ပါလီမန်စနစ်တွေမှာတော့ ဝန်ကြီးချုပ်က အစိုရအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လေ့ရှိပြီး စည်းမျဉ်းခံ ဘုရင် ဒါမှမဟုတ် တိုင်းပြည် အဆောင်အယောင်အတွက် အဓိက ရွေးချယ်ထားတဲ့ သမ္မတက နိုင်ငံအကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်လေ့ ရှိပါတယ်။ ဘုရင်မရှိရင်တော့ သမ္မတကို ဘယ်လို နည်းစနစ်တွေနဲ့ ရွေးချယ်သင့်တယ် ဆိုတာကို အခြေခံဥပဒေ ရေးဆွဲသူတွေက ဆုံးဖြတ်ဖို့ လိုလာပါတယ်။ ကျနော့် အကြံဉာဏ်မှာ ၂ ပိုင်း ပါဝင်ပါတယ်။ တပိုင်းကတော့ သမ္မတရဲ့ နိုင်ငံရေးအာဏာတွေကို အလွန်ကန့်သတ်ထားပြီး သမ္မတရာထူးကို အဆောင်အယောင် သက်သက်သာ ဖြစ်အောင် သေချာစည်းမျဉ်းရေးဆွဲထားဖို့ ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ သမ္မတကို လူထုရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်တာ မလုပ်စေဖို့ပါ။ လူထုရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်တာဆိုရင် ဒီမိုကရေစီ တရားဝင်မှု ပေးအပ်လိုက်သလို ဖြစ်သွားပါတယ်။ ဒါ့အပြင် အခြေခံဥပဒေထဲမှာ ပေးထားတဲ့ သမ္မတအာဏာတွေက အနည်းဆုံး ပမာဏထက်ပိုနေပြီး လူထုရွေးကောက်ပွဲနဲ့ ပေါင်းစပ်ပေးလိုက်ရင် သမ္မတတွေကို နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ မြူဆွယ်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါ နိုင်ငံရေစနစ်ကလည်း ပါလီမန်ကနေ ရောစပ်သမ္မတ စနစ်ဆီကို ရွေ့လျောသွားနိုင်ပါတယ်။ ပိုပြီး နှစ်သက်စရာ ကောင်းတာကတော့ သမ္မတကို ပါလီမန်ကနေ ရွေးကောက်တင်မြှောက်တာပါ။
ထူးထူးခြားခြား ဆွဲဆောင်မှုရှိတဲ့ ပုံစံကတော့ သြစတေးလျ ပါလီမန်စနစ်ကို ဘုရင်စနစ်ကနေ သမ္မတစနစ်ဆီကို ပြောင်းဖို့ ရည်ရွယ်ရာမှာ အစိတ်အပိုင်း တခုအနေနဲ့ အဆိုပြုတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့ အတိုက်အခံ ခေါင်းဆောင်တို့ရဲ ပူးတွဲ အဆိုပြု အမည်တင်သွင်းမှုအပေါ် အခြေခံလို့ သမ္မတကို ရွေးချယ်မှာဖြစ်ပြီး လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ၃ ပုံ ၂ ပုံ အများစုက အတည်ပြုပေးရမယ်လို့ ပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။ ၃ ပုံ ၂ ပုံ အများစုဆိုတဲ့ စည်းမျဉ်းရဲ့ နောက်ကွယ်မှာ အဓိကရှိနေတဲ့ စိတ်ကူးက ရွေးကောက်တင်မြှောက်မယ့် သမ္မတက ဘယ်နိုင်ငံရေး ပါတီဘက်ကိုမှ မလိုက်သလို နိုင်ငံရေနဲ့လည်း ကင်းရှင်းတဲ့ ပုဂ္ဂိုလ်တယောက်ကိုပဲ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ဖို့ပါ။ (၁၉၉၉ လူထုဆန္ဒခံယူပွဲမှာ သြစတေးလျ မဲဆန္ဒ ရှင်တွေက အဆိုပြုချက်တခုလုံးကို ပယ်ချခဲ့ပြီး ပယ်ချခဲ့တဲ့အဓိက အကြောင်းကတော့ သမ္မတနိုင်ငံ လိုလားတဲ့သူတွေ အများစုက လူထုတိုက်ရိုက် ရွေးချယ်တင်မြှောက်တဲ့ သမ္မတ စနစ်ကို ပြင်းပြင်းပြပြ လိုလားနေတာကြောင့်ပါ။ အသိဉာဏ်နည်းပါးတဲ့ ပယ်ချမှုလည်းဖြစ်ပါတယ်)။ ကျနော့်အမြင်မှာတော့ နိုင်ငံအကြီးအကဲကို သီးခြားမထားတဲ့ တောင်အာဖရိကနိုင်ငံက စနစ်က အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။ အဲဒီမှာတော့ သမ္မတက ပါလီမန်ရဲ့ ယုံကြည်မှုအပေါ် မူတည်နေတဲ့ ဝန်ကြီးချုပ် တကယ်တမ်းမှာ ဖြစ်နေပြီး တပြိုင်နက်တည်းမှာလည်း နိုင်ငံအကြီးအကဲတာဝန်တွေကို ထမ်းဆောင်ရပါသေးတယ်။
၇) ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ခြင်း
နယ်မြေဒေသအလိုက် စုစည်းနေထိုင်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေ ရှိနေပြီး အုပ်စု အချင်းချင်းကြား ကွဲပြားနေတဲ့ နိုင်ငံတွေမှာတော့ အဆိုပါ အုပ်စုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ နည်းလမ်းကောင်းကတော့ ဖက်ဒရယ်စနစ်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်တွေမှာ အမြဲလိုလို ဖော်ဆောင်တတ်တဲ့ ဒုတိယ (ဖက်ဒရယ်) ဥပဒေပြုလွှတ်တော်နဲ့ ပက်သက်ပြီး ကျနော်က အထူးအကြံပေးချင်ပါတယ်။ ဒါက နိုင်ငံရေးအရ ပြည့်ဝတဲ့ သြဇာအာဏာကို မကြာခဏ ကိုင်စွဲတတ်တဲ့ လွှတ်တော်ဖြစ်ပြီး အဲဒီမှာ ဖက်ဒရေးရှင်း (ပြည်ထောင်စု) ရဲ့ လူဦးရေ ပိုနည်းပါးတဲ့ ယူနစ် (ပြည်နယ်) တွေက အချိုးအစားပိုများများ ကိုယ်စားပြုခွင့် ရထားတတ်ပါတယ်။ (ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော်ကို စဉ်းစားကြည့်ပါ။ အဲဒီမှာ သေးငယ်တဲ့ ဝိုင်ရိုမင်း ပြည်နယ်က ကြီးမားတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်လိုပဲ အမတ်နေရာ ၂ ခုကို တန်းတူညီမျှ ရရှိထားပါတယ်)။
လုပ်ပိုင်ခွင့်အာဏာ တန်းတူညီမျှ ဒါမှမဟုတ် အရေးကြီးတဲ့ ကိစ္စတွေမှာ တန်းတူညီမျှပြီး ဖွဲ့စည်းပုံမတူညီတဲ့ လွှတ်တော် ၂ ရပ်ကို ထားရှိတာက ပါလီမန်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေအတွက် အလုပ်မဖြစ်နိုင်ပါ။ တချက်ကတော့ ၁၉၇၅ သြစတေးလျ အခြေခံဥပဒေ အကျပ်အတည်းက ပြထားသလိုပါပဲ၊ လွှတ်တော် ၂ ရပ်လုံးရဲ့ ယုံကြည်ကိုးစားမှုကိုရတဲ့ ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းဖို့ အလွန်တရာ ခက်ခဲသွားစေပါတယ်။ နောက်တချက်ကတော့ ဝန်ကြီးအဖွဲ့ကို အောက်လွှတ်တော်က အပြည့်အ၀ ထောက်ခံမှု ဆက်လက်ပေးထားရင်တောင် အတိုက်အခံ ထိန်းချုပ်တဲ့ အထက်လွှတ်တော်က ဝန်ကြီးအဖွဲ့ကို အတင်းအကျပ် နှုတ်ထွက်ခိုင်းဖို့အတွက် နိုင်ငံတော်ဘတ်ဂျတ်ကို အတည်မပြုပေးဘဲ ငြင်းဆန်နေတတ်ပါတယ်။ ဒါ့အပြင် ပြည်နယ်အငယ်လေးတွေက ပြည်ထောင်စုလွှတ်တော် အတွင်းမှာ အရွယ်အစားနဲ့ မလိုက်ဘဲ ကိုယ်စားပြုခွင့် ရနေတာတွေများလာရင် ဒီမိုကရေစီ အခြေခံမူဖြစ်တဲ့ “လူတဦး မဲတပြား” ဆိုတာကိုလည်း ချိုးဖျက်ပါတယ်။ ဒီလိုရှု့ထောင့်ကနေပြောရင် ဂျာမနီနဲ့ အန္ဒိယ ဖက်ဒရယ်ပုံစံတွေက အမေရိကန်၊ ဆွစ်ဇာလန် နဲ့ သြစတေးလျ ဖက်ဒရယ် ပုံစံတွေထက် ပို နှစ်သက်ဖွယ် ကောင်းပါတယ်။
