Crime

မန္တလေးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

This article has been converted from Zawgyi One to Unicode

မန္တလေး ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း သုံးလောင်းပြိုင်လူသတ်မှု ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားသည်။

လုံခြုံရေး ဝန်ထမ်းများ အသတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာ အမရပူရမြိုနယ်တွင် နေထိုင်သူများဖြစ်သည့် ဦးဟန်သောင်း၊ ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည်ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ ဖြစ်သည်။

ဦးဟန်သောင်း၏ သမီး မသန်းသန်းဟန် က“၂ ရက်နေ့ မနက်ကျမှ ကျမတို့ သိရတယ်၊ အဲဒါလည်း ကုမ္ပဏီကို သွားတဲ့ကလေး တယောက်က ဝင်းထဲမှာ ရဲတွေနဲ့လူတွေ အများကြီး ကျမအဖေကို ပက်လက်ကြီး တွေ့ရတယ်၊ သေပြီလားမသိဘူးဆိုပြီး ဖုန်းလှမ်းဆက်လို့ လိုက်သွားရတာ၊ ပါးစပ်ထဲလည်း အဝတ်တွေ ဆို့ထားတယ်”ဟု ပြောပြသည်။

အောက်တိုဘာ ၂ ရက်နေ့ နံနက်တွင် ပန်နာဆိုးနစ် ကုမ္ပဏီ အရောင်းဝန်ထမ်း တဦးဖြစ်သူ ကိုသက်ပိုင်စိုး ဆိုသူက ကုမ္ပဏီမှ ပစ္စည်းများ ထုတ်ယူရန် လာရောက်စဉ် ကုမ္ပဏီခြံဝင်း တံခါးမကြီး ပွင့်နေပြီး လူသုံးဦး သေဆုံးနေကြောင်း တွေ့ရသည်အတွက် သက်ဆိုင်ရာသို့ အကြောင်းကြား ခြင်းဖြစ်သည်။

“ကုမ္ပဏီဝင်းထဲမှာ ကုမ္ပဏီမော်တော်ယာဉ်တွေက ပြည့်ကျပ်နေတာ၊ အလောင်းသုံးလောင်းက ကားတွေ ကြားထဲမှာ တနေရာစီခြားပြီး သေနေကြတာ မြင်ခဲ့တယ်၊ ၂ ရက်နေ့ မနက်ဆိုရင် ကျနော်တို့ ကုမ္ပဏီမှာ အဘ ဦးဟန်သောင်းတို့ လစာ လာထုတ်ရမှာ အနေအထိုင်တွေ အေးကြပါတယ်၊ ရန်ငြိုးရန်စကြောင့်တော့ မဟုတ်လောက်ဘူး”ဟု ကုမ္ပဏီမန်နေဂျာ ဦးညီနိုင်က ပြောသည်။

သေဆုံးသူများမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် တုံးသောလက်နက်ဖြင့် ထုရိုက် ခံထားရပြီး သေဆုံး ခြင်းဖြစ်ကြောင်း၊ ည ၁၂ နာရီ ဝန်းကျင်၌ သေဆုံးခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ က ယူဆထားသည်။

“အဓိက ကတော့ ပစ္စည်းတွေ မပျောက်ဘူးဆိုပေမယ့် ရုံးခန်းအပေါ်ထပ်က မီးခံသေတ္တာဆီကို လူသတ်တရားခံ သွားတဲ့ သဲလွန် စတွေ တွေ့ရတယ်၊ ဒီတော့ အတွင်းသိ လူသတ်သမားဖြစ်နိုင်တယ်၊ တဦးတည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နိုင်တယ်”ဟု တိုင်း ရဲတပ်ဖွဲ့ ရဲမှူး ဦးအောင်ရွှေက ပြောသည်။

အဆိုပါလူသတ်မှု နှင့် ပတ်သက်၍ မသင်္ကာသူ နေ့စား ဝန်ထမ်း စန်းအောင် ခေါ် စံအောင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကုမ္ပဏီ ဝန်ထမ်းတချို့ အပါအဝင် လူ ၁၅ ဦးခန့်ကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

Loading