အစိုးရ တာဝန်ရှိသူများက ပြည်ပတွင် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကို အပ်နှံထားသည် ဆိုသော သတင်း နှင့် စပ်လျဉ်းပြီး ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ရှင်းလင်း ပြောဆိုခဲ့ သော်လည်း အစိုးရ၏ ရှင်းလင်းချက် သည် လိုရင်း မရောက်ဘဲ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့က ပြည်ပတွင် ငွေစာရင်း ၅ ခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ ဆိုသော သတင်းသည် လုံး၀ မဟုတ်မှန် သော သတင်း တရပ်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားအရံငွေ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ၊ ဒေါ်လာ ၁၁ ဘီလျံနှင့် လုံး၀ ဆက်စပ်မှု မရှိသကဲ့သို့ ယင်းကိစ္စကိုလည်း မသိကြောင်း လွှတ်တော်တွင် ရှင်းလင်းပြောဆိုသည်။
“ တခြားဘဏ်များမှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းတွေ ရှိတာကြောင့် ကြွေးလျှော် မပေးနိုင်ဟု ပြောဆိုမှု လုံး၀ မရှိခဲ့ကြောင်း ကျနော်အနေနဲ့ ခိုင်ခိုင်မာမာ တင်ပြလိုပါတယ်။ အာရှ ဖွံ့ဖြိုးရေး ဘဏ် နဲ့ ကမ္ဘာ့ဘဏ် တို့က ၎င်းတို့ရဲ့ အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းချက်များအရ ရရန်ရှိတဲ့ ကြွေးမြီ တွေကို လျှော်ပစ်ခဲ့ခြင်း အစဉ်အလာ မရှိခဲ့ပါဘူး။ သူတို့ ထည့်သွင်း စဉ်းစားနိုင်တာကတော့ အထူးသက်သာခွင့်ရှိတဲ့ ဆင်းရဲ နွမ်းပါးတဲ့ နိုင်ငံတွေကို လျော့ပေါ့ စဉ်းစား ပေးတဲ့ နည်းလမ်းပဲ ရှိပါတယ်”ဟု ဦးဝင်းရှိန်က ဆိုသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်လာ ၁၁ ဘီလျံနှင့်ဆက်စပ်၍ အစိုးရ၏ ရှင်းလင်းချက်သည် ရှုပ်ထွေးနေပြီး ရေရာ တိကျ သော သတင်းအချက်အလက် မပေးနိုင်ကြောင်း၊ ၁၁ ဘီလျံ ပြဿနာမှာ မပြီးဆုံးသေးဟု လွှတ်တော်ကိုယ်စားလှယ်များ က ဆိုကြသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒေါ်လာ ၁၁ ဘီလျံ နှင့် ပတ်သက်၍ အစိုးရက ရှင်းလင်းရာတွင် ကမ္ဘာ့ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နေသော အကြောင်းအရာ များသာ ဖြစ်ပြီး ဘဏ်ငွေစာရင်း ၅ ခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိ၊ မရှိ ကိုမူ မရှင်းပြဘဲ မသိဟုသာ ပြောဆိုကြောင်း၊ ဒေါ်လာ ၁၁ ဘီလျံ ပြဿနာသည် မပြီးဆုံးသေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“အစိုးရက မသိချင်တာတွေ လာပြောသလိုဖြစ်နေတယ်။ သူတို့ကြွေး ပြန်ဆပ်မယ့် နည်းလမ်းတွေကို ရှင်းပြတယ်။ မဆိုင်တာ တွေချည်းပဲ။ ပြည်သူတွေ တကယ်သိချင်တဲ့ ကိစ္စကျတော့ ပြောမသွားဘူး။ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေ ပေါင်းရင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိတာကိုပဲ အထပ်ထပ်ပြောတယ်။ ပြဿနာက အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူး” ဟု ဦးရဲထွန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတွင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ နိုင်ငံခြား အရံငွေ ရှိနေခြင်းကို ယခုအချိန်မှ ထုတ်ဖော်ပြောဆိုမှုအပေါ် မေးခွန်းခွန်းထုတ်လိုပြီး ပြည်သူများ စိတ်ဝင်တစား သိချင်နေသော ဒေါ်လာ ၁၁ ဘီလျံ ကိစ္စမရှင်းလင်းဘဲ အစိုးရတွင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိနေသည် ကိုသာ ရှင်းလင်းနေမှု အပေါ် နားမလည်ကြောင်း ပြောသည်။
