သတင်း

“ကျမတို့မှာ အနာဂတ် ပျောက်နေပြီ”

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့အနီးတဝိုက်ရှိ အနည်းဆုံးရွာ ၅ ရွာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အခြေအနေက တည်ငြိမ်စပြုလာသလို ထင်ရသည်။

သို့သော်လည်း ရခိုင်ဗုဒ္ဓဘာသာဝင် လူအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာခဲ့ရသည့် ရာနှင့်ချီသော မွတ်ဆလင် ရွာသားများ ကတော့ ဟိုဒီ ပြန့်ကျဲလျှက် ကျန်နေသေးသည်။ အချို့က အနီးအနားက မွတ်ဆလင်ရွာတွေဆီ ထွက်ပြေးကြရသည်။ အချို့က တောအုပ်တွေ အတွင်းမှာ ဒါမှမဟုတ် အခြားပုန်းအောင်းလို့ ရသည့် နေရာတွေမှာ ပုန်းရှောင်နေကြရသည်။

ကြာသပတေးနေ့ ညနေပိုင်းမှာတော့ မွတ်ဆလင် အုပ်စုငယ်အချို့ ရဲတွေစောင့်ကြပ်နေသည့် ရွာတွေထဲကို ပြန်ဝင်လာကြပြီး မိမိတို့ နေအိမ်များမှ ကျန်ခဲ့သမျှ ပိုင်ဆိုင်မှုလေးတွေကို ကောက်ယူ စုဆောင်းဖို့ ရောက်လာကြသည်။

အင်္ဂါနေ့က အိမ် ၂၈ လုံး မီးရှို့ခံလိုက်ရသော ပေါက်တောရွာ အတွင်းသို့ ကြောက်ရွံ့ နေပုံရသည့် ကမန်လူမျိုး မွတ်ဆလင် မိသားစု ဝင်ရောက်လာပြီး သူတို့ ပိုင်ပစ္စည်း အချို့နှင့် မွေးမြူထားသည့် တိရိစ္ဆာန်တွေကို ပြန်လည် သိမ်းဆည်းနေချိန်မှာ လက်နက်ကိုင် မထားသည့် ရဲတပ်ဖွဲ့ဝင် အချို့က လုံခြုံရေး စောင့်ကြပ်ပေးကြသည်။

“ကျနော့် ဘဝတော့ ဆုံးပါပြီ၊ ကျနော့် ဘဝတော့ ဆုံးပါပြီ” ဟု အသက် ၃၀ အရွယ် ကိုဘစောလေးက တဖွဖွ ပြောရင်း ထရပ်ကားငယ်တစီး ပေါ်သို့ သူ့မိသားစုပိုင် ပစ္စည်းအချို့ကို တင်ရင်းနှင့် ပြောနေချိန်တွင် ရွာပတ်လည်က လယ်ကွင်းတွေ ပေါ်ကို အမှောင်ထုက တဖြည်းဖြည်းလွှမ်းလာသည်။

အခုတော့ ဇာတိရွာမှာ သူ ဆက်နေလို့ မဖြစ်နိုင်တော့ပါ။ “သူတို့ ကျနော့် အိမ်ကို မီးရှို့လိုက်ကြတယ်။ အခု ကျနော့်မှာ နေစရာ မရှိတော့ဘူး” ဟု သူက ပြောသည်။

ထိုအချိန်မှာ ကိုဘစောလေး၏ သမီးက ပြီးခဲ့သည့် ပဋိပက္ခတွေကြားမှာ မိခင်ပျောက်ဆုံးသွားခဲ့ကြပုံရသည့် ကြက်ပေါက်လေးတွေကို လိုက်ဖမ်းနေသည်။

“ကြက်မကြီး ရှာလို့ မတွေ့တော့ဘူး။ သူတို့ကို ကယ်ဖို့ လိုက်ဖမ်းနေတာ” ဟု ကိုဘစောလေး၏ သမီး မြင့်မြင့်နိုင်က ပြောပြသည်။ ထို့နောက် ပြောရင်း နှင့် မျက်ရည်လည်း ကျလာသည်။ “ကျမတို့ ကို ကယ်ပါဦး၊ ကျမ တို့မှာ အနာဂတ်လဲ ပျောက်နေပါပြီ၊ ကျမတို့ လုံလုံခြုံခြုံနေရမယ့် နေရာလဲ မရှိတော့ပါဘူး” ဟု သူကပြောသည်။

