Crime

ပြည် နဝဒေး တံတားအောက် လူသတ်မှု စစ်သားတွေနဲ့ မသက်ဆိုင်ဟု ရှင်းလင်း

This article has been converted from Zawgyi One to Unicode

ပြည်မြို့ နဝဒေး တံတားအောက် လူသတ်မှုနဲ့ ပတ်သက်ပြီး ခလရ (၇၅)မှ တပ်မတော်သား သုံးဦးနဲ့ မသက်ဆိုင်ကြောင်း ရှင်းလင်း ပွဲ တရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှာ ပြုလုပ်ခဲ့ပါတယ်။

တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းဘိုရှိန်နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြင့်အောင်တို့က ဦးဆောင်ရှင်းလင်းတာ ဖြစ် ပြီး ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း၊ ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ပြည်ခရိုင် ရဲတပ်ဖွဲ့ နဲ့ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စသုံးလုံး) ၊ မြို့မိမြို့ဖများ နှင့် အသတ်ခံရသည့် ကိုဇော်မင်း ဦးနှင့် အကြမ်းဖက်ခံရသူ မအိဇင်မိုး ရဲ့ မိဘဆွေမျိုးများ တက်ရောက်တယ်လို့ သိရပါတယ်။

ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီးမြင့်အောင်က စွပ်စွဲခံရတဲ့ ခလရ (၇၅)က ရဲဘော် သုံးဦးဟာ ညနေတန်းစီချိန် တပ်ထဲမှာ ရှိကြောင်း၊ နောက်ပိုင်း ဘီယာသောက်ရင်း ငွေ ကျပ်၂သောင်းချေးကာ တပ်အပြင် ခိုးထွက်သွားချိန်မှာ အခုလို စွပ်စွဲ ဖမ်းဆီး ခံရ တာ ဖြစ်တယ် ဆိုတာ သက်သေများနဲ့ တင်ပြနိုင်ကြောင်း ရှင်းလင်း ပြောကြားတယ်လို့ ဆိုပါတယ်။ ဒေသ ကွက်ကဲမှု စစ်ဌာနချုပ် ကို မေးမြန်းဖို့ ဖုန်းနဲ့ ဆက်သွယ်ရာ ဆက်သွယ်လို့ မရခဲ့ပါ။

ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ မအိဇင်မိုး ရဲ့ ဖခင် ဦးမြင့်ကို ကတော့“သူတို့စစ်သား ၃ ဦး သတ်တာ မဟုတ်ဘူးဆိုတာ ရှင်းပြတာပါ၊ အပြင်လူ မဖိတ်ဘူး၊ သူ့တို့ ပြောသမျှ ခေါင်းညိတ်မယ့်သူတွေပဲ ဖိတ်တာ၊ အသတ်ခံရပြီး ၆ လကျော်မှ ရှင်းတာဆိုတော့ လုပ်ဇာတ် မှန်း သိသာတာပေါ့ဗျာ”လို့ ပြောပါတယ်။

အသတ်ခံရသူ ကိုဇော်မင်းဦး ရဲ့ အစ်မ မသီတာဦးက အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံအမြန်ဆုံး ဖမ်းဆီးရေး တောင်းဆိုပေမယ့် တရားခံပေါ်ပေါက်ရေးဟာ ပြည်သူ့ရဲတွေ အလုပ်လုပ်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်လို့ စစ်အရာရှိကြီးများဘက်က တုံ့ပြန် ပြောဆို တယ်လို့ သိရပါတယ်။

“ဗိုလ်ချုပ်က ပြောတယ် သူ့လူတွေကို အပြစ်မရှိဘဲနဲ့ ပေးမစစ်နိုင်ဘူး၊ CIDက ခိုင်လုံတဲ့ အထောက်အထားပြမှ စစ်ခွင့်ပေးနိုင်မယ်၊ သူ့လူတွေအတွက် သူ့အလုပ် ရာထူးနဲ့လဲပြီး ကာကွယ်ရမယ်၊ အခုလည်း တပ်စည်းကမ်းပျက်မှုနဲ့ သုံးလစီ အမိန့်ချပြီးပြီလို့ ပြော တယ်”လို့ ဦးမြင့်ကိုက ဆက်ပြီး ပြောပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အမှုကို ကိုင်တွယ်ဆောင်ရွက်နေရတယ် ဆိုပေမယ့် တပ်မတော်သား ၃ ဦးကိုတော့ စစ်ဆေးခွင့် မရသေး ဘူးလို့ မှုခင်းရဲတပ်ဖွဲ့(CID) တာဝန်ရှိသူတွေကလည်း ပြန်လည် ရှင်းလင်းပြောကြားတယ်လို့ သိရပါတယ်။

နဝဒေး တံတားအောက် လူသတ်မှုဖြစ်ပွားခဲ့တာဟာ ၆ လပြည့်ပြီဖြစ်ပေမယ့် တရားခံ မပေါ်ပေါက်သေးပါဘူး၊ ဒါကြောင့်လည်း ပြီးခဲ့ တဲ့ ရက်ပိုင်းက လူသတ်မှု အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပြည်မြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းတောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက“ဥပဒေ အထက်မှာ တော့ ဘယ်သူမှ မရှိစေချင်ဘူး၊ တရားခံ မပေါ်သရွေ့ကတော့ သံသယ ရှိဆဲပဲလို့ ယူဆရမှာပဲ”လို့ ဆိုပါတယ်။

မကြာသေးခင်က ပြည်မြို့ လမ်းမတော်လမ်း နာရီဆိုင် လူသတ်မှုမှာလည်း တရားခံမပေါ်သေး သကဲ့သို့ နဝဒေး တံတားအောက် လူသတ်မှုမှာလည်း မပေါ်သေးကြောင်း၊ မြို့လုံခြုံရေး တရားဥပဒေ စိုးမိုးရေးအတွက် အမြန်ဆုံးဖော်ထုတ်ဖို့လည်း တာဝန်ရှိ သူတွေ ကိုတောင်းဆိုခဲ့ပါတယ်လို့ ဦးကျော်ကျော်လင်းက ပြောဆိုပါတယ်။

အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သံလွင်ခက် လူထုအခြေပြု အဖွဲ့ ကိုမင်းမင်းကတော့ ယခုရှင်းလင်းပွဲမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ တပ်မတော်မှ ထိုသို့ ဝင်ရောက်ဆောင်ရွက်ခြင်းသည် အမှုမှန်ပေါ်ပေါက်ရေး အတွက် အဟန့်အတားဖြစ်စေကြောင်း မှတ်ချက်ချပါတယ်။

အခုနှစ် ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့် မအိဇင်မိုး တို့ စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှု ၌ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာတွင် တပ်မတော်သားများ ဖြစ်နေခဲ့ခြင်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ အချိန်မှာပဲ အနီးအနားမှာ ခလရ (၇၅)က စစ်သားနှစ်ဦး ဖြစ်တဲ့ ရဲကိုဦးနဲ့ သန်းထိုက်အောင်ကို ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ကျန်တဦးဖြစ်တဲ့ သန်းဝင်းအောင် ကတော့ တပ်ထဲမှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Loading