ထိုင်းနိုင်ငံ အခြေစိုက် လူအခွင့်အရေး မှတ်တမ်း တင်ကွန်ရက်(ND-Burma) ၏ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ လက်သည်များမှာ စစ်တပ်နှင့် ရဲက အများဆုံးဖြစ်ကြောင်း သိရှိရသည်။
တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ကယားပြည်နယ်တို့မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်း ၉ ခုတို့တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန် လအထိ ကွင်းဆင်း ကောက်ယူထားသည့် ၆ လစာ မှတ်တမ်း၌ လူအခွင့်အရေးချိုးဖောက်မှုပေါင်း ၁၄၇ ခုရှိပြီး ယင်းအဖြစ် အပျက် များသည် စစ်ဖြစ်ပွားရာ နေရာများတွင် အများဆုံးဖြစ်ကြောင်း ND-Burma အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဟန်ကြီးက ပြော သည်။
“လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ စစ်တပ်က အများဆုံးဖြစ် တယ်၊ ရွာသား တွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ဒေသခံ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ၊ လယ်ယာမြေတွေ မတရားသိမ်းပိုက်တာ၊ ဖျက် ဆီးပစ်တာ၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အတင်းအဓမ္မပြုကျင့်တာ၊ ဒေသခံတွေက ကိုယ့်ဒေသရပ်ရွာမှာ မနေနိုင်လို့ ထွက်ပြေးတဲ့အခါ လူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်သွားတာပေါ့” ဟု ဦးဟန်ကြီး က ဧရာဝတီသို့ပြောသည်။
မှတ်တမ်းကောက်ယူရာတွင် အစိုးရ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့၏ တားဆီးနောင့်ယှက်မှုတွေ ရှိသည့်အတွက် လက်လှမ်း မီသလောက်သာ ကောက်ယူ နိုင်ခဲ့ကြောင်း၊ အစီရင်ခံစာထဲတွင် ဖော်ပြထားသော လူ့အခွင့်အရေး ချိုးဖောက်မှု ၁၄၇ မှုသည် ထိုသို့သော အတားအဆီးများကြားမှ ရယူထားသော မှတ်တမ်းများဖြစ်ကြောင်း သိရသည်။
ND-Burma ကထုတ်ပြန်ထားသော အစီရင်ခံစာထဲတွင် ပြည်သူလူထုအပေါ် သတ်ဖြတ်မှု ၁၀ မှု၊ ညှဉ်းပန်းနှိပ်စက်မှု ၁၆ မှု၊ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း ဖြစ်ရပ် ၄၀၊ အဓမ္မ အခွန်ကောက်ခံခြင်း ၂၃ မှု၊ အဓမ္မလုပ်အားပေး စေခိုင်းခြင်း ၂၀ မှုတို့ ပါဝင် ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းအချက်အလက်မှတ်တမ်းများသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ရရှိထားသော ဒေသများမှ အများစုပါဝင်ကြောင်း၊ သို့သော်လည်း ယင်းအရေအတွက်သည် တနိုင်ငံလုံးတွင် ချိုးဖောက်ခံနေ ရသော အခြေအနေများကို လွှမ်းခြုံကိုယ်စားပြုနိုင်သော အရေအတွက် မဟုတ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ ၎င်းတို့အနေဖြင့် တည်ထောင်စ အင်အားနည်းနေသေးသည့် အတွက် နိုင်ငံအတွင်း ဖြစ်ပွား နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ပြုစုနိုင်ခြင်းမရှိသေးကြောင်း သို့သော်လည်း အစိုးရနှင့်တိုင်းရင်း သား လက်နက် ကိုင်များ အကြား အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်းတွင် ချိုးဖောက်မှုများ လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ဧရာဝတီသို့ ပြောသည်။
“လျော့ပါတယ်၊ KIA နယ်မြေတောင်မှပဲ ကျနော်တို့ ပြောနိုင်ပါတယ်၊ ဒီ ၂၀၁၁ နဲ့ ၂၀၁၂ တိုက်ပွဲဖြစ်တဲ့ ကာလမှာတောင် ကျနော် တို့ ရောက်တော့ ကိန်းဂဏန်း အရမဟုတ်တောင် လေ့လာမှုအရတော့ သိသိသာသာ ကျဆင်းသွားတယ်လို့ ကျနော်တို့ ပြောနိုင် ပါတယ်၊ ဒီ ၂၀၁၃ ထဲမှာ ဆိုရင်လည်းပဲပိုပြီးတော့ လျော့နည်းသွားတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်၊ သို့သော်လည်း လုံးဝကင်းရှင်း သွားတယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ပါဘူး၊ အနည်းနဲ့ အများတော့ ရှိနေတယ်ဆိုတာတော့ ကျနော်တို့ လေ့လာလို့ရပါတယ်”ဟု ဦးစစ်မြိုင် က ရှင်းပြသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၄ ဖွဲ့တို့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီဖြစ်သော်လည်း ယင်းဒေသများတွင် လူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များ သိသာထင်ရှာစွာ တိုးတက်လာခြင်း မရှိသေးကြောင်း၊ ထို့အပြင် နှစ်ဖက် သဘောတူ အပစ်ရပ်ထားသော တပ်များနှင့်ပင် တိုက်ပွဲများ ကြိုကြား ကြိုကြား ပြန်ဖြစ်နေပြီး အပစ်ရပ်ပြီးနောက် ရှမ်းပြည်နယ် တခုတည်းတွင်ပင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ထားကြောင်း ND-Burma အစီရင်ခံစာက ထောက်ပြထားသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲလိုက်သော ဒေသများတွင် ပေါ်တာဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ဖြစ်ရပ်များ လျော့နည်းသွားသည်ဟု ယူဆနိုင်သော်လည်း အပစ်အခတ် ရပ်စဲပြီးနောက် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဝင်ရောက် လာသည်နှင့်အမျှ အဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ လယ်ယာမြေသိမ်းဆည်းခံရခြင်းများ ဒေသခံများ ကြုံတွေ့ နေရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ND-Burma အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော လူအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို အစိုးရတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပြုနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ထဲထဲဝင်ဝင် သိရှိပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် မှတ်တမ်းတင် ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
“အစီရင်ခံစာတွေ အခါ အားလျော်စွာထုတ်ပြန်သလို ဒီလူအခွင့်အရေးချိုးဖောက်ခံရသူတွေရဲ့ အဖြစ်အပျက် အသေးစိတ်ကို ကျနော်တို့ မှတ်တမ်းတင်ထားပြီးတော့ တချိန်ကြရင် ဒီလူတွေအတွက်လိုအပ်တဲ့ တရားမျှတမှု၊ အမှန်တရား ရှာဖွေဖော်ထုတ်နိုင်တဲ့ ယန္တရားတွေ ရှိလာရင် ဒီမှတ်တမ်းတွေကို အသုံးပြုပြီးတော့ အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် အမှန်တရား၊ တရားမျှတမှုကို ရှာဖွေတဲ့ နေရာမှာ အသုံးပြုဖို့ ကျနော်တို့က ရည်ရွယ်ထားပါတယ်” ဟု ဦးဟန်ကြီးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းသွားရန် အစိုးရတာဝန်ရှိသူများ အပါအဝင် ပြည်သူများပါ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတ သိရှိရန်လိုအပ်ပြီး တချိန်တည်းမှာပင် တရားဥပဒေစိုးမိုးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိလာသည့်နှင့်အမျှ လူ့အခွင့် အရေး ချိုးဖောက်မှုများ လျော့ကျသွားမည်ဟု ယုံကြည်ကြောင်း ဦးစစ်မြိုင် ကပြောသည်။
“ပြည်သူတွေရော တာဝန်ရှိသူတွေရော လူ့အခွင့်အရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတ နည်းနေတာကို တွေ့ရပါတယ်။ ဒါတွေတိုးတက် လာမယ်၊ တရားဥပဒေစိုးမိုးရေးတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ်၊ ဆင်းရဲမှုတွေ လျော့ကျသွားမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေက အများကြီးတိုးတက်ကောင်းမွန်လာမယ်လို့ ကျနော့်လေ့လာမှုအရ ပြောနိုင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကင်းရှင်းသွားဖို့ဆိုတာကတော့ ရာခိုင်နှုန်းပြည့်ကင်းရှင်းဖို့ဆိုတာကတော့ ဘယ်နိုင်ငံမှမရှိဘူးလို့ ထင်ပါတယ်”ဟု ဦးစစ်မြိုင် ကပြောဆိုသည်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW)က ၂၀၁၂ ခုနှစ်အတွက် ထုတ်ပြန်သော အစီရင်ခံစာ ၌ မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသားဒေသများ၌ အစိုးရ စစ်တပ်က ဒေသခံ အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုများ၊ အရပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ စသည်တို့ကို ကျူးလွန်ဆဲ ဖြစ်သည်ဟု ဖော်ပြထား သည်။
၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် လူအခွင့်အရေး မှတ်တမ်းတင်ကွန်ရက် (ND-Burma) အဖွဲ့သည် ဒီမိုကရေစီနှင့် လူ့အခွင့် အရေး လှုပ်ရှားနေသည့် အဖွဲ့ ၁၂ ဖွဲ့နှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း တင် ပြုစုနေသည့်အဖွဲ့ ဖြစ်သည်။