ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကချင်လွတ်မြောက်ရေးတပ် ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံနေသလိုအစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမည့် နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဟုဆိုသည့်တိုင် လက်မှတ်ထိုးမည့် စာချုပ်ပါ အချက်အလက်များကို အစိုးရက တရားဝင်ပြောဆိုမှု မရှိသေးပေ။
တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရတို့ လက်မှတ်ထိုးမည့် အချက်အလက်များကို ကြိုတင်ချပြမှု မရှိခြင်းကြောင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်မှတ်ထိုးရေး၊ မထိုးရေးကို တရားဝင် ဆုံးဖြတ်ချက် မပေးနိုင်ကြသေးဘဲ စာချုပ်တွင် ပါဝင်မည့် အချက်များကို အစိုးရက ကြိုတင် ချပြမှသာလျှင် ပြင်ဆင်စရာ ရှိသည်များကို ကြိုတင် ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း ဧရာဝတီက ဆက်သွယ်ရရှိသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များက ဆိုသည်။
တိုင်းရင်းသားအဖွဲ့ ၁၁ ခုနှင့်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) အပါ အဝင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ( UWSA )၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ( KNPP )၊ တအာင်း လွတ် မြောက်ရေးတပ်ဦး ( TNLA ) တို့ ကလည်း လက်မှတ်ထိုးရန် မသေချာဟု ပြောဆိုထားသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လာမည့် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည်ဟု အစိုးရက ပြောဆိုထားပြီး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းစီနှင့်လည်း လိုက်လံဆွေးနွေးနေကြောင်း၊ သို့သော် မည်သည့်အချက်များအပေါ် အခြေခံ၍ လက်မှတ်ထိုးကြမည်ဆိုသည်ကို လုံး၀ ပြောဆိုမှု မရှိခြင်းသည် ရိုးသားမှု မရှိဟု ယူဆကြောင်း UNFC ၏ ပြော ခွင့်ရသူ ဦးခွန်ဥက္ကာ က ဆိုသည်။
၎င်းက“အချက်အလက်တွေကို ကြိုတင်ပေးလိုက်ရင် ကျနော်တို့ဘက်က တစုံတခု ပြင်ဆင်ဆွေးနွေးမှုတွေ လုပ်မှာကို လို လားပုံ မရဘူး၊ ဒီတော့ ကျနော်တို့ဘက်က ဘာမှ လုပ်လို့မရအောင် အနီးကပ်မှပဲ ဒီအချက်ကို လက်မှတ်ထိုးရမယ်ဆိုပြီး လုပ် ဆောင်မယ့် သဘောရှိတယ်”ဟု ဆိုသည်။
UWSA နှင့်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း၊ သို့သော် မည်သည့် အချက်အလက်များအပေါ် အခြေခံ၍ လက်မှတ်ထိုးမည့် အတိအကျ မဆုံးဖြတ်ရသေးကြောင်း၊ UWSA ပြောခွင့် ရသူ ဦးအောင်မြင့် က ပြောသည်။ UWSA က ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် တောင်းဆိုနေသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ ကမူ လက်မှတ်ထိုးမည့် စာချုပ်ပါ အချက်အလက်များ ကို ဆွေးနွေး ညှိနှိုင်းပြင်ဆင်နေဆဲ ဖြစ်၍ တရားဝင် ချပြမှု မရှိသေးကြောင်း၊ လက်မှတ်မထိုးမီ တိုင်းရင်းသား အဖွဲ့အားလုံးထံ ပေးပို့ သွားမည်ဟု ဆိုသည်။
“အပစ်အခတ်ရပ် လက်မှတ်ထိုးနိုင်မှပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှေ့ဆက် လုပ်ဆောင်နိုင်မှာဆိုတော့ အပစ်ရပ် လက်မှတ် ထိုးဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။
အစိုးရဘက်က အချက်အလက်များကို ချပြမှု မရှိသေးသော်လည်း တိုင်းရင်းသား အဖွဲ့များကမူ မိမိတို့ လိုလားသည့် အချက် များကို အစိုးရထံသို့ မကြာမီ ပေးပို့သွားမည် ဖြစ်ကြောင်း၊ ထိုအချက်များကို ယခုလ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန် မည်ဟု UNFCပြောခွင့်ရသူက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ၎င်းတို့ လိုလားသည့် အချက် ၆ ခု ကို ထုတ်ပြန်၍ အစိုးရထံ ပေးပို့ထားကြောင်း သိရသည်။ လက်မှတ်ထိုးပွဲတွင် စစ်တပ်ပါဝင်ရေး၊ နိုင်ငံတကာ သက်သေ များ ပါဝင်ရေး၊ ရှေ့ဆက် ဆွေးနွေးမည့် နိုင်ငံရေး မူဘောင်များ ပါဝင်ရေး၊ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရ အကြား ကြီးကြပ်ရေး အဖွဲ့များ ထားရှိရေး စသည့် အချက်တို့ ပါဝင်သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် လွှတ်တော်အနေဖြင့် ပါဝင်ဆွေးနွေး လုပ်ဆောင်မှု မရှိသေး ကြောင်း၊ သို့သော် ရှေ့ ဆက်သွားမည့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
