Religion

မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံမှာ သတင်းသုံး ပညာသင်ကြားနေကြတဲ့ မြန်မာသံဃာတော်တွေကို မချေမငံ ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ သာသနာရေးရုံး Office Of National Buddhism ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် (Mr.Nopparat Benjawatananun) က တရားဝင် တောင်းပန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ဝပ်ထာ့မအိုးကျောင်းမှာ သီတင်းသုံး ပညာသင်ကြားနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သံဃာတော်တွေ နေထိုင်ခွင့်ဗီဇာ ရရှိရေးအတွက် ထောက်ခံချက်သွားယူတဲ့ မြန်မာသံဃာတော်တပါးကို ထိုင်းသာသနာရေးရုံးရဲ့ အမျိုးသမီး ဝန်ထမ်းတဦးက မချေမငံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကို တောင်းပန်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုပြောဆိုခံရမှုနဲ့ ပတ်သက်ပြီး မြန်မာသံဃာတော်တွေဘက်က ထိုင်းသာသနာရေးဌာနကို ဒီနှစ်ဧပြီလထဲမှာ တိုင်ကြားခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် အပါအဝင် ပြောဆိုခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတို့က တရားဝင်အကြောင်းပြန် တောင်းပန်ခဲ့တာဖြစ်တယ်လို့ ဒီအဖြစ်အပျက်ကို တိုင်ကြားရာမှာ သက်သေအဖြစ် တာဝန်ယူခဲ့တဲ့ အရှင်ဇနက္ကက မိန့်ကြားပါတယ်။

အရှင် ဇနက္ကက “ဦးဇင်းတို့ ပထမဆုံး tourist visa ကနေ non-imigrant visa ပြောင်းတဲ့အချိန်ကြရင် အဲဒီကိုသွားရတာကိုး။ အဲဒီတုန်းက စာရွက်စာတမ်းတွေ ၁၄ ပါးစာ ပေးလိုက်တော့ များလှချည်လား၊ ဘယ်နိုင်ငံကလဲလို့ မေးတယ်။ မြန်မာပြည်ကဆိုတော့ ဟာ အာဆီယံသာ ဖွင့်လိုက်ရင်တော့ ပိုတောင်များလိမ့်ဦးမယ်ပေါ့လေ။ တခြားနိုင်ငံသားတွေက ထိုင်းကျောင်းတွေမှာဆိုရင် ထိုင်း သံဃာတွေထက် မများစေရဘူးတဲ့။ ဒီဘန်ကောက် ဝပ်တလုံးကျောင်းမှာဆိုရင်လည်း ကိုယ်တော်တွေက နေတာထိုင်တာ ကြည်ညိုဖွယ်ရာမရှိဘူးဆိုပြီး အဲလိုပြောတယ်။ အဲဒီအပေါ်မှာ ဦးဇင်းတို့ကတိုင်လိုက်တာ၊ အခုတောင်းပန်စာ ပြန်လာတာပေါ့လေ” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ နိုင်ငံခြားသား သံဃာတော်တွေဟာ နိုင်ငံသားသံဃာတော်တွေထက် မများရဘူး ဆိုတာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေဟုတ်မဟုတ်၊ ဝပ်တလုံးကျောင်းက မြန်မာသံဃာတော်များ အပေါ် အကြည်ညို ပျက်အောင် ပြောဆိုရတဲ့ အကြောင်းရင်းနဲ့ ၂၀၁၅ အာစီယံမှာ ပိုများလာမယ်လို့ ပြောဆိုတဲ့ အဓိပ္ပာယ်ဟာ ဗီဇာ မပေးလိုတဲ့ အတွက် ခြိမ်းခြောက်မှုလား စသဖြင့် အချက်သုံးချက်ထောက်ပြပြီး တိုင်ကြားခဲ့တာလို့ သိပါတယ်။

အဲ့ဒီ့တိုင်ကြားစာကို ဝပ်ထာ့မအိုးကျောင်းက မြန်မာသံဃာတော် အရှင် ဇနက္က က သက်သေအဖြစ်ပြုလုပ်ပြီး ဝပ်ထာ့မအိုး ကျောင်းထိုင် ဆရာတော်က တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ဝပ်ထာ့မအိုး ကျောင်းထိုင်ဆရာတော်ဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး ဒီကျောင်းကို အရင်ကျောင်းထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဘုန်းကြီး တပါးဖြစ်တဲ့ ဒေါက်တာ ဓမ္မာနန္ဒ ပျံလွန်တော်မူပြီးတဲ့နောက် ကျောင်းထိုင်ဆရာတော်ဖြစ်လာတာပါ။ သူဟာ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဒေါက်တာ ဓမ္မာနန္ဒ ရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံက ဘုန်းကြီးစာသင်ကျောင်းတွေမှာ နှစ်ပေါင်းများစွာ ပညာသင်ယူ ခဲ့တာပါ။

