Religion

သံတွဲ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ တောထဲတွင် ပုန်းအောင်းကြရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြန်လည်စတင်လာသော လူမျိုးရေး ဘာသာရေးခွဲခြားမှု အဓိကရုဏ်းများကြောင့် ကြောက်ရွံ့ ထိတ်လန့်နေကြသော မြန်မာနိုင်ငံ အနောက်ဖက်ပိုင်းမှ မွတ်ဆလင်မိသားစုများ တောအုပ်တွေထဲ တရက်ကြာ ပုန်းအောင်းနေခဲ့ကြရသည်ဟူ ပဋိပက္ခဖြစ်ပွားသော နေရာသို့ ရောက်ရှိနေသည့် အေပီ သတင်းထောက်များက ဆိုသည်။

ယခုဖြစ်ပွားခဲ့သော အကြမ်းဖက်ဆူပူမှုများက ယခင်နှစ်ကထဲက စတင်ခဲ့ပြီး လူရာနှင့်ချီ သေဆုံးခဲ့ကာ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မတည်ငြိမ်မှုများ ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရပ်တန့်ရန် မစွမ်းဆောင်နိုင်ခဲ့သည့် အစိုးရ၏ အား နည်းချက်ကို ဖော်ပြနေသည်။

သီးခြားလို ဖြစ်နေသည့် ရခိုင်ဒေသသို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများ အတွင်းတွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရသည်။

အင်္ဂါနေ့က ပင်လယ်ကမ်းခြေ သံတွဲမြို့အနီးတွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများ အတွင်းတွင် ဗုဒ္ဓဘာသာဝင် ဆူပူသူ လူစုကြီး တိုက်ခိုက်မှုကြောင့် အသက် ၉၄နှစ် အရွယ် အဖွားအို တဦးနှင့် မွတ်စလင် ၄ ဦး သေဆုံးခဲ့ရပြီး များစွာသော အိမ်များ မီးလောင် ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် ခရီးစဉ်၏ ဒုတိယနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် သံတွဲမြို့သို့ သမ္မတ ဦးသိန်းစိန် ရောက်ရှိလာခဲ့ပြီး နှစ်ဘက် အ ဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ခြိမ်းခြောက်နေပြီး နိုင်ငံတကာတွင် တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည်ဟု ပြောကြားခဲ့ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် အစိုးရ ရုပ်သံဌာနက ထုတ်လွှင့်ချက်၌ ဆူပူအကြမ်းဖက်မှုများအတွက် သမ္မတက ဝမ်းနည်းမိပါကြောင်းနှင့် အစိုးရက တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ပါရှိခဲ့သည်။ သို့သော်လည်း လူဦးရေ မည်မျှ သေကြေ၊ ဒဏ်ရာရရှိခဲ့သည် ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိပေ။

လွန်ခဲ့သော ၂ နှစ်က စစ်တပ်အာဏာ စွန့်လွှတ်ခဲ့ပြီး အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အရပ်သားအမည်ခံ အ စိုးရတာဝန်ယူခဲ့သည့်နောက် နိုင်ငံရေး ပွင့်လင်းလွတ်လပ်မှုရရှိအောင် ဦးဆောင်နိုင်ခဲ့သည့် အတွက် ဦးသိန်းစိန် ကို ချီးကျူးမှု အမြောက်အများရရှိခဲ့သည်။

သို့သော်လည်း ဦးသိန်းစိန်၏ အစိုးရအဖွဲ့ကို တုန့်ပြန်မှုနှေးကွေးခြင်းနှင့် တခါတရံ အားပေးအားမြှောက် ပြုသလိုပင်လျှင် ဖြစ်နေတတ်ခြင်းကြောင့် လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်စွပ်စွဲမှုများ ပြုခဲ့ကြသည်။ လူနည်းစုဖြစ်သော မွတ်စလင်များ အပေါ် လူမျိုးတုန်းသန့်စင်မှုများ ပြုခဲ့သည်ဟု သူတို့က ဖော်ပြခဲ့ကြသည်။