“လက်မှတ်ထိုးမယ့် ကိစ္စကို ကျမတို့ကော်မတီကို ဘာမှမပြောပါဘူး၊ လက်မှတ် တကယ်ထိုးဖြစ်၊ မထိုးဖြစ် ဆိုတာလည်းပဲ ဘယ်သူမှ ပြောလို့မရသေးပါဘူး၊ အစိုးရကပဲ လုပ်မယ်လို့ပြောနေတာပါ၊ ကျမတို့တောင် ဝေဝါးနေတော့ ကျန်တဲ့သူတွေဆို ပိုးဆိုးတာပေါ့၊ အဲဒါကြောင့်လဲ သံသယတွေ ဝင်နေကြတာပါ” ၎င်းက ဟု ဆိုသည်။
ဧရာဝတီနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မကြာသေးခင်က တွေ့ဆုံခဲ့သည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အစိုးရ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် အဆုံးအဖြတ်ပေးရာ၌ အစိုးရ၊ လွှတ်တော်နှင့် စစ်ဘက်က ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကသာ နောက်ဆုံးအဆုံးအဖြတ်ဖြစ်သည်ဟု ဆိုသည်။
“လုပ်ငန်းတွေ မမှားရအောင် တယောက်တည်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆိုတာ မှားသွားနိုင်တယ်။ လွှဲသွားနိုင်တယ်။ ဒါကြောင့် တယောက်တည်း သို့မဟုတ် တဖွဲ့တည်း အထူးသဖြင့် တယောက်တည်းပေါ့လေ။ တယောက်တည်းက မှားသွားနိုင်တယ်။ လွှဲသွားနိုင်တယ်။ တဖွဲ့တည်းဆိုတဲ့ နေရာမှာ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီတဖွဲ့လုံးဆိုရင် မှားစရာ သိပ်မရှိနိုင်ဘူး။ သို့သော် သူသည်လည်း ပေါ်လစီ ဘယ်ကယူရမလဲဆိုရင် ဗဟိုကော်မတီ ဦးဆောင်ကော်မတီရဲ့ အဖွဲ့ရဲ့ ဦးဆောင်မူကိုယူရမယ်’ ဟု သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။
ထို့ကြောင့် လာမည့် နိုဝင်ဘာတွင် အစိုးရက စီမံထားသလို တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ဖော်ဆောင်နိုင်မည်လောဟု သံသယ ဖြစ်ကြရသည်။
ထို့ပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ထိုးမည်ဟု အစိုးရက ပြောဆိုနေသော်လည်း ပြီးခဲ့သော စက်တင်ဘာအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၁၀ ကြိမ် ပြုလုပ်ခဲ့ကာ သဘောတူညီချက် တခုမျှမရရှိခဲ့ဘဲ တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ် ရှိခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသော Myanmar Peace Monitor ကလည်း ထုတ်ပြန် ကြေညာထားသည်။
ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသော ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ၎င်းတို့ လက်မှတ်ရေးထိုး ထားသော အပစ်အခတ်ရပ်စဲရေး သဘောတူချက် အချို့ကို အစိုးရဘက်က လိုက်နာခြင်း မရှိဟု ပြောဆိုနေသည်။
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ အကြား လက်မှတ်ထိုးမှု မကြာခဏ လုပ်ဆောင်ခဲ့ပြီးဖြစ်၍ ထပ်မံထိုးစရာ မ လိုတော့ဟု ယူဆကြောင်း၊ လက်မှတ်ထိုးရန် လုပ်ဆောင်ရဲသူများကိုလည်း စဉ်းစားစရာ ဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD ) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောသည်။
အရာရာ ပြည့်စုံမှု မရှိဘဲ နိုင်ငံတကာမှ လူကြီး လူကောင်းများ၏ ရှေ့မှောက် လက်မှတ်ထိုးမည်ဆိုပါက တစုံတခု အားနည်ချက် ဖြစ်လာလျှင် အရှက်ရစရာ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် သေချာ စဉ်းစားဖို့ လိုအပ်ကြမည်ဟု ဦးခွန်ထွန်းဦး က ဆိုသည်။
ယခု မြစ်ကြီးနားတွင် ကချင် လွတ်မြောက်ရေး တပ်နှင့် အစိုးရတို့ကြား ထပ်မံဆွေးနွေးရာမှ မည်မျှထိ ညှိနှိုင်းနိုင်ပြီး မည်သည်တို့ကို သဘောတူညီမည် မသိရသေးသော်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေး တပ် ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်မည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်နေကြသည်။