ယေဘုယျဆိုရရင်တော့ ဖက်ဒရေးရှင်း ပြည်ထောင်စုတွေမှာ ဗဟိုချုပ်ကိုင်မှုကို အတော်အသင့် ဖြေလျှော့သင့်ပြီး ပါဝင် ပေါင်းစပ်ထားတဲ့ ယူနစ် (ပြည်နယ်တွေ) ကလည်း အတော်အသင့် သေးငယ်သင့်ပါတယ်။ အဲဒါမှသာ ပြည်နယ်တစ်ခုချင်းစီမှာ တိုင်းရင်းသား အုပ်စုတခု အဓိက နေထိုင်မှာဖြစ်ပြီး ဖက်ဒရယ်အဆင့်မှာ ပြည်နယ်ကြီးတွေရဲ့ လွှမ်းမိုးမှုကို ရှောင်ရှားနိုင်မယ့် အလားအလာတွေ အားကောင်းလာမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တိုင်းပြည် တခုချင်းစီအလိုက် ကွဲပြားနေတဲ့ အသေးစိတ် အချက်အလက်တွေကို လိုက်ပြီး နောက်ထပ်များပြားတဲ့ ဆုံးဖြတ်ချက်တွေ တပုံတပင်ကြီးကိုလည်း ဆက်လက် ပြုလုပ်ရမှာ ဖြစ်ပါတယ် (ပြည်နယ် နယ်နိမိတ်ကို ဘယ်လိုရေးဆွဲမယ် ဆိုတာမျိုးလို ကိစ္စရပ်တွေပါ)။ ဖက်ဒရေးရှင်းအတွင်း ဗဟိုချုပ်ကိုင်မှုကို ဘယ်လောက်အထိ လျှော့ချပြီး ပြည်နယ်တွေကို ခွဲပေးမလဲ ဆိုတာကို ကျွမ်းကျင်သူတွေက ရှင်းရှင်းလင်းလင်း အကြံဉာဏ်မပေးနိုင်ပါ။ ဒါ့အပြင် အမေရိကန် ကနေဒါ၊ အန္ဒိယ၊ သြစတေးလျ၊ ဂျာမနီ ၊ဆွစ်ဇာလန်၊ သြစတီးယား ပုံစံတွေထဲက ဘယ်ဟာက နမူနာယူဖို့ သင့်တော်သလဲ ဆိုတာကိုလည်း သူတို့က အကြံမပေးနိုင်ပါ။
၈) နယ်မြေကို အခြေမခံသော ကိုယ်ပိုင်အုပ်ချုပ်ရေး
တိုင်းရင်းသားနဲ့ တခြားအုပ်စုတွေက နယ်မြေဒေသတခုမှာ စုစည်းနေထိုင်တာမျိုးမရှိဘဲ အုပ်စုကွဲနေတဲ့ နိုင်ငံတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နယ်မြေဒေသကို အခြေမခံဘဲ ပေးအပ်သင့်ပါတယ်။ ဥပမာ ဘာသာရေး အခြေခံပြီး အုပ်စုကွဲနေတာဆိုရင် အဆိုပါ ဘာသာရေးအုပ်စုတွေက သူတို့ကိုယ်ပိုင်ကျောင်းတွေကို ထိန်းချုပ်ထားချင်တဲ့ ဆန္ဒတွေရှိကြပါတယ်။ အန္ဒိယ၊ ဘယ်လ်ဂျီယမ် နဲ့ နယ်သာလန် နိုင်ငံတွေမှာ အလုပ်ဖြစ်နေတဲ့ အဖြေကတော့ အဆိုပါ ကျောင်းတွေက ပြည်သူပိုင်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ အခြေခံပညာရေး စံသတ်မှတ်ချက်တွေနဲ့ ညီညွတ်နေသရွေ့ ကျောင်းတွေအားလုံးကို ငွေကြေးအကူအညီ တန်းတူညီမျှပေးခြင်းဖြင့် ပညာရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရအောင်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဘာသာရေးကို သီးခြားစီ ခွဲထားရမယ်ဆိုတဲ့ အခြေခံမူကို ဒီလိုလုပ်ဆောင်တာက ချိုးဖောက်လိုက်တာ ဖြစ်ပေမယ့် ပညာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နိုင်ငံတော်က လုံး၀ ကြားနေခွင့် ရသွားပါတယ်။
၉) ဝန်ကြီးအဖွဲ့နဲ့ ပါလီမန်အပြင် တခြားကဏ္ဍများတွင်ပါ အာဏာခွဲဝေ ကျင့်သုံးခြင်း