“တောင်းပန်စာနဲ့ အတူ တိုင်ထားတဲ့ အချက်တွေကိုလည်း ပြန်ဖြေရှင်းထားပါတယ်။ ဘယ်နိုင်ငံသားမဆို ထိုင်းနိုင်ငံကို ရောက်လာရင် သူတို့သာသနာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာရင် ပေးနေပါတယ်တဲ့။ သူတို့ ဝန်ထမ်း ဒကာမ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်၊ တောင်းပန်ကြောင်းပေါ့။ ညွှန်ကြားရေးမှူးရဲ့ လက်မှတ်ပါတယ်။ နောက်တရွက်က ပြောဆိုခဲ့တဲ့ ဒကာမကိုယ်တိုင် တောင်းပန်စာပါ” လို့ အရှင် ဇနက္က က မိန့်ပါတယ်။

ဝပ်ထာ့မအိုးကျောင်း ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းမြို့ပေါ်မှာ တည်ရှိပြီး မြန်မာသံဃာတော် ၁၄ ပါး၊ လာအို သံဃာတော် ၉ ပါးနဲ့ ကမ္ဘောဒီးယား သံဃာတော်တစ်ပါးတို့ စာသင်ကြားနေပါတယ်။ ဝပ်ထာ့မအိုးကျောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ကတည်းက မြန်မာသံဃာတော်တွေအဆင့်ဆင့် ကျောင်းထိုင်ခဲ့ကြပြီး လန်ပန်းမြို့ပေါ်မှာတော့ ထင်ရှားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ထိုင်းသာသနာရေး ဌာနဘက်က တာဝန်ရှိသူတွေအနေနဲ့ ခုလိုတရားဝင်တောင်းပန်လိုက်တာကို ထိုင်းနိုင်ငံ တက္ကသိုလ်တွေမှာ ပညာဆည်းပူးနေတဲ့ မြန်မာသံဃာတော်တွေကလည်း ကြိုဆိုကြပါတယ်။ သူတို့လည်း ထိုင်းလဝကမှာ ဗီဇာသွားလျှောက်တဲ့ အခါ အဲဒီလို ပြောဆိုခံခဲ့ကြရတာမျိုး တွေကြုံခဲ့ရတယ်လို့ ဘန်ကောက်မြို့ပေါ်ရှိ ဝပ်တလုံး ကျောင်းတိုက် က အရှင် တေဇ က မိန့်ပါတယ်။

“ထိုင်းလဝကမှာ ဦးဇင်းတို့ ဗီဇာသွားတိုးတဲ့အခါမှာ ဦးဇင်းတို့ ဒီမှာ ဘာလုပ်တာတုန်း၊ ဘယ်လိုနေတာတုန်းဆိုပြီးတော့မေးတယ်။ သူတို့ထင်တာက ဒီမှာ နေ၊ ဆွမ်းခံထွက်၊ ရတဲ့ပိုက်ဆံစုပြီး မြန်မာပြည်ပြန်ပို့ အဲလိုထင်တာ။ ဦးဇင်းတို့က ပြောပြရတာပေါ့၊ ငါတို့က ဒီမှာ ဆွမ်းမခံဘူး၊ တက္ကသိုလ်တွေမှာကျောင်းတွေမှာ တက်နေကြတာ။ မင်းတို့ဆီမှာ ငါတို့က တောင်းစားတာ မဟုတ်ဘူး။ သေချာရှင်းပြမှ ဗီဇာတွေ ဘာတွေပေးတယ်။ ဒီမှာရောက်လာတဲ့ သံဃာအကုန်လုံးလိုလို ကြုံရပါတယ်” လို့ အရှင်တေဇ က မိန့်ကြားပါတယ်။

ဆက်ပြီး “ဦးဇင်းတို့ဆိုရင် အထောက်အထား အပြည့်အစုံရှိတာကို စိတ်ပျက်အောင် ရစ်တာ၊ တော်တော်နဲ့ လုပ်မပေးဘူး။ ဦးဇင်းတို့ ကျောင်းကို စစ်ဆေးရေးဝင်တယ်ဆိုလို့ရှိရင်လည်း ဘုန်းကြီးတွေကို အောက်မှာအထိုင်ခိုင်း သူတို့က ဖိနပ်တွေနဲ့ အပေါ်ကသွား ဗုဒ္ဓဘာသာ နိုင်ငံလို့ပြောရမှာတောင် ရှက်စရာပါဗျာ။ ဦးဇင်းတို့ကို ဒီမှာ အလကားနေတယ်လို့ ထင်တယ်။ စကားအသုံးအနှုန်းကအစ သူတောင်းစားလို့ သုံးပြောတာမျိုးကြုံဖူးတယ်” လို့ ရှင်းပြပါတယ်။

ဝပ်တလုံးကျောင်းတိုက်မှာတော့ မြန်မာနိုင်ငံသား သံဃာတော် အပါး ၂၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာတော့ မြန်မာနိုင်ငံသား သံဃာတော် စုစုပေါင်း ၅၀၀ ခန့်ရှိတယ်လို့ လေ့လာ သိရှိရပြီး အများစုက ထိုင်းနိုင်ငံမှာရှိတဲ့ Mahachulalongrajavidyalaya University၊ Mahamakut Buddhist University နဲ့ Siam University တို့မှာ တက်ရောက်နေကြတယ်လို့ သိရပါတယ်။

Loading