သူ့အာဏာ အမည်ဖြင့်ပင် ယခုတိုင် ဗမာပြည် ကွန်မြူနစ် ပါတီ ၏ အင်တာနက် ဝက်ဘ်ဆိုဒ်တွင် မြန်မာ့ နိုင်ငံရေးနှင့် ပတ် သက် ပြီး ဆက်လက် ဖော်ပြနေဆဲ ဖြစ်သည်။
ဒုတိယ အယ်ဒီတာချုပ် ကိုကျော်ကျော်မင်းက “ဗမာပြည် ကွန်မြူနစ် ပါတီက ထုတ်ဝေတဲ့ ဂျာနယ်နဲ့ မဆိုင်ပါဘူး၊ ကျနော်တို့ကလည်း ကျနော် တို့ ယူဆချက်နဲ့ ထုတ်တာပါ”ဟု ရှင်းပြသည်။
လွတ်လပ်ရေး ရပြီး ဖဆပလ အစိုးရလက်ထက်တွင် ပုဂ္ဂလိက သတင်းစာများကို လွတ်လပ်စွာ ထုတ်ဝေခွင့် ပေးခဲ့သော်လည်း ဗိုလ်ချုပ်ကြီး နေဝင်း ၏ တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ် နောက်ပိုင်း ပုဂ္ဂလိက သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။ သတင်းစာတိုက် တချို့လည်း ပြည်သူပိုင်သိမ်း ခံလိုက်ရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ယခုနှစ်အတွင်းမှ စတင်ကာ ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့် ပေးခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရ သတင်းစာများ အပါအဝင် ပုဂ္ဂလိက သတင်းစာ ၁၄ စောင် ထုတ်ဝေလျက် ရှိသည်။