သတင်း

လယ်ကွက်ထဲမှာ အကြီးအကဲကို ထားရစ်ခဲ့

This article has been converted from Zawgyi One to Unicode

မြန်မာပြည် ပြန်ရောက်ကတည်းက ဦးရုက္ခစိုး သူ့တန်ခိုးတွေကို မေ့ထားတာ အခုမှပဲ ထုတ်သုံးရတော့မည်။

ရခိုင် ပြည်နယ်က မကြာသေးခင်ကမှ ပြန်လာသည့် အကြီးအကဲထံ အလည်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

“လက်ညှိုးထောင် ကိုယ်ရောင် လင်းစေဗျား” ဟု ဦးရုက္ခစိုး ရေရွတ်လိုက်သည်။ စိုက်လက်စ လယ်ကွက်ထဲတွင် အလုပ်ရှုပ်နေသော အကြီးအကဲ ရုတ်တရက် လန့်သွား၏။

အကြီးအကဲ။     ။ ဟိုက် ပလုတ်တုတ် …။ ဦးရုက္ခစိုးကြီးပါလား။ လေယာဉ်ဆိုက်သံလည်း မကြားလိုက်ရပါဘူး။

ရုက္ခစိုး။     ။ အလျဉ်လိုတာနဲ့ လေယာဉ်မစီးဘဲ တန်ခိုးနဲ့ပဲ လာလိုက်တာလေ။ ကျန်းခန့်သာလို့ မာရဲ့နော် အကြီးအကဲ။

အကြီးအကဲ။     ။ ကျန်းမာပါ့ဗျာ … အခုဆို ကျုပ်ခြံထဲမှာ မွေးထားတဲ့ နွားတွေကလည်း နွားနို့အထွက် ကောင်းလိုက်တာမှ၊ စိုက်ပျိုးရေးလည်း တူတူပဲ၊ အောင်မြင်တယ်ဆိုတော့ ကျုပ်လည်း လုပ်ရကျိုးနပ်တာပေါ့ဗျာ။

ရုက္ခစိုး။     ။ ဟိုဒင်း … ရခိုင်ပြည်နယ်ဘက်က ပဋိပက္ခတွေ ကိစ္စ …

ဦးရုက္ခစိုး စကားမဆုံးသေးခင် အကြီးအကဲက လက်ကာပြလိုက်၍ ဘာဆက်ပြောရမှန်း မသိဘဲ ဖြစ်သွားသည်။

အကြီးအကဲ။     ။ မပြောပါနဲ့ … အဲဒီ အနိဌာရုံတွေအကြောင်း မပြောစမ်းပါနဲ့။ ကျုပ်က နှလုံးစက် ထည့်ထားရတာဗျ။ ဒီလို အကြောင်းကိစ္စတွေ ကြားလို့မရဘူး။

ရုက္ခစိုး။     ။ ဟိုဒင်း ဒါတွေက … အကြီးအကဲမှာ တာဝန် အရှိဆုံး … ဆုံး …။

ဦးရုက္ခစိုး စကားမဆုံးသေးခင် အကြီးအကဲက ထပ်မံလက်ကာ ပြပြန်သည်။

အကြီးအကဲ။     ။ သိတယ် … ဒါတွေအားလုံး ကျုပ်သိတယ်။ ဒီမှာ ဦးရုက္ခစိုး ကျုပ်က အကြီးအကဲ တယောက် ဖြစ်နေရက်နဲ့ ဒီကိစ္စတွေကို ခေါင်းရှောင်နေတယ် ထင်လို့လား။

ရုက္ခစိုး။     ။ အဲဒီလိုတော့ မဟုတ်ဘူးပေါ့ အကြီးအကဲရယ် …၊ ဒါပေမယ့် တဘက်မှာ ကွိုင်တွေဒီလောက် တက်နေပေမယ့် အကြီးအကဲက ဘုရားဖူး မပျက်ဘူးလို့ ကြားမိလို့ပါ။