အာဏာပိုင်များသည် ဆူပူ အကြမ်းဖက်မှုများကို ဖြိုခွဲရန် အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် သိန်းနှင့်ချီသော မွတ်စလင်များ ကို ပြန်လည် နေရာချထားပေးရန် ပျက်ကွက်ခဲ့ပြီး ဒုက္ခသည်များကို အထောက်အပံ မပြည့်စုံသည့် ယာယီစခန်းများတွင် လုံခြုံရေး အစောင့်အကြပ်ဖြင့် ခွဲခြားနေထိုင်စေခဲ့သည်။

“ဒါက နိုင်ငံရေး ကစားပွဲတခု သက်သက်ပါပဲ” ဟု သံတွဲမြို့မှ အသက် ၅၄ နှစ်အရွယ် မွတ်စလင်အမျိုးသား ဦးလှစိန်က အေပီသတင်းဌာနသို့ ပြောသည်။ “သမ္မတ ဆိုတာ တိုင်းပြည်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။ မွတ်စလင်တွေ အသတ်ခံရတယ်၊ ပိုင်ဆိုင်တာတွေ ဖျက်ဆီးခံရတယ်၊ ဒါပေမယ့် သူက ခုချိန် အထိ နှုတ်ဆိတ်နေတုန်းပဲ” ဟု သူကပြောသည်။ သူနှင့် အတူထိုင်နေသူ ၆ ယောက်က လည်း သဘောတူသည့် အမူအရာဖြင့် ခေါင်းညိတ်ပြကြကြောင်း သတင်းက ဆိုသည်။

ယခုအချိန်အထိ ငြိမ်းချမ်းစွာ အတူနေလာကြသည့် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်များကြားတွင် ကွဲပြားအောင် သွေး ထိုးခဲ့သည့် အစွန်းရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်များကို ဦးလှစိန်က အပြစ်တင်သည်။

ဦးသိန်းစိန် မရောက်မီ တရက်အလိုတွင် ဦးလှစိန်၏ ဆွေမျိုး ၂ ဦး၏ အိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုများကို ရပ်တန့်ရန် အားထုတ်ခြင်း မပြုခဲ့ကြသဖြင့် ကျေးရွာအများအပြားသို့ ပျံ့ပွား သွားခဲ့ရခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက အေပီသတင်းဌာနသို့ ပြောကြသည်။

အင်္ဂါနေ့က သံတွဲမြို့ မြောက်ဖက် ၁၂ မိုင်အကွာ ရှိ သဗြုချိုင် ကျေးရွာတွင် လူ ၇၀၀ ခန့်ပါသော အကြမ်းဖက်သူများ လမ်းပေါ်သို့ ရောက်လာကြပြီး အချို့က ကိုင်စွဲထားသည့် ဓားရှည်များကို ဝှေ့ရမ်းလာကြသည်ဟု ရဲအရာရှိ ဦးကျော်နိုင် က ပြောသည်။ ၎င်းနောက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အတွင်းတွင် အသက် ၉၄ နှစ်အရွယ်ရှိ မွတ်စလင် အဖွားအို တဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး အိမ်ခြေ ၇၀ မှ ၈၀ ခန့် အထိ မီးရှို့ခံခဲ့ရသည်ဟုလည်း သူကပြောသည်။ သို့သော်လည်း အိမ် ၁၉ လုံးသာ မီးလောင်ပျက်စီးခဲ့သည်ဟု အခြား အရာရှိတယောက်က ဆိုသည်။

ရွာအတွင်းတွင် မွတ်စလင်ယောက်ျား ၄ယောက်၏ ရုပ်အလောင်းများကို တွေ့ရှိသည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့၏။

သံတွဲမြို့ခံ မူစလင်တယောက်ဖြစ်သော ကိုမျိုးမင်းက အင်္ဂါနေ့ ကဖြစ်ပွားခဲ့သည့် ဆူပူမှုများကြောင့် ထွက်ပြေးသွားသည့် မိသားစုများ ၏ လုံခြုံရေးအတွက် စိုးရိမ်မိကြောင်းပြောသည်။ သဗြုပြင်ကျေးရွာမှ မိသားစုအများအပြားသည် သူတို့ရွာကို လာရောက်တိုက်ခိုက်မှုများကြောင့် တောထဲသို့ တိမ်းရှောင် ပုန်းအောင်းခဲ့ကြရသည်။

