ပြည်ပကနေ ပြည်တွင်းမှာ ပြန်လာအခြေချတဲ့ ရုပ်သံ သတင်း မီဒီယာတွေအနေနဲ့ စီးပွားဖြစ် ရပ်တည်ဖို့ စိန်ခေါ်မှုများစွာ ရှိနေ နိုင်တယ်လို့ DVB သတင်းဌာနရဲ့ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဦးခင်မောင်ဝင်းက ပြောလိုက်ပါတယ်။
ပြည်ပ အခြေစိုက် ရုပ်သံ သတင်းမီဒီယာတခု အဖြစ် နှစ် ၂၀ ကျော် ရပ်တည်ခဲ့ပြီး ဒီမိုကရက်တစ် မြန်မာ့အသံလို့ လူသိများခဲ့တဲ့ DVB Multimedia Group ဟာ မြန်မာပြည်တွင်းမှာ ပြန်လည် အခြေချပြီး စီးပွားဖြစ် ရပ်တည် ထုတ်လွှင့်နိုင်ဖို့ အတွက် စာနယ်ဇင်း မိတ်ဆက် အခမ်းအနားတရပ်ကို အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ယယ် ဟိုတယ်မှာ ကျင်းပခဲ့ရာမှာ ဦးခင်မောင်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“စီးပွားဖြစ် ရပ်တည်ဖို့ဆိုတာက လုံးဝ မကျွမ်းကျင်တဲ့ ကိစ္စ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာပါ” လို့ ဦးခင်မောင်ဝင်းက ဆိုပါတယ်။
DVB ဟာ တခြား ပြည်ပမီဒီယာတွေလိုပဲ နှစ်ပေါင်းများစွာ အလှူရှင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ အသားကျ ရပ်တည်ခဲ့ရာက အခုအချိန်မှာ စီးပွားဖြစ် စတင်ရပ်တည်ဖို့ ခြေလှမ်းအစပြုလိုက်တာပါ။ စီးပွားဖြစ် ရပ်တည်ရတော့မှာ ဖြစ်တဲ့အတွက် ရုပ်သံကြော်ငြာတွေကို အားကိုးရတော့မှာ ဖြစ်ပါတယ်။
အစိုးရ အပြောင်းအလဲ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေနဲ့အတူ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေ ဟာလည်း ပြောင်းလဲမှု ရေစီးကိုလိုက်ပြီး ပြည်တွင်းမှာ အခြေချဖို့ ကြိုးစားကြရပါတယ်။ အဲဒီလို ကြိုးစားတဲ့နေရာမှာ အရင်ကလို အလှူရှင်ရဲ့ ငွေကြေးနဲ့ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘဲ၊ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ဖို့ အားစိုက်ကြရပါတယ်။
“နိုင်ငံတကာ အလှူရှင်တွေ ဘက်ကလည်း ပြည်တွင်းမှာ အခြေစိုက်နေတဲ့ မီဒီယာများစွာ ရှိနေတဲ့အထဲက ပြည်ပက ပြန်ဝင်လာတဲ့ မီဒီယာတွေကိုပဲ ဆက်ထောက်ပံ့မယ်ဆိုရင် တရားနည်းလမ်း မကျဘူးလို့ တွေးမှာပဲ။ ဒီတော့ ကျနော်တို့ ကိုယ့်ဘာသာ ရပ်တည်ဖို့ ကြိုးစားရပါမယ်။ ၂၁ နှစ်လုံးလုံး အလှူရှင်တွေနဲ့ပဲ သွားခဲ့ရာက ရုတ်တရက် ပြောင်းရမှာဆိုတော့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါ ရွေးချယ်စရာ မရှိတဲ့လမ်းပဲ။ ကျနော်တို့ ဒီလမ်းကိုပဲ ရွေးရမှာပါ” လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ပြည်တွင်း အခြေစိုက် ဖျော်ဖြေရေးကဏ္ဍ အသားပေး ရုပ်သံ လိုင်းတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ သတင်းအသားပေး ရုပ်သံလိုင်း DVB အနေနဲ့ ကြော်ငြာရဖို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် DVB အနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးနေတဲ့ အခန်းကဏ္ဍတန်ဖိုးကို လျှော့ချမှာ မဟုတ်တဲ့အကြောင်း၊ ကြော်ငြာ လက်ခံရာမှာလည်း မီဒီယာ ကျင့်ဝတ်ကို လေးစား လိုက်နာမှာ ဖြစ်တဲ့ အကြောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။