သံတွဲမြို့ တဝိုက်က ကျေးရွာများသို့ သွားရောက်လေ့လာသည့် အချိန်တွင် အခရာကျသော လမ်းမများပေါ်၌ ကင်းလှည့်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင် အနည်းငယ်ကို တွေ့ရသည်။ ပေါက်တောရွာတွင် ရဲတပ်ဖွဲ့ဝင်များ ရှိနေလျက်နှင့် တုတ်များ၊ ဒါးရှည်များ ကိုင်ဆောင်ထား သည့် ဗုဒ္ဓဘာသာဝင် လူငယ်များ လျှောက်သွားနေကြသည်ကိုမြင်ခဲ့ရသည်။ ရွာထဲရှိ မွတ်ဆလင် အိမ်များကို မည်သူက မီးရှို့ခဲ့သည် ဆိုသည်ကို မသိကြောင်း ရခိုင်အမျိုးသားတယောက်က ပြောသည်။ “အဲဒါတွေ ဖြစ်တုန်းက ကျနော် အိမ်မှာ မရှိဘူး” ဟု သူက ဆိုသည်။

ထိုအချိန်က သံတွဲ တမြို့နယ်လုံးကို ထိန်းချုပ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်သာရှိခဲ့သည်ဟု ရဲ အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

ပေါက်တောရွာမှ ထွက်ခွာသွားရန် ပြင်ဆင်ထုပ်ပိုးနေသည့် ကမန်မိသားစု တခုမှ မငယ်ပု အမည်ရှိသည့် အမျိုးသမီးက ပြီးခဲ့ သည့် ပဋိပက္ခ ကာလများအတွင်းတွင်ရဲတပ်ဖွဲ့က ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒေသခံ မွတ်ဆလင်များ စိတ်ထဲတွင် လုံခြုံမှု မရှိသလို ခံစားနေကြရသည်ဟု ပြောသည်။ “ကျမတို့ လုံခြုံရေးတွေကို မယုံကြည်နိုင်တော့ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ ကျမတို့တွေ အတိုက်ခိုက်ခံနေရပါပြီလို့ သူတို့ကိုပြောပေမယ့် လာပြီး မကူညီကြဘူး” ဟု မငယ်ပု က ပြောသည်။

“ကျမတို့ အခုနေတဲ့ နေရာကို လူတချို့လာကြည့်ကြတာ ကျမတို့တွေ့တယ်။ ကျမတို့ကို လုံခြုံရေး လုံလုံလောက်လောက် ပေး မထားတဲ့အတွက် သူတို့ အချိန်မရွေး လာပြီး တိုက်ခိုက်နိုင်တယ်” ဟု သူကပြောသည်။ ကိုကြီး အမည်ရှိသည့် လူငယ် တယောက်ကမူ“ ကျနော်တို့မှာ ထပ်ပြီးပြေးစရာ နေရာလည်း မရှိတော့ဘူး။ တကယ်လို့ သူတို့က လာပြီး တိုက်ခိုက်ကြမယ် ဆိုရင်တော့ ကျနော်တို့ သေတဲ့ အထိပြန်ပြီး ခုခံတိုက်ခိုက်သွားမယ်” ဟု ဆိုသည်။

သံတွဲ ဒေသခံ အမြောက်အများ၏ ပြောပြချက်အရ ၎င်းတို့ မြို့တွင် သြဂုတ်လ ၂၆ ရက်နေ့နောက်ပိုင်းမှ စ၍ မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်ဟု သိရသည်။ ထိုနေ့တွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့် ရှောက်ရေး အသင်းက ဦးစီး၍ “ဗုဒ္ဓဘာသာနေ့” အခန်းအနားကို ကျင်းပခဲ့သည်။ တရားဝင် အစိုးရအသိအမှတ်ပြု မဟုတ် သည့် ဘာသာရေး အခန်းအနားတခု ဖြစ်ပြီး အဆိုပါနေ့ကို ပြန်တမ်းဝင် ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် ၁၉၆၀ အစောပိုင်း နှစ်များက အဆိုပြုခြင်းများ ရှိခဲ့သော်လည်း သတ်မှတ်ခဲ့ခြင်း မရှိပေ။

