Politics

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ်ကြီး၍ ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် အခြေခံဥပဒေအသစ် ရေးဆွဲမှုသည် ငြိမ်းချမ်းရေးကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက အောက်တိုဘာလ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း(သို့မဟုတ်) ပြန်လည်ရေးဆွဲခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးထားပြီး ယင်းကြေညာချက်သည် တိုင်းပြည်အတွက် အကောင်းဆုံး သော အကြံပြုချက်တခု ဟုဆိုနိုင်ကြောင်း၊ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲလျှင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အရှိန်ရနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ဦးအောင်သောင်းက ဧရာဝတီသို့ ပြောဆိုသည်။

“အသစ်ပြန်ရေးရင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီကို အဟန့်အတား ဖြစ်စေမှာ ပေါ့။ အသစ်ပြန်ဆွဲတယ် ဆိုတာကတော့ သူတို့ ဆန္ဒတွေ အများကြီး ထည့်ချင်လို့၊ သူတို့လိုချင်တာတွေ ပါချင်လို့ ဖြစ်နိုင် သလို ပိုကောင်းအောင် စေတနာနဲ့ရည်ရွယ်ချက်လည်း ရှိကောင်းရှိကောင်းမှာပေါ့။ သို့သော်လည်း အများက လက်မခံတဲ့ အခါ ကျတော့ ငါပြောတာ၊ ငါလုပ်တာ အများက လက်မခံနိုင်ရ ကောင်းလားဆိုတဲ့ အခြေအနေတွေ အများကြီး ပေါ်ပေါက် လာနိုင်တယ်။ အဲဒီအသစ် ဆွဲတာကြီးကလည်း တတိုင်းတပြည်လုံးကို ချပြဖို့ အင်မတန်မှ ရှည်လျား ထွေပြားခက်ခဲတယ်။ ပြည်သူ လူထုအားလုံးမှာ ကို့ရို့ကားယား ဖြစ်ကုန်မယ်။ ဒုက္ခရောက်သွားနိုင်တယ်။ ညှိုညှိုနှိုင်းနှိုင်းနဲ့ ဘောင်ထဲက ပြင်တာ အကောင်းဆုံးပါပဲ။ နောင်ကျရင်လည်း ပြင်လို့ရပါတယ်။ ဒီတခါ ညှိုလို့မရပေမယ့် ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ ပြန်ပြီး တော့ ပြင်လို့ရပါတယ်။ ညီညွတ်သွားပြီ ၊ ဒီမိုကရေစီ အရေထူသွားပြီဆိုရင် အားလုံးက ညှိုနှိုင်းပြီးတော့ အင်မတန် ကောင်းအောင်လုပ်လို့ရတယ်´´ ဟု ဦးအောင်သောင်းက ဆိုသည်။

အခြေခံ ဥပဒေ အသစ်ရေးဆွဲမှုသည် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပေါ်နိုင်သော်လည်း တပ်မတော်အနေဖြင့် သင်ခန်းစာ များ ရှိထားပြီးဖြစ်သည့်အတွက် အာဏာမသိမ်းဘဲ ညှိုနှိုင်းဖျောင်းဖျမှုကိုသာ အလေးထားမည်ဟု ယုံကြည်ကြောင်း၊ လက်လွတ်စပယ် အာဏာသိမ်းမှုများ မရှိနိုင်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“တပ်က သေချာပေါက် အာဏာသိမ်းမယ်လို့ မပြောနိုင်ပါဘူး။ တပ်ကလည်း သင်ခန်းစာတွေရထားပြီးသားဆိုတော့ အာဏာ သိမ်းတာကို ဆင်ဆင်ခြင်ခြင် လုပ်မှာပဲလေ။ အကြောင်းတခု ပေါ်ပေါက်လာရင်တောင် တော်တော်ကို ဆင်ဆင် ခြင်ခြင်လုပ်မှာပါ။ ညှိုနှိုင်းမှု၊ တိုက်တွန်းမှု တွေပဲ တပ်က ပြောမှာပါ။ လက်လွတ်စပယ်တော့ အာဏာသိမ်းမှာ မဟုတ်ဘူး´´ ဟု ဦးအောင်သောင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရသည် ဖက်ဒရယ်မူကြောင့် တိုင်းပြည်ပြိုကွဲတော့ မည်ဟုဆိုကာ အာဏာသိမ်းခဲ့ကြောင်း၊ လတ်တလော ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်သည်လည်း အာဏာသိမ်းမှုအတွက် အကြောင်းပြချက် တရပ် ဖြစ်လာ မည်ကို စိုးရိမ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရုံမျှဖြင့် တိုင်းပြည်မထိခိုက်နိုင်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် လက်ခံရေး လူထုအင်အားဖြင့် လှုပ်ရှားမှု ပြုလုပ်လာ လျှင် တိုင်းပြည်အန္တရာယ်ရှိကြောင်း သုံးသပ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေအောက်မှာ ကျနော်တို့တွေက အသစ်ရေးသင့်တယ်၊ အသစ် ရေးတာ ကောင်း၊ မကောင်း ဆန္ဒခံယူတာတွေ လုပ်နိုင်တယ်။ အဲဒီအထိ ပြဿနာမရှိသေးဘူး။ တကယ်လို့ ပြည်သူ လူထု ကို ဆူဆူပူပူဖြစ်အောင် ဆန္ဒပြပွဲတွေဖြစ်အောင် လုပ်လာရင်တော့ အဲဒါက ပြဿနာရှိလာပြီ။ အန္တရာယ်ကြီးလာပြီ။ အဲဒါ ဆိုရင် တော့ ဆန္ဒပြတာတွေကို နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေရှိလာပြီ။ အဲဒါနဲ့မှ မရရင်တော့ တပ်မတော်က သူ့မှာ လည်း အခြေအနေ မကောင်းဘူးဆိုရင် အာဏာသိမ်းတာတွေ ပြန်ဖြစ်လာနိုင်တာပေါ့။ ဒီဟာကို ပုံကြီးချဲ့ပြီး ဥပဒေ အသစ် ရေးတယ်ဆိုပြီးတော့ အာဏာသိမ်းတာတို့တော့ မလုပ်သင့်ဘူး´´ ဟု ဦးရဲထွန်းက ဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)အဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများ၏ အခွင့်အရေးကို လုံး၀ အာမ မခံနိုင်သော ဥပဒေ ဖြစ်သဖြင့် အသစ်ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသစ်ရေးဆွဲ၍ နောက်ကြောင်းပြန်လှည့်မည်ဆိုလျှင်လည်း ရွေးချယ် စရာ မရှိဟု ပြောဆိုသည်။

