Human Rights

မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာများလည်း သီတဂူ ပြန်ခေါ်မည်

This article has been converted from Zawgyi One to Unicode

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦးနှင့် ဖမ်းဆီး ခံထားရသည့် မြန်မာလုပ်သား ၈၀ ဦးကို အောက်တိုဘာ ၆ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် သွားရောက် ခေါ်ဆောင်မည်ဟု သီတဂူသာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့မှ သိရသည်။

“တတိယ အသုတ်အနေနဲ့ သွားခေါ်မှာပါ။ ဒီတခါတော့ ထောင်ကျနေတဲ့ အလုပ်သမားတွေလည်း ပါမယ်။ အဖမ်းခံထားရပြီး မြန်မာပြည်ပြန်ချင်တဲ့ တရားမဝင် နေထိုင်သူတွေကို ခေါ်ထုတ်ပေးတာ။ မြန်မာ အလုပ်သမားတွေကို ဆက်တိုက် ပြန်ခေါ်ပေး နေမှာပါ” ဟု သီတဂူ သာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဧရာဝတီသို့ ပြောသည်။

မလေးရှားရောက် မြန်မာလုပ်သားများကို ပြန်လည် ခေါ်ယူနိုင်ရန်အတွက် အလှူငွေများ ရရှိခဲ့ပြီး အဆိုပါ အလှူငွေများ ကုန်သွားပါကလည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် အလုပ်သမားများကို လေယာဉ် စရိတ် အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင် ပေးနေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်သားများသည် MAI လေကြောင်း၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရနှင့် ကမ္ဘောဇဘဏ်တို့၏ အခမဲ့ စီစဉ်ပေးမှုဖြင့် အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သွားရောက်ကာ မြန်မာအလုပ်သမားကိစ္စ ညှိနှိုင်းခဲ့သည့် အလုပ်သမားဝန်ကြီး ဦးအေးမြင့်က စက်တင်ဘာ ၁၄ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် VIP ဝင်ပေါက်အနီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများ တရားဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုနေသော်လည်း မလေးရှားရောက် မြန်မာလုပ်သား အများစုမှာ မြန်မာနိုင်ငံသို့သာ ပြန်လာလျက်ရှိကြောင်း သိရသည်။

“မလေးမှာ မြန်မာ အလုပ်သမားတွေအတွက်က လုံးဝ လုံခြုံမှုမရှိသေးဘူး၊ အချိန်မရွေး အသက် သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လေ။ ဒါကြောင့် ပြန်လာလိုက်တာ” ဟု မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ကိုအောင်မြတ်က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီးနောက် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ မိမိနိုင်ငံသို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် လည်းကောင်း၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ အများဆုံး ဖမ်းဆီးခံထားရပြီး မြန်မာလုပ်သား ၆၀၀ ကျော်ကို မလေး အာဏာပိုင်များက ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ တချို့ မြန်မာလုပ်သားများမှာ ဖမ်းဆီးမှု စတင်ကတည်းက နယ်စပ်သို့ ထွက်ပြေးမှုများ ရှိကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း အလုပ်သမားဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၁ သိန်း ၄ သောင်းကျော် ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင်ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။

Loading