မြန်မာပြည်ရဲ့ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ အခုထက် ပိုပြီး ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူရည်တူ မရှိမှုကို ဥပမာတခု အနေနဲ့ ပြောရရင် မြန်မာ အစိုးရအဖွဲ့မှာ အမျိုးသမီး ဝန်ကြီး ၄ ယောက်ပဲ ပါဝင်တာ တွေ့ရတယ်။ ဒါဟာ သိပ်ကို နည်းလွန်းပါတယ်” လို့ သူက ဆိုပါတယ်။
အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီလာခံတရပ် ကျင်းပပါတယ်။ အဲဒီညီလာခံ ဖွင့်ပွဲ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“လွှတ်တော်၌ အမျိုးသမီးများ၏ အကျိုးစီးပွားကို တိုးမြှင့် ဖော်ဆောင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ ကျင်းပတဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ကျားမ ခွဲခြားမှုတွေ ရှိနေတုန်းပဲ၊ ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု နည်းနေတုန်ပဲ လို့လည်း ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်ရဲ့ လွှတ်တော် နှစ်ရပ်ပေါင်းမှာ ကြည့်မယ် ဆိုရင်လည်း အမျိုးသမီးဦးရေဟာ ၃ ရာခိုင်နှုန်းပဲ ရှိတာကြောင့် အမျိုးသားအမတ် ၃၃ ဦးမှာ အမျိုးသမီးအမတ်က ၁ ယောက်နှုန်းသာ တက်ရောက်နေတယ်လို့ ယူဆနိုင်ပါတယ်။
အခြေခံဥပဒေထဲမှာလည်း ကျားမခွဲခြားတဲ့ အချက်တွေ ပါနေပါတယ်၊ ဒါကြောင့် အခြေခံဥပဒေက ပြင်ကို ပြင်ရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“အခြေခံဥပဒေကို တပ်မတော်သား အစိုးရက ရေးဆွဲခဲ့တာပါ။ အဲဒီ ခေါင်းဆောင်တဲ့ တပ်မတော်သားတွေ ထဲမှာ အမျိုးသမီး ဘယ်လောက်ပါသလဲ၊ အမျိုးသားအများစု ရေးဆွဲ အတည်ပြု ထားတဲ့ ဒီဥပဒေမှာ ကျားမတန်းတူရည်တူ မရှိမှုတွေ ပါနေမှာပဲ။ အဲဒီတော့ ဒီအခြေခံဥပဒေက ပြင်ကို ပြင်ရမှာပါ” လို့ သူက ဆက်ပြောပါတယ်။
သူက သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။
“အမျိုးသမီးတွေကို နိုင်ငံရေးကဏ္ဍမှာ ပိုမို ပါဝင်စေချင်ပါတယ်။ အမျိုးသမီးတွေမှာ စွမ်းရည် အပြည့် ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသမီးတွေဟာ ဘာမျှော်လင့်ချက်မှ မရှိဘဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရေးအတွက် အမြဲ ကြိုးစားနေရမယ်၊ ဒါဟာ အားယူခြင်း တမျိုးပဲ၊ တချိန်ချိန်မှာ အခွင့်အရေးဆိုတာ ရှိလာရင် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အကျိုးကျေးဇူးတွေ ပြန်ခံစားရမှာပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးထုကို အားပေးပါတယ်။
မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအရ ယောက်ျားတွေဟာ မိန်းကလေးတွေထက် မွေးကတည်းက အခွင့်အရေး ပိုရတဲ့အကြောင်း၊ အစားအသောက် အဝတ်အထည် စတာတွေအပြင် ပညာရေးမှာပါ အမျိုးသားတွေက အခွင့်အရေး ပိုမို ရရှိကြောင်း ပြောဆိုလိုက် ပါတယ်။
ဒီနေ့ စတင် ကျင်းပတဲ့ ၂ ရက်အကြာ ညီလာခံမှာ မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေအပြင် အာရှ၊ ဥရောပ၊ လက်တင်အမေရိက နိုင်ငံတွေက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀ ကျော်တို့ တက်ရောက်ကြပါတယ်။
Konrad-Adenauer-Stiftung က စုစည်း ကျင်းပပေးတဲ့ ဒီညီလာခံရဲ့ သဘောထား အနေနဲ့ ကမ္ဘာတလွှားက နိုင်ငံရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်မှု နှေးကွေးနေသေးပေမယ့် သိသိသာသာ တိုးတက်လာတာ တွေ့ရတာကြောင့် အခုလို နိုင်ငံတကာက နိုင်ငံရေးကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေ စုစည်းပြီး နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် ဆွေးနွေးကြမှာဖြစ်ကြောင်း၊ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခြင်း အားဖြင့် အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် ရရှိမှုအတွက် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“နိုင်ငံရေးအရ ဦးဆောင်မှုနဲ့ ပိုမို ယေဘုယျ ကျတဲ့ လူ့ဘောင်အသိုင်းအဝန်းမှာ အမျိုးသမီးတွေရဲ့ မြင်သာတဲ့ အသွင်ကို ထင်ဟပ်လျှက် ရှိပါတယ်၊ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု မပါရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ပြောင်းမှုကို အကြီးအကျယ် ယုံမှားသံသယ ဖြစ်နေကြပါလိမ့်မယ်” လို့ ညီလာခံရဲ့ သဘောထားက ဆိုပါတယ်။