“ဗုဒ္ဓဘာသာနေ့” အခန်းအနားသို့ ရာနှင့် ချီသော ဘုန်းတော်ကြီးများနှင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြသည် ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းနိုင်ကပြောသည်။ ထို့ပြင် ၉၆၉ ဟု ခေါ်ကြသည့် အစွန်း ရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာအဖွဲ့က ယင်းကဲ့သို့ အခြေအနေမျိုး ကို သူတို့၏ အယူဝါဒများ ပြန့်ပွားစေရန် အသုံးချလေ့ ရှိသည် ဟုလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းတွင် မွတ်ဆလင် ဆန့်ကျင်ရေး တရားများ ဟောပြောနေသော မန္တလေးမြို့မှ ဘုန်းတော်ကြီး ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုသည် ဗုဒ္ဓဘာသာဝင်များကို မူဆလင်ပိုင်ဈေးဆိုင်များ စီးပွားရေး လုပ်ငန်းများကို သပိတ် မှောက်ရန် စည်းရုံးလှုံ့ဆော်ခြင်းကြောင့် လူသိများလာခဲ့သည်။

၉၆၉ အမှတ်တံဆိပ်ပါ စတစ်ကာများ၊ အလံများ နှင့် လက်ကမ်းစာစောင်များ သည် သံတွဲ တမြို့လုံးသို့ ပျံ့နှံ့လာခဲ့ပြီး ၉၆၉ လှုံ့ဆော်ရေး သီချင်းများကိုလည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် စတင်ဖွင့်လာကြသည်ဟု ဦးဝင်းနိုင် က ပြောသည်။

“လူတွေက သူတို့ဘာသာကိုကာကွယ်ဖို့ အကြောင်းတွေ စပ်ဆိုထားတဲ့ ၉၆၉ သီချင်းတွေကို ဖွင့်ကြတယ်။ တမြို့လုံးမှာ လည်း သာသနာ့အလံတွေ ထူကြတယ်။ အဲဒါကြောင့် တင်းမာမှုတွေ စဖြစ်လာရတာပဲ” ဟု သံတွဲမြို့ခံ တယောက်က ဆိုသည်။

သံတွဲမြို့တွင် ဇူလိုင်လ အစောပိုင်းကထဲက မွတ်ဆလင်ဆန့်ကျင်ရေး ပဋိပက္ခတခု အခိုက်အတန့် ဖြစ်ပွားခဲ့သေးပြီး မွတ်ဆလင်ပိုင် အိမ် ၃လုံး ဖျက်ဆီးခံခဲ့ရဖူးသည်။ သို့သော်လည်း ဗုဒ္ဓဘာသာအလံ လွှင့်ထူထားသည့် ဆိုင်ကယ်သမား တယောက်နှင့် သံတွဲမြို့မှ ကမန်အမျိုးသား မွတ်ဆလင် တဦးတို့ စကားများပြီး အချေအတင်ဖြစ်ခဲ့သော ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့ကျမှ တင်းမာမှုက အမြင့်ဆုံး ဖြစ်သွားခဲ့သည်။

မွတ်ဆလင် အမျိုးသားကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေချိန်တွင် ဗုဒ္ဓဘာသာဝင် တစုက ၎င်း၏ နေအိမ်ကို ဝိုင်း၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ညပိုင်းရောက်သည့် အခါ သံတွဲမြို့ရှိ မူဆလင်အိမ် အမြောက်အများ မီးရှို့ခံလိုက်ရပြီး ပဋိပက္ခက အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ပါ ပျံ့နှံသွားသည်။

ပဋိပက္ခ စတင်ဖြစ်ပွားပြီး လေးရက်ကြာ ကာလအတွင်းတွင် သဗြုချိုင်၊ ပေါက်တော နှင့် မဲကျွန်း အစရှိသည့် မူဆလင် ကျေးရွာများရှိ အိမ်ခြေ ၁၀၀ ကျော်နှင့် ဗလီ အမြောက်အများ မီးရှို့ ဖျက်ဆီးခံလိုက်ရသည်။ အခြား ကမန် ကျေးရွာ ၂ ရွာ လည်း တိုက်ခိုက်ခြင်းခံခဲ့ရသည်။ လူ ၆ယောက်သေဆုံး၍ အနည်းဆုံး ၅ ယောက် ဒဏ်ရာရကာ ရာနှင့် ချီသော မူဆလင် များ နေအိမ်ကို စွန့်၍ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်ဟု သတင်းများက ဆိုသည်။

သံတွဲမြို့မှ မတည်ငြိမ်မှုများသည် လွန်ခဲ့သော နှစ်မှ စ၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခဲ့သည့် မြန်မာနိုင်ငံ အနောက် ပိုင်းမှ ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံး လာရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။ ၂၀၁၂ ဇွန်လ နှင် အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်းတွင် ဟု ခေါ်နေကြသည့် မွတ်ဆလင်အများစုပါဝင်သော လူ ၁၉၂ ဦး သေဆုံးခဲ့ပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။

မြန်မာ အစိုးရက ရိုဟင်ဂျာများ ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ် တောင် ပိုင်းမှ ကမန် မူဆလင်များကို တိုင်းရင်းသား အဖြစ်တရားဝင် အသိအမှတ်ပြုပေးထားသည်။

ကမန်မွတ်ဆလင်များသည် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဒေသခံများကဆိုသည်။ မွတ်ဆလင် ဧည့်လမ်းညွှန်တဦးဖြစ်သူ ကိုဆန်းမြင့်က “ဒီက မွတ်ဆလင်တွေက ပညာတတ်တွေပါ။ ကျနော်တို့ အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင် အမြဲနေတယ်။ အရင်က ကျနော်တို့ကြားမှာ ဘာပြဿနာမှ မပေါ်ဘူးဖူး” ဟု ဧရာဝတီသို့ ပြောသည်။

ကမန်အမျိုးသားပါတီ တီရှပ်ဝတ်ဆင်ထားသော မွတ်ဆလင်ခေါင်းဆောင်အချို့က မီးရှို့ခံရသော သပြုချိုင်ရွာနှင့် ၃ မိုင်ဝေးသော ဆင်ခေါင်းရွာမှ အစွန်းရောက်ရခိုင်များကို အပြစ်ဆိုကြသည်။ ၎င်းတို့အဆို ယင်းတို့မှာ သံတွဲအနောက်ဘက် ယမန်နှစ်က မွတ်ဆလင် ဘုရားဖူးများ သတ်ဖြတ်ခံခဲ့ရသော တောင်ကုတ်မှ လာကြသည်ဟု သိရသည်။

“မနှစ်က တောင်ကုတ်မှာ အဓိကရုဏ်းဖြစ်ပြီး သူတို့အိမ်တွေ မီးရှို့ခံရတော့ ပြောင်းလာကြတာ၊ သူတို့စိတ်ထဲ မွတ်ဆလင်တွေကို နာနေကြတယ်။ ဒါကြောင့် ကျနော်တို့ အိမ်တွေကို လာမီးရှို့ကြတာ ” ဟု အသက် ၅၀ အရွယ် ကမန်ခေါင်းဆောင်တဦးက ဆိုသည်။

သံတွဲအာဏာပိုင်များအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု မသင်္ကာသူများကို ရှာဖွေဖမ်းဆီးနေရာ တနင်္ဂနွေနေ့ထိ ရခိုင် ၃၇ ဦးနှင့် ကမန် ၁၁ ဦးရှိကြောင်း ရဲအရာရှိ ညီညီထွေးက ဧရာဝတီကို ပြောသည်။ “ကျနော်တို့ ဖမ်းနေတုန်းပဲ” ဟုလည်း ဆိုသည်။

(ဧရာဝတီသတင်းထောက် လဝီဝမ်နှင့် ဓာတ်ပုံသတင်းထောက် စတိဗ်တက္ကနာတို့ သံတွဲမြို့မှ တိုက်ရိုက်သတင်းပေးပို့သည်)

Loading