ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာတချို့ကို ယနေ့နံနက်တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ တဆင့် သယ်ဆောင်ကာ ရန်ကုန်မြစ် ပင်လယ်ဝသို့ ရေမျှောခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီခွဲက ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအိုးကို ရန်ကုန်မြို့၊ ဗိုလ်တထောင် ဆိပ်ကမ်းမှတဆင့် သင်္ဘောဖြင့် ရန်ကုန်မြစ် ပင်လယ်ဝအထိ သယ်ဆောင်ပြီး အရိုးပြာတချို့ကို ရေမျှောခြင်းဖြစ်ကြောင်း ဦးဂိုအင်ကာ၏ အမိမြန်မာပြည် ဓမ္မနိုင်ငံသို့ နောက်ဆုံးခရီးစဉ်ကို တာဝန်ယူထားသူများထံမှ သိရသည်။
“ဆရာကြီးရဲ့ မိသားစုဝင်တွေ၊ ဆရာကြီးပုံပါတဲ့ ရင်ထိုးတံဆိပ် တပ်ထားတဲ့သူတွေက အရိုးပြာရေမျှောမယ့် သင်္ဘောနဲ့ ပင်လယ်ဝအထိ သွားမယ်၊ ပြီးရင် အရိုးပြာတချို့ကို ပင်လယ်ဝမှာမျှောမယ်” ဟု တာဝန်ယူထားသူတဦးက ဆိုသည်။
တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအိုးကို ၎င်း၏ သားဖြစ်သူ ဦးမောင်ရွှေနှင့်အတူ မိသားစုဝင်များက သယ်ဆောင်ကာ ဗိုလ်တထောင်ဆိပ်ကမ်းမှ သဘောၤဖြင့် ရန်ကုန်မြစ် ပင်လယ်ဝသို့ သွားရောက် ရေမျှောခြင်းဖြစ်သည်။
ယနေ့ အရိုးပြာအချို့ ရေမျှောရာနေရာသို့ ဓမ္မဇောတိ ဝိပဿနာရိပ်သာမှ တာဝန်ရှိသူများ၊ ယောဂီများ အပါအဝင် ဦးဂိုအင်ကာ၏ အရိုးပြာအိုးကို ပူဇော်လိုသူ အများအပြားလည်း ဗိုလ်တထောင်ဆိပ်ကမ်းသို့ လာရောက်ခဲ့ကြောင်း သိရသည်။
ယင်း ရေမျှောမှုအပြီးတွင် တရားပြဆရာကြီး ဦးဂိုအင်ကာ၏ ကျန်ရှိသည့် အရိုးပြာအိုးကို ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်သို့ သယ်ဆောင်၍ ဦးဂိုအင်ကာ၏ မိသားစုဝင်များ၊ ယောဂီများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ စီးပွားရေး လုပ်ငန်းရှင်များက ဂါရဝပြုနိုင်ရန် ထားရှိမည်ဟု ဦးဂိုအင်ကာ၏ အမိမြန်မာပြည် ဓမ္မနိုင်ငံ နောက်ဆုံးခရီးစဉ်ကို တာဝန်ယူထားသူ တဦးဖြစ်သူ ဦးရဲထက်က ပြောသည်။
ထို့နောက် အောက်တိုဘာ ၉ ရက်တွင် ကျန်ရှိသည့် အရိုးပြာများကို လေကြောင်းဖြင့် မြစ်ကြီးနားမြို့သို့ သယ်ဆောင်ပြီး ဧရာဝတီ မြစ်အတွင်းသို့ အရိုးပြာတချို့ကို ထပ်မံရေမျှောမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် အရိုးပြာများကို ဆရာကြီး ဂိုအင်ကာ၏ မွေးရာဇာတိ မန္တလေးမြို့ ဓမ္မမဏ္ဏလ ရေတံခွန်တောင် ရိပ်သာသို့ ဆက်လက် သယ်ဆောင်မည်ဖြစ်ပြီး မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း အရိုးပြာများ ရေမျှောသွားမည် ဖြစ်ကြောင်း သိရသည်။
တရားပြဆရာကြီး ဦးဂိုအင်ကာ (၉၀ – နှစ်) သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်က အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။