အုပ်စုကွဲပြားမှု ရှိနေတဲ့နိုင်ငံတွေမှာ တိုင်းရင်းသားနဲ့ တခြားအုပ်စုတွေ အားလုံးအတွက် ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုကို ဝန်ကြီးအဖွဲ့နဲ့ ပါလီမန်အတွင်းမှာသာ ပေးအပ်တာမျိုး မဖြစ်သင့်ဘဲ အစိုးရဌာနတွေ တရားစီရင်ရေး ကဏ္ဍတွေ ရဲတပ်ဖွဲ့နဲ့ စစ်ဖက်မှာလည်း ပေးအပ်ဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ တိုင်းရင်းသားလူမျိုးအလိုက်၊ ကိုးကွယ်ရာ ဘာသာအလိုက် ရနိုင်တဲ့ခွဲတမ်းကို တရားဝင် သတ်မှတ်ပေးရင် ရည်ရွယ်ချက် အထမြောက်နိုင်ပေမယ့် ခွဲတမ်းအရေအတွက်ကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်လို့ မဆိုလိုပါ။ ဥပမာအနေနဲ့ အုပ်စုတခုက ကိုယ်စားပြုမှု ရာနှုန်း ၂၀ အတိအကျ ရစေမယ်လို့ သတ်မှတ်ထားတာထက် ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြားကို ပစ်မှတ်ထားခြင်းဖြင့် ပြင်ဆင်ပြောင်းလဲရ ပိုမိုလွယ်ကူတဲ့ စည်းမျဉ်းတခုကို ကျင့်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ခွဲတမ်း သတ်မှတ်ထားတာတွေက မလိုအပ်ဘဲ လုပ်ဆောင်ထားတာသာ ဖြစ်တယ်လို့ ကျနော်ကတော့ မကြာခဏ တွေ့ထားပါတယ်။ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုအတွက် ယေဘုယျကျတဲ့ ရည်မှန်းချက်ကို အခြေခံဥပဒေထဲမှာ တိတိကျကျ ဖော်ပြထားပြီး အဆိုပါ ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် အာဏာခွဲဝေ ကျင့်သုံးတဲ့ ဝန်ကြီးအဖွဲ့နဲ့ အချိုးကျ ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ လွှတ်တော်တွေကို အားကိုးအားထားပြုတာက လုံလောက် ထိရောက်ပါတယ်။
တခြားကိစ္စရပ်များ
တခြား အချေအတင်ပြောဆိုစရာ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပက်သက်လာရင်တော့ အခြေတကျ ဖြစ်ပြီးသား ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေမှာ အတွေ့ရအများဆုံး ပုံစံတွေကို စတင် လေ့လာစဉ်းစားကြည့်ပါလို့ ကျနော် အကြံပေးချင်ပါတယ်။ အတွေ့ရအများဆုံး ပုံစံတွေကတော့ အခြေခံဥပဒေကို ပြင််ဆင်ဖို့အတွက် ၃ ပုံ ၂ ပုံ Majorityကို လိုအပ်ခြင်း (လူနည်းစုအုပ်စုတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြင်ဆင်ဖို့အတွက် ဆိုရင် ၃ ပုံ ၂ ပုံ Majority ထက် ပိုများတဲ့ သတ်မှတ်ချက်လည်း ဖြစ်နိုင်ပါတယ်)၊ အောာက်လွှတ်တော်ရဲ့ အရွယ်အစားက လူဦးရေ စုစုပေါင်းရဲ့ ၃ ထပ်ကိန်းရင်း ပမာဏလောက်ထားခြင်း (ဆိုလိုတာကတော့ အီရတ်လိုမျိုး လူဦးရေ ၂၅ သန်းလောက် ရှိတဲ့နိုင်ငံမှာ လွှတ်တော်အမတ် အရေအတွက် က ၁၄၀ လောက် ထားခြင်း) နဲ့ လွှတ်တော်တွေရဲ့ သက်တမ်းကို ၄ နှစ်လောက် သတ်မှတ်ခြင်းတွေ ဖြစ်ပါတယ်။
