အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကွယ်လွန်သွားခဲ့သည့် ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာများကို ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တို့တွင် မျှောသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (၉၀ – နှစ်) သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်က အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအိုးကို မွမ်ဘိုင်းမြို့ လေဆိပ်မှနေ၍ ယနေ့ မနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သယ်ဆောင်လာပြီး ၎င်းမှ တဆင့် ငါးထပ်ကြီး ဘုရားလမ်း ဓမ္မဇောတိ ဝိပဿနာရိပ်သာသို့ ယူဆောင်ကာ ခေတ္တ အကြည်ညို ခံထားမည်ဟု ဆရာကြီးဂိုအင်ကာ၏ အမိမြန်မာပြည် ဓမ္မနိုင်ငံသို့ နောက်ဆုံးခရီးစဉ်ကို တာဝန်ယူထားသော ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးရဲထက်က ပြောသည်။
“မနက်ဖြန် မနက်ပိုင်းမှာ ဗိုလ်တထောင်ဆိပ်ကမ်း ရန်ကုန်မြစ်မှာ အရိုးပြာတချို့ကို ရေမျှောမယ်။ ကျန်တဲ့ အရိုးပြာတွေကို မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်နဲ့ ဆရာကြီးရဲ့ မွေးရာဇာတိ မန္တလေးမြို့ ဧရာဝတီမြစ်အတွင်းမှာ မျှောမယ်” ဟု ဦးရဲထက်က ရှင်းပြသည်။
ယနေ့ သယ်ဆောင်လာသည့် ဦးဂိုအင်ကာ၏ အရိုးပြာအိုးကို ငါးထပ်ကြီးဘုရားလမ်း ဓမ္မဝိပဿနာရိပ်သာတွင် ယောဂီများ ကြည်ညိုရန် ထားရှိမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့တွင် အရိုးပြာတချို့ကို ရန်ကုန်မြစ်အတွင်း မျှောကာ ကျန်သည့် အရိုးပြာများကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ဦးဂိုအင်ကာ၏ မိသားစုဝင်များ၊ ယောဂီများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ စီးပွားရေး လုပ်ငန်းရှင်များက ဂါရဝပြုနိုင်ရန် ထားရှိမည်ဟု သူက ဆိုသည်။
ထို့နောက် အောက်တိုဘာ ၉ ရက်တွင် ကျန်ရှိသည့် အရိုးပြာများကို မြန်မာ့လေကြောင်းဖြင့် မြစ်ကြီးနားမြို့သို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်းသို့ အရိုးပြာတချို့ကို ထပ်မံရေမျှောမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် အရိုးပြာများကို ဆရာကြီးဂိုအင်ကာ၏ မွေးရာဇာတိ မန္တလေးမြို့ ဓမ္မမဏ္ဏလ ရေတံခွန်တောင် ရိပ်သာသို့ ဆက်လက် သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ဆရာကြီးဂိုအင်ကာရဲ့ မွေးဇာတိဖြစ်တဲ့ မန္တလေးမှာ ကျန်တဲ့ အရိုးပြာအားလုံးကို သီတဂူဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ ဧရာဝတီမြစ်ထဲမှာ မျှောလိုက်မယ်” ဟု တာဝန်ရှိပုဂ္ဂိုလ် တဦးဖြစ်သူ ဦးရဲထက်က ရှင်းပြသည်။
အရိုးပြာများအားလုံးကို ရေမျှောပြီးစီးပါက ဦးဂိုအင်ကာ၏ မိသားစုဝင်များက မွမ်ဘိုင်းမြို့သို့ ပြန်မည်ဖြစ်ပြီး မွမ်ဘိုင်းမြို့ရှိ နေအိမ်တွင် ကုသိုလ်ကောင်းမှု ပြုလုပ်မည်ဟု သိရသည်။
ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာသည် ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာတွင် အမြဲတမ်း တရားရိပ်သာ ၁၅၀ ကျော်နှင့် ယာယီ တရားရိပ်သာပေါင်း များစွာ ဖွင့်လှစ်ထားပြီး လက်ထောက် တရားပြဆရာပေါင်း ၁၀၀၀ ခန့်နှင့် တရားဓမ္မ ပြန့်ပွားရေးများကို လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ထောင်တွင်း တရားရိပ်သာ ၃ ခု အပါအဝင် တရားရိပ်သာပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ယာယီ တရား ရိပ်သာ များလည်း ဖွင့်လှစ်ထားသည်။