ဧရာဝတီတိုင်း ဒေသကြီး ၊ ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် ပါဝင်သည်ဟု သံသယ ရှိခံရသူ ၆ ဦးအနက်မှ ၅ ဦးကိုသာ ဖမ်းဆီး ရမိထားပြီး ၁ ဦးမှာ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ထွက်ပြေး လွတ်မြောက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဗောဓိကုန်း ရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို ဦးလှဝင်း ဆိုသူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက် တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း၊ ယင်းနောက် လူစုလူဝေးဖြင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် ဓာတ်ဆီပုလင်းများ၊ တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ ၆ ဦးက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲ ခံရသူ ဦးလှဝင်း ၏နေအိမ်ကို မီးရှို့ရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းလူ ၆ ဦး အနက်မှ ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရရှိထားပြီး ၁ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ များကို လက်နက် ကိုင်ဆောင်မှု ပုဒ်မ ၁၉ (င) ဖြင့် အရေးယူထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရှိရသည်။
“အဲဒီလူတွေက ဆူပူအောင် လုပ်တဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ သူတို့က အဲဒီအိမ်ကို မီးရှို့ဖို့လုပ်တယ်။ ဓာတ်ဆီပုလင်းလည်း ဖမ်းမိတယ်။ တုတ်၊ ဓား၊ လက်နက်တွေလည်း ဖမ်းမိတယ်။ အော်တာ ဟစ်တာတွေလည်း လုပ်ကြတယ်။ အော်တာမှ ဆူညံ နေတာပဲ။ လူတွေကလည်း မူးနေကြတယ်”ဟု ကျောင်း ကုန်း မြို့ခံတဦးက ပြောသည်။
သံသယရှိမှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ကျောင်းကုန်း ဒေသခံ ဦးမျိုး၊ ဦးကျော်သက်၊ ဦးဉာဏ်ကြီး၊ ဦးမြစိန်နှင့် ဦးခင်ရီ တို့ဖြစ်ပြီး ဆူပူမှုများ ထပ်မံဖြစ်ပွားမည်စိုး၍ ဖမ်းဆီးခံထားရသူ ၅ ဦးကို ကျောင်းကုန်း မြို့တွင် မထားဘဲ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း၊ အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ဦးလှဝင်း ကိုလည်း ပုသိမ်ထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် လူစုလူဝေးဖြင့် မွတ်စလင် နေအိမ်တချို့ကို ဖျက်ဆီးခဲ့ရာ မွတ်စလင် နေအိမ် ၂ လုံး၊ နွားတင်း ကုပ် ၂ ခု နှင့် အစ္စလမ် သချုႋင်းမှ အစောင့်တဲ ၁ လုံး ဖျက်ဆီး ခံခဲ့ပြီး အဓိကရုဏ်းကြောင့် ကျောင်းကုန်း ဒေသခံ မွတ်စလင် တချို့ တခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ လုံခြုံရေး အာမခံချက် ရှိလာ သည့်အတွက် တိမ်းရှောင်နေသော မွတ်စလင်မိသားစုများ နေရပ်သို့ပြန်လာကြပြီဖြစ်ကြောင်း ကျောင်းကုန်း မြို့ အခြေစိုက် မြန်မာမွတ်စလင်လူငယ်အဖွဲ့က ပြောသည်။
“ကျောင်းကုန်းမှာ အဓိကရုဏ်းတွေဖြစ်တော့ တချို့က သူတို့အမျိုးတွေရှိတဲ့ ရန်ကုန်တို့ ပုသိမ်တို့ကို ရှောင်တိမ်းတယ်။ တချို့ကလည်း တောနယ်ဘက်ပေါ့နော်။ ရှောင်တိမ်းနေကြတယ်။ အခုတော့ တချို့တွေ ပြန်လာကြပါပြီ။ နောက်ရက် တွေဆို တော်တော်များများ ပြန်လာကြတော့မှာပါ”ဟု မြန်မာမွတ်စလင်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမောင်က ဧရာဝတီကိုပြောသည်။
ယနေ့ အချိန်အထိ ကျောင်းကုန်းမြို့ရှိ မွတ်စလင်ဈေးဆိုင်များ ပိတ်သိမ်းထားသော်လည်း အခြေအနေများ တည်ငြိမ် သွားပြီ ဖြစ်၍ မနက်ဖြန်မှစတင်ကာ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချရန် စီစဉ်နေကြကြောင်းသက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။