“ဒီ ၁၁ ဘီလျံနဲ့ ပတ်သက်ပြီးတော့ အစိုးရက အမျိုးမျိုးပြောနေတယ်။ ဘဏ္ဍာရေး ဝန်ကြီးက ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ ရှိတယ် ပြောတယ် ။ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ကော်မရှင် အဖွဲ့ဝင် တယောက်က ဒေါ်လာ ၇ ဘီလျံ လောက်ရှိမယ်တဲ့။ ပြန်ကြားရေး ဒုတိယဝန်ကြီးကတော့ အစိုးရမှာ နိုင်ငံခြားငွေစာရင်း အကောင့် မရှိပါဘူးတဲ့။ ဆိုတာ့ ပြည်သူတွေက မျက်စိလည် ကုန်ပြီ။ အဲဒါကို ရှင်းစေချင်တာကို ၁၁ ဘီလျံက သူတို့နဲ့ မဆက်စပ်ဘူး။ သူတို့သိတာ ၇ဒသမ ၆ ဘီလျံ ရှိတယ်ပဲ ပြောနေတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဒေါ်လာ ၁၁ ဘီလျံသည် အစိုးရနှင့် မသက်ဆိုင်ဘဲ မသိရှိဟု ပြောဆိုနေခြင်းသည် ၁၁ ဘီလျံ အမှန်တကယ် ရှိ၊ မရှိ အစိုးရကိုယ်တိုင်ပင်လျှင် အမှန်တကယ် မသိရှိ ဟု ဝန်ခံရာရောက်ကြောင်း ရှင်းပြသည်။
“အစိုးရက ဒေါ်လာ ၁၁ ဘီလျံကိစ္စ မသိဘူး ဆိုတဲ့ အကြောင်းလာရှင်းတာ။ အစိုးရ ပိုင်တဲ့ဟာကတော့ ၇ ဒသမ ၆ ဘီလီယံ ရှိတယ်ပြောတယ်။ ၁၁ ဘီလျံက သူတို့ပိုက်ဆံ မဟုတ်ဘူးလို့ ပြောပေမယ့် ၁၁ ဘီလီယံ ရှိတယ် ၊ မရှိဘူး ဆိုတာကို သူတို့ မပြောနိုင်ဘူး။ ပြည်သူတွေ သိချင်တာက ၁၁ ဘီလျံ ဘယ်သူပိုင်သလဲ သိချင်တာ။ တကယ်လို့ ဒီပိုက်ဆံတွေကို ပုဂ္ဂလိက သူဌေးတွေ သွားအပ်ထားတာဆိုရင် အခုမှချမ်းသာ လာတဲ့ ခေတ်ပေါ် သူဌေးတွေ ဖြစ်မယ်။ အခုဘဏ်စနစ်ကို ခေတ်ပေါ်သူတွေပဲ သုံးတာ။ တခြားသူဌေးတွေက ဘဏ်စနစ်ကို မသုံးဘူး။ မျိုးရိုးစဉ်ဆက် ချမ်းသာ လာတဲ့ သူတွေ မဖြစ်နိုင်ဘူး´´ ဟု ဦးလှဆွေက ဆိုသည်။
အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားဘဏ်များတွင် ငွေအပ်နှံထားရာ၌ ဗဟိုဘဏ်၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှုဘဏ် (MFTB)၊ မြန်မာ့ ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေး ဘဏ် (MICB)၊ ဗဟိုဘဏ် အနေဖြင့် ငွေအပ်နှံထားခြင်း ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များက လည်း နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ပြီး အပ်နှံထားကြောင်း၊ စုစုပေါင်း အပ်နှံထားမှု ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိကြောင်း သိရှိရသည်။
၁၉၈၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် Paris Club နိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော် (၈၄၀၈ ဒသမ ၃၄) ရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင် အထိ အများဆုံး ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော် (၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဆက်စပ်သတင်း