“သူတို့ထဲက အများစုက မိန်းမတွေ၊ ကလေးတွေပါ။ ခုထိ သူတို့ပုန်းနေကြတုန်းပဲ။ သူတို့ ပြန်ထွက်မလာနိုင်ကြမှာ စိုးရိမ် တယ်၊ သူတို့ အတွက် အစားအစာနဲ့ သောက်ရေလိုတယ်။ မွတ်စလင်လူကြီးတွေကတော့ သူတို့ကို ဘေးကင်းရာပို့ ပေးနိုင်ဖို့ ဒါမှမဟုတ် အစားအစာ ပို့ပေးနိုင်ဖို့ ညှိနှိုှုင်းနေကြတယ်” ဟု ကိုမျိုးမင်းက အေပီသတင်းဌာနသို့ ပြောသည်။

မွတ်စလင်များဖက်က လက်စားချေသည့် အနေဖြင့် ပြန်လည် တိုက်ခိုက်မှုလည်း အနည်းဆုံး တကြိမ်ဖြစ်ပွားခဲ့သည် ဟုလည်း သိရသည်။

အသက် ၄၀ အရွယ်ရှိ ကိုသောင်းရွှေက သူနှင့် အခြားသူ ၅ယောက်တို့ အင်္ဂါနေ့က ရွှေလီကျေးရွာကို ဖြတ်သန်း လာစဉ် မိန်းမ အချို့ပါဝင်သော မွတ်စလင်လူစုတစုက တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ၄ ယောက် ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့ပြီး နှစ်ယောက် ပျောက်ဆုံးနေသည်ဟုလည်း ဆိုသည်။ သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ဝေးသော အဆိုပါရွာထဲမှ အဆောက်အဦ များ မီးခိုး တလူလူထွက်နေသည်ကို အေပီ သတင်းထောက်တဦး မြင်တွေ့ခဲ့ရသည်။

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော ဘာသာရေးခွဲခြားမှု အဓိကရုဏ်းများသည် မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ်သို့ အသွင်ပြောင်းကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ မြို့ရွာများသို့ ကူးစက်ပျံ့ပွားသွားခဲ့သည်။ ယခု အချိန်ထိ လူ ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် အဓိကထား၍ တိုက်ခိုက်ခံရသည်မှာ ရိုဟင်ဂျာခေါ်  မွတ်ဆလင်များ ဖြစ်သည်။ ၎င်းတို့ထဲမှ မိသားစုအများစုသည် မျိုးဆက်နှင့် ချီ၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံသားများက သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းလာကြသူများ ဖြစ်သည်ဟု သဘောထားကြသည်။

သို့သော်လည်း ယခု အပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှု၏ သားကောင်များမှာ ကမန်လူမျိုး မွတ်စလင်များ ဖြစ်သည်။ မူစလင်ဘာသာဝင်များ ဖြစ်သော ကမန်လူမျိုးများသည် မြန်မာနိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခံထားရသည့် လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။

သန်း ၆၀ ခန့် ရှိသော မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းသည် မူဆလင်များ ဖြစ်ပြီး ဆူပူမှု အကြမ်းဖက်မှုများတွင် အဓိက သားကောင်များ ဖြစ်ခဲ့သော်လည်း အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ပြစ်မှုများတွင် တရားခံအဖြစ် လူများစု ဗုဒ္ဓ ဘာသာဝင်များထက်ပို၍ ဖမ်းဆီးစွပ်စွဲခံကြရသူများလည်း ဖြစ်သည်။

(အေပီသတင်းထောက် Khin Maung Win နှင့် Robin McDowell တို့ ရေးသားသော Arakan Muslims Hide Amid Deadly Sectarian Clashes in Thandwe ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading