အခုတလော သတင်းတွေထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းတဲ့ သတင်းတွေ အတော်များနေတာကို သတိပြုမိ ပါတယ်။ လေယာဉ်စင်းလုံး ငှားပြီးသွားနေကြတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တွေရဲ့ခရီးစဉ်၊ လက်နက်နဲ့ ကားပါမစ် အလဲအလှယ်လုပ်တဲ့ ငြိမ်းချမ်းရေး အပေးအယူ၊ အောက်တိုဘာလ မကုန်ခင်မှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပွဲ လုပ်မယ်ဆိုတဲ့ သတင်းတွေ စသည်ဖြင့် လူအများ စိတ်ဝင်စားမှု အများဆုံး လို့ထင်ပါတယ်။
ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး သတင်းတွေ ကြားရတာဟာ စစ်ပွဲသတင်း ကြားရတာနဲ့ စာရင်ပို ကောင်းတယ် မဟုတ်လား။ စစ်ပွဲတွေ ဖြစ်ရင် ၂ ဖက် စစ်သားတွေ သေမယ်၊ ဒဏ်ရာရမယ်၊ ဒေသခံတွေ၊ အများပြည်သူတွေ ဒုက္ခရောက်မယ်၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမယ်၊ တိုင်းပြည် ဆင်းရဲမယ်။ စစ်ပွဲတွေ မရှိတော့ဘူး၊ ငြိမ်းချမ်းရေး ရပြီ ဆိုရင်တော့ အဲဒီ ဆုံးရှုံးမှုတွေ မရှိတော့ဘဲ အများပြည်သူတွေ အဆင်ပြေ ငြိမ်းချမ်းလာမယ်၊ တိုင်းပြည်လည်း ချမ်းသာလာမယ်ပေါ့။
|
ဒါပေမယ့် အခုအထိတော့ အဲဒီလို မဟုတ်သေး။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက စင်းလုံးငှား လေယဉ်တွေနဲ့ လွန်းပျံ ခရီးနှင်နေချိန်မှာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ နေစရာမရှိ၊ စားစရာမရှိ ဖြစ်နေဆဲလို့ သတင်းတွေ ကြားနေရ ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တွေက ကားနဲ့ လက်နက် အလဲလှယ်လုပ်နေစဉ်မှာ ဒေသခံပြည်သူတွေ၊ ဒုက္ခသည် တွေက စီးစရာ ဖိနပ်တောင် မရှိ ဖြစ်နေတယ်လို့ ကြားနေရဆဲပါ။
ဒါဆိုရင် ဒီနေ့ လူပြောများနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူအများ လိုလားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘာတွေများ အားနည်းနေပါသလဲ။ ဒီနေ့ ငြိမ်းချမ်းရေးက ဘယ်သူနဲ့ ဘယ်သူ့ကြား ငြိမ်းချမ်းရေးလဲ။ လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်း ကြားက ငြိမ်းချမ်းရေး သက်သက်လား။ အစိုးရစစ်ဗိုလ်နဲ့ သူပုန်စစ်ဗိုလ်ကြားက ငြိမ်းချမ်းရေး သက်သက်လား။ အများပြည်သူ အတွက် ငြိမ်းချမ်းရေး မပါဘူးလား။ ဒါမဟုတ် အများပြည်သူဆီ အကူညီပေးတဲ့ အဆင့်ဆီ မရောက်သေးဘူး၊ အခုမှ အပစ်ရပ်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိသေးတယ် လို့ ဆင်ခြေ ပေးကြမလား။
ABSDF ကျောင်းသား တပ်မတော် အရှိန်အဝါ ကြီးစဉ် ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ စကားတခွန်းကို သွားသတိရမိ ပါတယ်။ “သားတို့က အမေတို့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေ တာပါ” ဆိုပြီး ရှေ့တန်းရောက် ကျောင်းသား ရဲဘော်တွေက ဒေသခံလူထုကို စည်းရုံးရေးစကား ပြောပါတယ်။ အဲဒီချိန်မှာ နိုင်ငံရေး အကြောင်း ဘာမှမသိတဲ့ ဒေသခံ အဖွားအိုတဦးက “သြော် သားတို့အတွက် သားတို့ လုပ်နေတယ်လို့ ထင်နေတာ။ အမေတို့ အတွက် ဆိုရင်တော့ အဲလောက် ပင်ပန်းခံပြီး လုပ်မနေပါနဲ့ သားတို့ရယ်” လို့ ပြန်ဖြေတယ် လို့ဆိုပါတယ်။ အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေနေကော အဲဒီလိုများ ဖြစ်နေပြီလား။ စဉ်းစားစရာပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ လူသိများနေတဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စ နောက်ကြောင်းကို နည်းနည်း ပြန်ကြည့်ရ အောင်ပါ။ ၁၉၄၈ ဗြိတိသျှဆီကနေ လွတ်လပ်ရေး ရပြီးကတည်းက စတင်ဖြစ်ပွား လာခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခုချိန်ထိ အဆုံးမသတ် နိုင်သေးပါဘူး။ အဲဒီ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အစိုးရ အဆက်ဆက် ကြိုးစားလာ ခဲ့တာလည်း အခု ဦးသိန်းစိန် အစိုးရအထိ ပါပဲ။ ကျနော်တို့ မျိုးဆက် လက်လှမ်း မမီခဲ့တဲ့ ဖဆပလ ခေတ်၊ မဆလ ခေတ်က ကြိုးပမ်းမှုတွေကို ထားလိုက်ပါတော့။
အခု ၁၉၈၈ နောက်ပိုင်း နဝတ ခေတ်နဲ့ ဒီနေ့ အသွင်ကူးပြောင်းရေး ကာလအစိုးရခေတ် ကြိုးပမ်းမှုတွေ ကိုပဲ တင်ပြချင် ပါတယ်။ သမိုင်း မှတ်တမ်းတွေ အရ ၁၉၈၈ နောက်ပိုင်း ပထမဆုံး အပစ်ရပ်တဲ့ အဖွဲ့ဟာ ကိုးကန့် (MNDAA) နဲ့ ၀ UWSA အဖွဲ့ ဖြစ်ပြီး ၁၉၈၉ မတ်လနဲ့ မေလကတည်းက ဖြစ်ပါတယ်။ ပြီးတာ့ မိုင်းလား (NDAA)၊ ရှမ်း-မြောက် (SSA-North)နဲ့ ဒီမိုကေရစီသစ် တပ်မတော်-ကချင် (NDA-K) အပါဝင် တရုတ်နယ်စပ်ရှိ ကွန်မြူနစ် ခွဲထွက်အဖွဲ့အားလုံး ၁၉၈၉ တနှစ်ထဲမှာတင် အပစ် ရပ်လိုက်ကြ ပါတယ်။
၁၉၉၁ ကနေ ၁၉၉၅ အတွင်းမှာတော့ တရုတ်နယ်စပ် အခြေစိုက် သူပုန်အဖွဲ့တွေ အပြင် ထိုင်းနယ်စပ် မာနယ်ပုလော အခြေစိုက် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF (National Democratic Front) ထဲ က အဖွဲ့တချို့ပါ အပစ်ရပ် လိုက်ကြ ပါတယ်။ အဲဒီ အဖွဲ့တွေကို အချိန်ကာလ အလိုက်တန်းစီ ပြောရမယ် ဆို ရင် KIA တပ်မဟာ ၄ (KDA)၊ ပအို့အမျိုးသား အဖွဲ့ချုပ် (PNO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ် (PSLA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်လပ်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ (KNLP)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (SSNPLO)၊ မွန်ပြည်သစ် ပါတီ (NMSP) နဲ့ ဒီမိုကရက်တစ် ဗုဒ္ဒဘာသာကရင့်တပ်မတော် DKBA တို့ ဖြစ်ပါတယ်။
ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP ကတော့ ၂၀၀၅ ခုနှစ်မှာ အပစ်ရပ်ပြီး ၃ လအတွင်းမှာ ပြန် ပျက်သွား ပါတယ်။ ပိုရှင်းအောင် ပြောရမယ် ဆိုရင်တော့ KNPP, KNU (ကရင်အမျိုးသား အစည်းရုံး), SSA-South, (ရှမ်းပြည်တပ်မတော်-တောင်ပိုင်း) ABSDF နဲ့ အဖွဲ့တချို့ဟာ အခု ၂၀၁၀ ရွေးကောက်ပွဲ အလွန် ဦးသိန်းစိန် အစိုးရတက်လာတဲ့ အထိ အပစ်မရပ်ဘဲ ဆက်တိုက်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
၂၀၁၀ အလွန်မှာ တက်လာတဲ့ ဦးသိန်းစိန် အစိုးရခေတ် ထူးခြားတဲ့ ဆောင်ရွက်ချက်တွေ ကတော့ ဆက်တိုက်နေဆဲ KNPP, KNU, SSA-South, ABSDF အပါဝင် အဖွဲ့အားလုံးနီးပါးကို ဆက်မတိုက်နိုင်အောင် စည်းရုံးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အရင် ၁၉၉၄ ကတည်းက အပစ်အခတ် ရပ်ထားတဲ့ KIO နဲ့တော့ တိုက်ပွဲတွေ ဖြစ်ခဲ့တာ ဒီနေ့အထိ ပါပဲ။ အလားတူ DKBA ထဲက အဖွဲ့ တချို့ဟာလည်း အပစ်ရပ် သဘောတူညီချက် ပျက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ နေ့မှာကို မြဝတီနဲ့ ဘုရားသုံးဆူ မြို့တွေကို ဝင်တိုက်ခဲ့တာ တွေရှိခဲ့ပါတယ်။
အခုတော့ ဆက်တိုက်နေဆဲ KIO နဲ့ ဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ၊ အပစ်ရပ်အဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေ၊ တပ်မတော် အရာရှိတွေ၊ ဧည့်သည်တော်တွေဟာ စင်လုံးငှားလေယာဉ်နဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေပါပြီ။ KIO ကို ဝိုင်းဝန်းနားချပြီး အောက်တိုဘာ မကုန်ခင် တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ သူတို့ ကြိုးစား ပါလိမ့်မယ်။
ဒါက ငြိမ်းချမ်းရေး စင်တာရဲ့ ဒီနေ့ လုပ်ငန်းစဉ်ပါ။ အရင် နဝတ ခေတ်နဲ့ ဒီနေ့ခေတ် လူတွေ၊ မူတွေ စဉ်းစားပုံတွေ ဘာကွာသလဲ။ အရင် ၁၉၈၉ ဝန်းကျင်က နဝတ ဘက်ကနေ တာဝန်ယူ ဆောင်ရွက်ခဲ့သူ ကတော့ အတွင်းရေးမှုး ၁၊ တပ်မတော် ထောက်လှမ်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်ပါပဲ။ “မူဝါဒ” အားဖြင့်ကတော့ တို့တာဝန် အရေး ၃ ပါးကို လက်ခံဖို့နဲ့ ကျန်တဲ့ နိုင်ငံရေး ကိစ္စအားလုံးကို ရွေးကောက်ခံ အစိုးရသစ် တက်လာမှ ဆက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။
သေချာတာကတော့ အရင်နဲ့အခု ပါဝင်တဲ့ လူတွေ မတူတော့ပါဘူး။ အရင် ဗိုလ်ချုပ်ခင်ညွန့် နေရာမှာ အခု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုတိယ ဥက္ကဋ္ဌ၊ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ နိုင်ငံခြားပြန် ပညာတတ်တွေ၊ သူပုန်ဟောင်းတွေ၊ စီးပွားရေးသမားတွေ ပါဝင်တဲ့ MPC ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာက ဦးစီးဆောင်ရွက် နေတာ တွေ့ရပါတယ်။
ပြီးတော့ အရင် နဝတ ခေတ်က ဘယ်ကရတဲ့ ဘတ်ဂျက်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် လုပ်ကိုင်မှန်း မသိရပေမယ့် အခု ဦးအောင်မင်း ခေတ်မှာတော့ နိုင်ငံတကာက အလှူရှင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာ ပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင် တွေနဲ့ နိုင်ငံတကာ သံတမန်တွေပါ ပါဝင်လာတဲ့အတွက် ဒီအချက်ကလည်း အရင်ခေတ်ထက် ပိုထူးခြား လာပါတယ်။