အကြီးအကဲ။     ။ ခက်တယ် … လူတွေက ခက်တယ် … အဲ … ဦးရုက္ခစိုးတို့ နတ်တွေလည်း ခက်တယ်။ ကျုပ် ငြိမ်းချမ်းရေး အတွက် လုပ်နေတာဗျ။

ရုက္ခစိုး။     ။ ဘယ်လို ငြိမ်းချမ်းရေးလဲ ဆိုပါဦး။

အကြီးအကဲ။     ။ ကျုပ်ကိုယ်ကျုပ် ငြိမ်းချမ်းရေးလေ …။ လူတွေက ဒေါသတွေ လောဘတွေ မောဟတွေနဲ့ ဘယ်လောက် ပူလိုက်လိုက်သလဲ။ အဲဒါတွေနဲ့ ကင်းလွတ်ဖို့ ကျုပ် ဘုရားသွားဖူးတယ် ဒါပဲ။

ရုက္ခစိုး။     ။ မဟုတ်ဘူးလေ … အကြီးအကဲက တောထွက် ရဟန်းမှ မဟုတ်ဘဲ … အကြီးအကဲက အကြီးအကဲဆိုတော့ အကြီးအကဲအလုပ်တော့ လုပ်ရမှာပေါ့ မဟုတ်ဘူးလား။

ဦးရုက္ခစိုး၏ ထိုစကားကြောင့် အကြီးအကဲက စိတ်မရှည်တော့သလို ဦးရုက္ခစိုးကို ဘုကြည့်ကြည့်ရင်း “ဒီမှာ ဦးရုက္ခစိုး … ကျုပ်ကို မိကျောင်းမင်း ရေကင်းလာပြမနေစမ်းပါနဲ့။ ကျုပ်အလုပ် ကျုပ်သိပါတယ်” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ အင်းလေ … ဒါဆို ဘာတွေလုပ်လဲ ပြောလေ။ ဟိုမှာက ချနေနှက်နေပြီ။ အကြီးအကဲ အနေနဲ့ ဘာလုပ်လဲ သိချင်တယ်။

အကြီးအကဲ။     ။ ကျုပ် ဘုရားဖူးတယ် …။

မေးခွန်းမေးရန် ဟန်ပြင်လိုက်သော ဦးရုက္ခစိုး၏ ပါးစပ်မှာ အကြီးအကဲက ယာဉ်ထိန်းရဲသဖွယ် လက်ကာ တားလိုက်သဖြင့် လေထဲတွင် ဟလျက် တန်းလန်း ဖြစ်သွားသည်။

“ဦးရုက္ခစိုး ဘာဆက်ပြောမယ်ဆိုတာ သိတယ်။ ခဏလေး စကားဖြတ်မပြောပါနဲ့ … ကျုပ်လေ … မြောက်ဦးကို သွားပြီး ဘုရားဖူးခဲ့တယ် … ပြီးတော့ ဆုတောင်းခဲ့တယ်ဗျ” ဟု အကြီးအကဲက ဆက်ပြောသည်။

ရုက္ခစိုး။     ။ ဘာဆုတွေများ တောင်းခဲ့လဲ။

အကြီးအကဲ။     ။ သြော် မြန်မာပြည်သူ ပြည်သားတွေ အမြန်ငြိမ်းချမ်းရေး ရဖို့ …၊ အပစ်ရပ်ဒေသတွေ မှာလည်း စစ်ပွဲတွေ ဆက်မဖြစ်ဖို့ … ပဋိပက္ခဒေသတွေလည်း အမြန်ငြိမ်းချမ်းဖို့ …။

