သတင်း

ယခုလကုန်တွင် အင်တာနက် ပိုမို မြန်လာမည်ဟု ဆို

This article has been converted from Zawgyi One to Unicode

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတကာနှင့် ဆက်သွယ်ထားသော ဖိုင်ဘာဆက်ကြောင်းတခု၏ Bandwidth ကို နှစ်ဆ တိုးလိုက်သည့်အတွက် ယခုလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများသည် သတင်း အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ပေးပို့ ရယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Bandwidth ဆိုသည်မှာ အင်တာနက်ဆက်ကြောင်း တလျှောက်တွက် သယ်ယူပို့ဆောင်ပေးနိုင်သည့် အချက်အလက် ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကို တစက္ကန့် အချိန်အပိုင်းအခြားအတွင်း စီးဆင်းနိုင်သည့် သတင်းအချက်အလက် ပမာဏကို မူတည်၍ တိုင်းတာဖော်ပြပြီး ကွန်ရက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသည်။

မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများ လိုင်းကြပ်ခြင်း၊ နှေးကွေးခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် လက်ရှိ Bandwidth ကျဉ်းမြောင်းနေသည့်အတွက် ဖြစ်သည်။ လူသုံးများသည့် နေ့ခင်း အချိန်များတွင် အင်တာနက် ပို၍နှေးသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အဆိုအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ သွယ်တန်းထားသော အင်တာနက် ဆက်ကြောင်းသည် Bandwidth 2.5 Gbps (gigabytes per second)၊ SEAMEWE-3 ဟု သိကြသော ပင်လယ် ရေအောက် ဆက်ကြောင်းက Bandwidth 6.2 Gbps နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ထားသော ဆက်ကြောင်းက Bandwidth 8.5 Gbps ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ထိုင်းနိုင်ငံဖက်သို့ ဆက်သွယ်ထားသော ဆက်ကြောင်းကို ယခုလအတွင်းတွင် Bandwitdh 20 Gbps အထိ တိုးမြှင့်မည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ စမ်းသပ်ခြင်းလုပ်ငန်းများ မည်သည့်နေ့တွင် ပြီးဆုံးမည်ကို တိကျစွာ မပြောနိုင်သေးသော်လည်း “အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်သည့် အဆိုပါ အားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ထားသည့် ဆက်ကြောင်းကို အဆင့်မြှင့်နိုင်ခြင်းမှာ အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၃ မြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အင်တာနက်အမြန်နှုန်းကို 20 Gbps အထိရှိအောင် လုပ်ဆောင်ပေးမည့် ဂျပန်အစိုးရမှ ကူညီသော စီမံကိန်းအရ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဆင့်မြှင့်တင်ရေး အကူညီဖြင့် ဆီးဂိမ်း အားကစားပွဲ ကာလအတွင်းတွင် 4G မိုဘိုင်းကွန်ရက်ကို ယာယီ အသုံးပြုနိုင်ရန်လည်း နောက်တဆင့်အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။

Bandwidth ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ကွန်ရက်တခုလုံး၏ စွမ်းဆောင်ရည် တိုးတက်လာမည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း ကွန်ရက်အတွင်း အချက်အလက်များ စီးဆင်းရန် ကြာမြင့်ချိန် (မြန်နှုန်း) နှင့် သုံးစွဲသူ ပမာဏ စသည့် အချက်များသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

မည်သည့်အချိန်တွင် စတင် အသုံးပြုနိုင်မည်ကို တိကျစွာ မသိသေးသော်လည်း အဆင့်မြှင့်မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို အင်တာနက် အသုံးပြုသူများအား အသိပေးထားသင့်ကြောင်း၊ သို့မှာသာလျှင် သူတို့ နောက်တကြိမ် အင်တာနက် ဖွင့်လိုက်တိုင်း ထူးခြားမှုကို ခံစားသိနိုင်ကြမည် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။

Loading