“ ဒီအခြေခံဥပဒေက အလုပ်မဖြစ်ဘူး။ တိုင်းရင်းသား အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ မရနိုင်ဘူး။ ဒီအခြေခံ ဥပဒေ နဲ့ ဖက်ဒရယ် ဖြစ်မလာဘူး။ အဲဒါကြောင့် အသစ်ပြန်ရေးခိုင်းတာ။ အသစ်ပြန်ရေးလို့ နောက်ကြောင်း ပြန်မယ် ဆိုရင် လည်း ပြန်ပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့က ပြောတာပဲ ရှိသေးတာပဲ။ သူတို့လုပ်ချင်ရာ လုပ်မှာပဲ။ အခြေခံ ဥပဒေ ထဲမှာ အာဏာသိမ်း လို့ရတယ်လို့ ပြဋ္ဌာန်းထားတာပဲ။ ဒါက နိုင်ငံရေးပဲ ။ ကိုယ့်မူနဲ့ ကိုယ်လျှောက်ပဲ။ မှားတယ်၊ မှန်တယ် ဆိုတာက လူထုက ဆုံးဖြတ်မှာပဲ´´ ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အခြေခံဥပဒေ အသစ်ရေးဆွဲမည်(သို့မဟုတ်) ပြင်ဆင်မည်ဆိုသော သဘောထား ကြေညာချက် ထုတ်ပြန်နိုင်ရေး လူထုဆန္ဒ သဘောထားကောက်ခံလျက်ရှိပြီး အခြေခံဥပဒေ အသစ်ရေးဆွဲသည်ဖြစ်စေ၊ ပြင်ဆင်သည်ဖြစ်စေ အဓိကမှာ တိုင်းရင်းသား အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သော ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်နိုင်ရေးပင် ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။

“ကျနော်တို့ဘက်က လူထုစစ်တမ်းကောက်နေတုန်းပါပဲ။ ဒီမိုကရေစီဆိုတာက ညှိုကြ၊ နှိုင်းကြရတာပဲ။ အသစ်ရေးမလား၊ ပြင်မလား ။ ဘယ်ဟာက လက်တွေ့လုပ်ဖို့ လွယ်မလဲ ဆိုတာ ပြန်စဉ်းစားရမှာပေါ့။ အသစ်ပဲရေး ပြန်ပဲ ပြင်ပြင် တိုင်းရင်း သား အခွင့်အရေး တွေ၊ တိုင်းရင်းသားတွေအတွက် လိုလားချက်တွေ၊ ငြိမ်းချမ်းရေးမယ့် အချက်တွေကို ပြန်စဉ်းစား နိုင်မယ်ဆိုရင်၊ ဖြည့်ပေးနိုင်မယ် ဆိုရင် အဆင်ပြေသွားမှာပါ။ တိုင်းရင်းသားအခွင့်အရေးတွေ မရရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အသစ် ရေးပြီး တိုင်းရင်းသားအခွင့်အရေး မရရင်လည်း ဘာမှ မဖြစ်လာဘူး။ ပြင်ပြီးတော့လည်း တိုင်းရင်းသား အခွင့်အရေး တွေ မရရင် အလကားပဲ´´ ဟု ဒေါက်တာဇော်မြင့်မောင်က သုံးသပ်သည်။

ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံဥပဒေ လေ့လာသုံးသပ်ရေး အတွက် အကြံပြုချက်များကို နိုဝင်ဘာလ ၁၅ ရက်မတိုင်မီ လွှတ်တော်သို့ ပေးပို့ကြရန် တရားဝင် ဖိတ်ခေါ် ထားပြီး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးအစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

Loading