“ကျနော်တို့က သတင်းရုပ်သံလိုင်း ဆိုပေမယ့် BBC၊ CNN စတဲ့နိုင်ငံတကာ သတင်းဌာနကြီးတွေလို ကမ္ဘာအနှံ့ အားပေးနေတာ မဟုတ်ဘူး။ ပရိသတ်က မြန်မာပြည်တွင်း ပရိသတ်ပဲ ရှိတဲ့အတွက် သူတို့လို ၂၄ နာရီ သတင်း ဝန်ဆောင်မှု မပေးနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ထုတ်လွှင့်မှု ကဏ္ဍတွေထဲမှာ ဖျော်ဖြေရေး ကဏ္ဍအနေနဲ့ ၃၀ ရာခိုင်နှုန်းလောက် ထည့်သွင်းဖို့ ရည်မှန်းထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီနေ့ ကျင်းပခဲ့တဲ့ DVB စာနယ်ဇင်း မိတ်ဆက်ပွဲကို မီဒီယာသမားများ အပြင်၊ ကြော်ငြာရှင်များလည်း လာရောက်တာ တွေ့ရပါတယ်။ ဦးခင်မောင်ဝင်းက DVB ရဲ့ ဖြတ်သန်းမှု၊ ပြောင်းလဲ တိုးတက်လာမှုတွေနဲ့ DVB ပရိသတ် ဘယ်လောက် ရှိတယ်၊ ပရိသတ်တွေရဲ့ DVB အပေါ် အမြင် စတာတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။
စာနယ်ဇင်းမိတ်ဆက်ပွဲကို လာတဲ့ ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ တဦးကတော့ ဦးခင်မောင်ဝင်း ရှင်းလင်းခဲ့တဲ့ ကြည့်ရှုသူ ပရိသတ် ၅ သန်းဆိုတာဟာ ဘယ်လောက် မှန်ကန်မှု ရှိနိုင်သလဲ၊ အစိုးရ ရုပ်သံလိုင်းတွေ ဖြစ်တဲ့ MRTV၊ မြဝတီ တို့နဲ့ ယှဉ်ပြိုင်လာရမယ်ဆိုရင် DVB အနေနဲ့ ကြော်ငြာရှင်တွေ အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲလို့ မေးခွန်းထုတ်ပါတယ်။
အမေရိကန်က စံချိန်မီ စစ်တမ်းကောက်အဖွဲ့ရဲ့ အဆိုအရ MRTV နဲ့ မြဝတီတို့ဟာ ကြည့်ရှုသူ ၆၅ ရာခိုင်နှုန်းရှိပြီး DVB အနေနဲ့ ၃၄ ရာခိုင်နှုန်းရှိတဲ့အတွက် သူတို့ရဲ့ ကြည့်ရှုသူ ဦးရေဟာ သူတို့ရဲ့ ထက်ဝက်ရှိတယ်လို့ သိရပါတယ်။
“ဒါကြောင့် ကျနော်က ကြည့်ရှုသူ ၅ သန်းလို့ ခန့်မှန်းပါတယ်။ ဒါဟာ မမှားနိုင်ဘူး” လို့ ဦးခင်မောင်ဝင်းက ဆိုပါတယ်။
အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကြိုတင်ဖြေရှင်းတဲ့ ပုံစံတခုကတော့ DVB ရဲ့ ကြော်ငြာနှုန်းထားတွေဟာ တခြားသော ရုပ်သံ မီဒီယာတွေထက် အတတ်နိုင်ဆုံး ဈေးလျှော့ချပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်း ကုမ္ပဏီတွေကို ယူတဲ့ ဈေးနှုန်းကတော့ ကွာခြားမှာပါ။
“ဥပမာအားဖြင့် နိုင်ငံခြား ကုမ္ပဏီတွေကို ၃ ဆ ယူမယ်ဆိုရင် ပြည်တွင်းက ကုမ္ပဏီတွေကိုတော့ ၁ ဆပဲ ယူဖို့ စီစဉ်ထားပါတယ်” လို့ ဦးခင်မောင်ဝင်းက ဆိုပါတယ်။
အခုဆိုရင် DVB ကို ကြည့်ရှုဖို့အတွက် ကျပ် ၄ သောင်းနီးပါး တန်တဲ့ လိမ္မော်ရောင် စလောင်းတချပ်နဲ့ ဖမ်းယူစက် ဝယ်ယူရုံနဲ့ အဆင်ပြေ နေပြီ၊ နောက်ထပ် ငွေကြေး ကုန်ကျစရာ မလိုတော့ဘူး လို့လည်း သိရပါတယ်။ အရင်ကတော့ ၂ သိန်းနီးပါး တန်ကြေးရှိတဲ့ ၈ ပေ၊ ၁၂ ပေ အစရှိတဲ့ စလောင်းတွေ ဆင်မှသာ DVB ရုပ်သံကို ကြည့်ရှုနိုင်တာပါ။
“DVB သာ မရှိရင် ဘာဖြစ်မလဲ” ဆိုတဲ့ မေးခွန်းကို ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေကို လိုက်လံ မေးမြန်းရာမှာ အများစုက “DVB သာ မရှိရင် တခုခုလိုနေသလိုပဲ၊ ဟာနေမှာပဲ” လို့ ဖြေကြကြောင်း ဦးခင်မောင်ဝင်းက ရှင်းပြခဲ့ပါတယ်။
DVB ရဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ တဦးဖြစ်တဲ့ ဦးနေဇော်နိုင်ကတော့ “ကိုယ့်အားကိုယ်ကိုးပြီး ဆက်ချီတက်ရမယ် ဆိုရင် ကြော်ငြာ မရှိရင် ဟာနေမှာပဲ” ပြောပါတယ်။