အသစ်ရေးဆွဲထားတဲ့ အခြေခံဥပဒေအတွက် လိုအပ်တဲ့ ဒီမိုကရေစီနည်းအရ တရားဝင်မှုကို လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးရင် ရနိုင်ပေမယ့် လူထုဆန္ဒခံယူပွဲ ပြုလုပ်တဲ့ အရေအတွက် ကန့်သတ်ချက်ကို အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားဖို့ကိုတော့ ကျနော်က အကြံပေးချင်ပါတယ်။ ဆန္ဒခံယူပွဲတွေနဲ့ ပက်သက်ပြီး တွေ့ရတဲ့ ပုံစံတမျိုးကတော့ ဥပဒေကြမ်းကို ရေးဆွဲဖို့ နဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ပေါ်ပြူလာ လူများစုက စတင် အဆိုပြုဖို့လိုပြီး အဆိုပြုမှုတွေကို လူထုက တိုက်ရိုက်မဲပေးပြီး ဆုံးဖြတ်တာ ပါဝင်ပါတယ်။ လူနည်းစု အုပ်စုတွေကို အနိုင်ယူဖို့ Majority လူများစုက ပြောင်ပြောင်တင်းတင်း အသုံးပြုတဲ့ လက်နက်ကိရိယာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Majority လူများစု လွှတ်တော် ကိုယ်စားလှယ်တွေ အတည်ပြုထားတဲ့ ဥပဒေကို လူနည်းစု မဲဆန္ဒရှင် အနည်းငယ်က စိန်ခေါ်မေးခွန်းထုတ်ဖို့ ခေါ်ယူတဲ့ လူထုဆန္ဒခံယူပွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပပါတယ်။ အဆိုပါ ဆွစ်ဇာလန်ပုံစံမှာ အာဏာခွဲဝေမှုကို အားပေးမြှင့်တင်တဲ့ ကောင်းကွက်တွေရှိပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပပြီး ဥပဒေကိုပြင်ဆင်ဖို့ လူနည်းစုတွေရဲ့ ကြိုးပမ်းလှုပ်ရှားမှုက ရှုံးနိမ့်သွားရင်တောင် ဆန္ဒခံယူပွဲနဲ့ ပက်သက်တဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု ကုန်ကျစရိတ်တွေကို လူများစုက ပေးရပါတယ်။ လူများစုတွေ အတည်ပြုတဲ့ ဥပဒေကိုပြင်ဆင်ဖို့ လူနည်းစုတွေက ကြိုးပမ်းနိုင်တဲ့ အလားအလာကြောင့် လူများစုတွေကလည်း လူနည်းစုတွေရဲ့ သဘောထားအမြင်တွေကို အလေးဂရုပြု နားထောင်ဖို့ လိုအပ်လာပါတယ်။ဆန္ဒခံယူပွဲနဲ့ ပတ်သက်လာရင် အလွန် ဂရုဓမ္မကြီးစွာနဲ့ ကိုင်တွယ်ဖို့ ဆိုတာကိုပဲ ကျနော်က အကြံပေးချင်ပါတယ်။
အမေရိကန်၊ ဆွစ်ဇာလန်နဲ့ (၁၉၈၀ ပြည့်နှစ်တွေက စပြီးနောက်ပိုင်း) အီတလီဆိုတဲ့ ဒီမိုကရေစီ ၃ နိုင်ငံတွေမှာပဲ ဆန္ဒခံယူပွဲတွေ မကြာခဏ ကျင်းပပေးရတဲ့ အချက်ကိုကြည့်ရင် ကျနော်ပေးတဲ့ လမ်းညွန်ချက် မှန်ကန်ကြောင်း ထောက်ပြနေသလိုပါ။ ကျနော် မပြောရသေးတဲ့ တခြား အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေကိုလည်း အခြေခံဥပဒေ ရေးဆွဲသူတွေက ဖြေရှင်းရဦးမှာဖြစ်ပြီး ကျနော့်မှာလည်း တိကျပြတ်သားတဲ့ အကြံဉာဏ်တွေ မရှိပါ။ ဥပမာ အရပ်ဖက် အခွင့်အရေးတွေကို ဘယ်လို အကာအကွယ်ပေးမလဲ၊ အခြေခံဥပဒေ အထူးတရားရုံးကို တည်ထောင်မလား၊ တည်ထောင်ဘူးလား၊ အခြေခံဥပဒေ အထူးတရားရုံး ဒါမှမဟုတ် နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ တိုင်းပြည်ရဲ့ တခြားကဏ္ဍတွေမှာ အလွန်အမင်း ဝင်ရောက်ကျူးကျော် စွက်ဖက်တာမျိုး မဖြစ်စေဘဲ အခြေခံဥပဒေနဲ့ အရပ်ဖက် အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်အောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတာတွေပါပဲ။ အဆိုပါ ပြဿနာတွေကို အခြေခံဥပဒေ ရေးဆွဲသူတွေ ဖြေရှင်းဖို့အတွက် ခက်ခဲပြီး အချိန်ကုန်နေမှာ ဖြစ်တာကြောင့် အပြစ်အနာအဆာရှိတဲ့ သမ္မတစနစ်နဲ့ တခြား PRမဟုတ်တဲ့ စနစ်တွေရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေအကြောင်း အခြေခံဥပဒေ ကျွမ်းကျင်သူတွေက ရှည်ရှည်လျားလျား ဆွေးနွေးပြီး အခြေခံဥပဒေ ရေးဆွဲသူတွေပေါ်ကို ဝန်ထုပ်ဝန်ပိုးတွေ မတင်မိစေဖို့ကလည်း ပို့လိုတောင် အရေးကြီးပါတယ်။
