Travel

သံတွဲပဋိပက္ခကြောင့် ငပလီ ခရီးသွားလုပ်ငန်း မထိခိုက်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ငပလီသို့ ခရီးသွားဧည့်သည် ဝင်ရောက်နှုန်း လျော့ကျမှု မရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံများနှင့် ဟိုတယ်လုပ်ငန်းအချို့မှ သိရသည်။

“ဒီနေ့အထိတော့ ဧည့်သည်တွေရဲ့ Booking တွေ ပြုတ်မကျသေးဘူး။ ဒီနှစ် အောက်တိုဘာအတွက် ဧည့်သည် Booking က အရင်နှစ် တွေကထက်တောင် များသေးတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီ အတွက်တော့ မနှစ်ကထက် နည်းနည်းကျတယ်” ဟု အမတဟိုတယ်မှ Sale and Marketing ဒါရိုက်တာ ဒေါ်သီရိခိုင်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် လက်ရှိ ပဋိပက္ခဖြစ်နေသည့် နေရာနှင့် ငပလီ ဟိုတယ်ဇုန်သည် နီးစပ်ခြင်း မရှိသည့်အတွက် ခရီးသည်များ၏ လုံခြုံရေးကို တာဝန်ယူနိုင်ကြောင်းလည်း သူက ဆက်လက်ပြောသည်။

“ငပလီက ပဋိပက္ခဖြစ်စရာ အကြောင်းမရှိနိုင်ပါဘူး။ ဒေသခံတွေက ခရီးသွားလုပ်ငန်းအပေါ်မှာ ရပ်တည်နေကြတာ။ ဧည့်သည်က ဒီ ၁ ရက်နေ့ကတည်းက စဝင်နေပြီ။ ကျမတို့ဟိုတယ်မှာ ဧည့်သည် ၃၀ ကနေ ၄၀ ရာခိုင်နှုန်း ပြည့်နေပါတယ်” ဟု ဒေါ်သီရိခိုင်ကပြောသည်။

ထို့အပြင် ငပလီကမ်းခြေ Boat Trip ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုကျော်စိုးထွန်းကလည်း “ဧည့်သည်က အခုကာလမှာ ထင်ထားတာထက်တောင် ပိုများနေတယ်။ ငပလီဟိုတယ်ဇုန် တလျှောက်မှာက လူမျိုးခြားလည်း မရှိတဲ့အတွက် အေးချမ်းတယ်။ ဟိုတယ်ဇုန်ကနေ ကျန်တဲ့နေရာတွေကို လျှောက်မသွားဘူးဆိုရင်တော့ ဧည့်သည်တွေ လုံခြုံရေးအတွက် စိတ်ချရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် အစောပိုင်းလများတွင် မြန်မာပြည် အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ခရီးသွားလာမှု သတိပြုရန် အမေရိကန် သံရုံးက ၎င်းတို့၏ နိုင်ငံသားများကို သတိပေးစာ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ လာရောက် လည်ပတ်မှုနှုန်းလျော့ကျခဲ့သည်။

အလားတူ ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်း ငပလီနှင့် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်းကို ထိခိုက်မှုများရှိခဲ့ကြောင်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ပဋိပက္ခတွေကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းမယ်ဆိုရင် ဒေသကို အများကြီး ထိခိုက်နိုင်တယ်။ လူငယ်တော်တော်များများက ဟိုတယ်တွေမှာ အလုပ်လုပ်နေတယ်။ ဈေးသည်ကနေ ဆိုက်ကားဆရာအထိ ၆၅ ရာခိုင်နှုန်းလောက်က ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတာပါ။ ပဋိပက္ခတွေ ဒီဘက်ကို ကူးမလာအောင် ဝိုင်းထိန်းနေရတယ်” ဟု ကိုကျော်စိုးထွန်းက ပြောသည်။

ယခင်နှစ်များက ငပလီကမ်းခြေသို့ ဂျာမန်နှင့် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များသာ အများဆုံး လာရောက်ခဲ့သော်လည်း ယခု ပွင့်လင်းရာသီအစတွင် နိုင်ငံစုံမှ လာရောက်ကြကြောင်း၊ ယခင်က လုပ်ငန်းကိစ္စနှင့် လာရောက်လေ့ရှိသော တရုတ်နိုင်ငံသားများပင်လျှင် ယခုနောက်ပိုင်း ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက်လည်ပတ်သည်ကို တွေ့ရကြောင်း သူက ဆက်လက်ပြောသည်။

ငပလီကမ်းခြေ ဟိုတယ်ဇုန်ကို နှစ်စဉ် အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက် အပမ်းဖြေသည့် ကာလဖြစ်ကာ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများသည့် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့် ကာလများဖြစ်ကြောင်း သိရသည်။

ငပလီကမ်းခြေတွင် ယခုလက်ရှိတွင် ထပ်မံဖွင့်လှစ်မည့် ဟိုတယ်အသစ် နှစ်လုံး အပါအဝင် ဟိုတယ်စုစုပေါင်း ၁၆ လုံးရှိကြောင်း သိရှိရသည်။

Loading