ပြန်ပြီး အနှစ်ချုပ်ရရင် ငြိမ်းချမ်းဖော်ဆောင်ရေး “မူဝါဒ” အားဖြင့် ရှင်းရှင်း လင်းလင်း မရှိလှပေမယ့် စဉ်းစားပုံ အားဖြင့် ကတော့ အရင် နဝတ ခေတ်ထက် နည်းနည်းတိုးတက် လာတဲ့ သဘော ရှိပါတယ်။ အပစ်အခတ် ရပ်စဲထားရုံနဲ့ မရ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး အဖြေရှာဖို့ လိုတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ လက်နက်ကိုင် အဖွဲ့တွေ အပြင် လူထု လူတန်းစား အသီးသီး ပါဝင်ဖို့ လိုတယ် ဆိုတဲ့ အချက်တွေဆီ ထည့်သွင်း စဉ်းစားလိုတယ်လို့ နားလည်ရပါတယ်။
ဒါပေမယ့် ဒီလို စဉ်းစားချက်ဟာ ဘယ်တော့ လက်တွေ့ ဖြစ်လာမှာလဲ။ လက်နက်ကိုင်အဖွဲ့ အချင်းချင်း ပစ်ခတ် တိုက်ခိုက်တာ တွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေနေကော ဘယ်လိုရှိသလဲ။ သောင်းနဲ့ချီ ရှိတဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခတွေ အရေး အပြင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်ပြေးဒုက္ခသည် တသိန်းကျော် အရေးကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ လက်နက်ကိုင်အဖွဲ့ နှစ်ခုကြား အပစ်ရပ်လိုက်ရုံနဲ့ ကိစ္စက ပြီးမသွားပါ။ ငြိမ်းချမ်း မသွားနိုင်သေးပါ။ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ဒုက္ခရောက် ရသူ ပြည်သူတွေရဲ့ ဘဝအတွက်ပါ စဉ်စားပေးဖို့လိုပါတယ်။
ကိုယ်စားလှယ် တချို့က စင်လုံးငှား လေယာဉ်နဲ့ ငြိမ်းချမ်းရေး ပွဲတော်ဆီ သွားနေချိန်မှာ ကချင်ဒုက္ခသည် စခန်းက ကလေးငယ်တွေမှာ စီးစရာ ဖိနပ်တောင်မရှိ ဖြစ်နေဆဲပါ။ ငြိမ်းချမ်းရေး Seminar တခုအတွက် ဒေါ်လာ သောင်းနဲ့ချီ သုံးစွဲ နေချိန် မှာ ကချင်ဒုက္ခသည် ကလေးတွေအတွက် စာသင်ကျောင်း မရှိဖြစ်နေဆဲပါ။ ဆီမီနာ ပြီးလို့၊ လက်မှတ်ထိုးပွဲပြီးလို့ နှစ်ဖက် စစ်ဗိုလ်တွေက ဒေါ်လာ ထောင်နဲ့ချီ အကုန်အကျခံ စီစဉ်ရတဲ့ ညစာစားပွဲ ကျင်းပနေချိန် မှာ ဒုက္ခသည် ကလေးငယ်တွေမှာ ညစာ ဆန်မရှိလို့ ပြတ်လပ်နေချိန် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အခုလို ပြောရတာက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဖွဲ့အစည်းတိုင်း အနေနဲ့က တကယ့်ကို ထိထိရောက်ရောက် လုပ်ဆောင်ပေးကြဖို့ လိုနေပြီဆိုတာ ပါပဲ။
ဒါကြောင့် ငြိမ်းချမ်းရေး တေးသံသာ ဆိုတာဟာ သီချင်းရေးတဲ့လူ၊ သီချင်းဆိုတဲ့လူ အနီးဝန်းကျင်လောက် ကြားနေရရုံနဲ့ မပြီးပါ။ တနိုင်လုံး ကြားရဖို့ လိုပါတယ်။ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် နှစ်ဦးကြား လက်ဆွဲ နှုတ်ဆက်ရုံနဲ့ မပြီးသေးပါ။ အောက်ခြေ လူတန်းစားတွေအထိ အဆင်ပြေဖို့ လိုပါတယ်။ လက်ရှိသွားတဲ့နေလမ်း ကြောင်းထဲမှာ အများပြည်သူတွေပါဝင်ခွင့်ရအောင်၊ အောက်ခြေ လူထုရဲ့ဘ၀ ပိုမိုအဆင်ပြေ လာအောင်ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးသူတွေ အနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ လိုနေပါကြောင်း။ ။