တခြားရွေးချယ်လို့ ရနိုင်တဲ့ နည်းစနစ်တွေကို မစစ်ဆေးမစုံစမ်းဘဲ ကျနော့်ရဲ့ အကြံပေးချက်တွေ အားလုံးကိုပဲ အခြေခံဥပဒေ ရေးဆွဲသူတွေက လိုက်နာကျင့်သုံးရမယ်လို့ ပြောနေတာ မဟုတ်ပါ။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အကျိုးစီးပွားတွေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြောင့် သူတို့အနေနဲ့ တခြားရွေးချယ်စရာတွေကို စဉ်းစားရကောင်း စဉ်းစားရနိုင်ပါတယ်။ တိုင်းပြည်တခုရဲ့ သမိုင်းနဲ့ အစဉ်အလာတွေက အခြေခံဥပဒေ ရေးဆွဲသူတွေပေါ်ကို လွှမ်းမိုးမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ အကြံဉာဏ်တွေကို ရယူတဲ့အခါ ကျွမ်းကျင်သူ တယောက်တည်းမဟုတ်ဘဲ အများအပြားဆီကို ချဉ်းကပ်သင့်ပြီး အဲဒီလို လုပ်တာကလည်း ဉာဏ်ပညာရှိရာ ကျပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ အကြံပေးချက်တွေဆိုတာ ကျနော့်ရဲ့ အကြိုက်တွေချည်းပေါ်မှာသာ အခြေခံထားတာ မဟုတ်ပါ။ ဒါပေမဲ့ ပညာရှင်တွေအများစုရဲ့ တညီတညွတ်တည်း သဘောတူမှုနဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေပေါ်ကို မူတည်ထားတာလို့တော့ ပြောရမှာပါ။ ကျနော့်ရဲ့ အကြံပေးချက်တွေကို လိုက်နာကျင့်သုံးတာ မဟုတ်တာတောင်မှ အခြေခံဥပဒေရေးဆွဲဖို့၊ ပြင်ဆင်ဖို့အတွက် ညှိုနိုင်းဆွေးနွေးတဲ့အခါ အဲဒီအကြံပေးချက်တွေ ပေါ်မူတည်ပြီး စတင် စဉ်းစားဖို့တော့ လိုပါတယ်။
(ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ် (Arend Lijphart) ၏ Constitutional design for divided societies ကို ဘာသာပြန်ဆိုပါသည်။ ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ်သည် ကမ္ဘာသိ နိုင်ငံရေးသိပ္ပံပညာရှင် ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဆန်ဒီရေဂိုတွင် နိုင်ငံရေးသိပ္ပံဆိုင်ရာ ရာသက်ပန် သုတေသန ပါမောက္ခဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖြည့်စွက်ရေးသား ထုတ်ဝေသည့် Patterns of Democracy: Government Forms & Performance in Thirty-six Countries စာအုပ်အပါအဝင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းများအတွက် အုပ်ချုပ်ပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲ စနစ်များ၊ တိုင်းရင်းသားလူနည်းစုများနှင့် နှိုင်းယှဉ်လေ့လာမှု နိုင်ငံရေးများ အကြောင်း စာအုပ်များ ရေးသားခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။)