ရုက္ခစိုး။     ။ ဒါပဲလား …။

အကြီးအကဲ။     ။ ဒါပဲပေါ့ဗျ … ကျုပ်တတ်နိုင်တာ ဒါပဲ ရှိတော့တာပေါ့။

ပြောရင်းနှင့် အကြီးအကဲ ငိုသံပါလာသည်။

ဦးရုက္ခစိုးက “အကြီးအကဲ … သတိထားပါဗျာ … ငိုတော့ မငိုလိုက်ပါနဲ့” ဟု ဆက်ပြောလိုက်သည်။

အကြီးအကဲ။     ။ ငိုမှာပဲ … ငိုမှာပဲ … ဦးရုက္ခစိုးပဲ စဉ်းစားကြည့် …၊ ရခိုင်မှာ ကျုပ်ရှိနေရက်နဲ့ မီးတွေရှို့တယ်၊ သတ်ဖြတ်ကြ၊ သေကြတယ် … ဒါကျုပ်ကို မလေးတာဗျ … ကျုပ်ပြောလို့လည်း ရမှမရတာ၊ အဲဒါကြောင့် ကျုပ်လည်း ဘုရားမှာ ငြိမ်းချမ်းဖို့ ဆုထိုင်တောင်းရုံပဲ ရှိတော့တာပေါ့။ ဒါ့အပြင် ကျုပ်က ဘာတတ်နိုင်ဦးမှာလဲ။

ယခုတခါတော့ အကြီးအကဲ တကယ်ငိုလေသည်။ ဦးရုက္ခစိုး ဘာလုပ်ရမှန်း မသိဘဲ ခေါင်းကုတ်လိုက်သည်။

ရုက္ခစိုး။     ။ အင်းလေ အကြီးအကဲရဲ့ ဆုတောင်းလည်း ပြည့်ချင်ပြည့်လာမှာပါ … တနေ့နေ့ပေါ့ …။

အကြီးအကဲ။     ။ ဒီမှာ ဦးရုက္ခစိုး … လူတွေ မကောင်းပုံများဗျာ … ကျုပ်ကို ဆိုရှယ်မီဒီယာတွေ ကနေ တိုက်ခိုက်တယ်ဗျ။ ကျုပ် လက်ထက်မှာ ဘယ်၍ ဘယ်မျှ ပဋိပက္ခဖြစ်ပြီး လူတွေ ဘယ်လောက်သေတယ် ဆိုပြီးလေ။

ရုက္ခစိုး။     ။ ဒါလည်း ဟုတ်တာပဲဟာ။

အကြီးအကဲ။     ။ ဟုတ်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် ကျုပ်မခံနိုင်ဘူးဗျ။ အဲဒါကြောင့် ကျုပ် ဆိုရှယ်မီဒီယာ ဝန်ကြီးချုပ် တယောက် ခန့်ထားလိုက်ပြီ။

ရုက္ခစိုး။     ။ ဟင် … ဘယ်သူ့ကို ခန့်လိုက်တာလဲ။

အကြီးအကဲ။     ။ မုခစာအုပ်ပေါ်မှာ တောင်ခြစ်မြောက်ခြစ် လျှောက်လျှောက်ရေးတတ်တဲ့ ကောင်လေးပေါ့ဗျာ။ သူက အဖြေရှင်းလည်း ကောင်းတယ်၊ ရန်အတွေ့လည်း ကောင်းတယ်လေ။ တယောက်ယောက်က ကျုပ်ကို တခုခု ပြောလိုက်၊ သူက ဖြေရှင်းပေးလိုက်၊ ဖြေရှင်းလို့ မရရင် ရန်တွေ့လိုက်နဲ့ ဟန်ကျနေတာပဲ။ အဲဒါကြောင့် သူ့ကိုပဲ ဆိုရှယ်မီဒီယာ ဝန်ကြီးချုပ် ခန့်လိုက်တာ။ သူက မုခစာအုပ် သုံးတာတော့ ပိုင်တယ်ဗျ။

ရုက္ခစိုး။     ။ ကောင်းပါလေ့ဗျာ … ကြားရသမျှ အဆန်းချည်းပဲ။ ခင်ဗျားရဲ့ ဆိုရှယ်မီဒီယာ ဝန်ကြီးချုပ်ကို ပြောလိုက်ပေါ့ … မုခစာအုပ်ကို မုခစာအုပ်ဖြင့် တိုက်မည်ဆိုတဲ့နည်း သုံးပါ … လို့။ ကဲပါ ဒါထားလိုက်ပါဦး … ပဋိပက္ခမီးတွေ မငြိမ်းသေးတဲ့ ကိစ္စ အကြီးအကဲ ဘာဆက်လုပ်မှာလဲ။

အကြီးအကဲ။     ။ ကျုပ်ပြောပြီးပြီပဲဗျာ … ကျုပ်လုပ်နိုင်တာ ဆိုလို့ ဆုတောင်းပေးရုံပဲ ရှိတော့တယ်လို့ … တကယ်လည်း သေသေချာချာ ဆုတောင်း ပေးခဲ့ပါတယ်ဗျာ … ကျုပ်လုပ်စရာရှိတာလည်း လုပ်ပြီးပြီဆိုတော့ ကျုပ်တာဝန်ကုန်ပြီ။ ဦးရုက္ခစိုး သစ်ပင်ကောင်းကောင်း ရဖို့လည်း ကျုပ် ဆုတောင်းပေးပါဦးမယ်။

ရုက္ခစိုး။     ။ ဟာ မလုပ်နဲ့ မလုပ်နဲ့ ကျုပ်အတွက်က မလိုဘူး …။ ကျုပ်မေးတာက … အကြီးအကဲ အနေနဲ့ ဆုတောင်းပေးရုံနဲ့ပဲ ကျေနပ်နေတော့ မှာလား၊ အဲဒါဖြေပါ။

အကြီးအကဲ။     ။ ဒီမှာ ဦးရုက္ခစိုး … ခင်ဗျားက ဂျာနယ်လစ် သေရာက ရုက္ခစိုး ဖြစ်လာတာ များလားဟင်။ အမေးအမြန်း ကလည်းထူပါ့။ ကျုပ်နည်းနည်း စိတ်တိုစပြုလာပြီနော် …၊ အဲဒီတော့ ဦးရုက္ခစိုး ပြန်ကြွတော့ရင် ကောင်းမယ်။

ရုက္ခစိုး။     ။ ခဏလေး ခဏလေး … ကျုပ်သိချင်တာကလေ …။

ဦးရုက္ခစိုး၏ စကားကို ဖြတ်ပြီး အကြီးအကဲက “ကဲ … တော်ပါတော့ဗျာ … ဦးရုက္ခစိုး တန်ခိုးနဲ့ ပြန်မကြွရင်လည်း ကျုပ် မြို့သစ်ကြီးကနေ လေယာဉ်ပျံ စင်းလုံး ငှားပေးလိုက်ပါ့မယ် … ဟုတ်ပြီလား။ ကျေးဇူးပြုပြီး ဟောဒီ စိုက်လက်စ လယ်ကွက် ထဲမှာပဲ ကျုပ် အေးအေးချမ်းချမ်း နေခဲ့ပါရစေ …” ဟု ဆိုလိုက်သဖြင့် ဦးရုက္ခစိုးမှာ လိုချင်သော အဖြေမရလိုက်ဘဲ မြို့သစ်၏ လယ်ကွက်ထဲတွင် အကြီးအကဲကို ထားရစ်ခဲ့၍ ကိုယ်ယောင်ဖျောက်လိုက်ရ လေတော့သည်။

အကြီးအကဲမှာကား လယ်ကွက်ထဲတွင် ပျိုးပင်များကို စိုက်ရင်း မွေးမြူရေးခြံမှ နွားမကြီးများ နို့ထွက်ကောင်းရေး အတွက် ဆုတောင်းရင်း ကျန်ခဲ့လေတော့သတည်း။

(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

Loading