ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၉ ကြိမ်မြောက် တွေ့ဆုံသည့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့မှစ၍ ၃ ရက်ကြာ ဆွေးနွေးမည်ဖြစ်ပြီး အစောပိုင်း ရက်များတွင် တပ်နေရာ ချထားရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရပိုင်းကလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်နေတယ်။ တပ်မတော်ပိုင်းကလည်း ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး လိုချင်တယ်လို့ ပြောပါရစေ။ ဘေးကထင်ကြေးတွေနဲ့ အပြောတွေကြောင့် ရှင်းရတာတွေရှိတယ်။ ငြိမ်းချမ်းရေးက တပ်မတော် အကျိုးစီးပွားအတွက် လုပ်တာမဟုတ်ဘူး။ အားလုံးအတွက် လုပ်တာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသည်။
ယခုဆွေးနွေးပွဲတွင် တပ်နေရာချထားရေး ကိစ္စအပြင်၊ ရွှေ့ပြောင်း ဒုက္ခသည်များ ကိစ္စနှင့် နိုင်ငံရေး ဆွေးနွေးရေး ကိစ္စတို့ကိုလည်း ဆွေးနွေးရန်ရှိကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေးသည် တိုင်းရင်းသားတိုင်း လိုချင်နေသည့် နိုင်ငံရေးဆွေးနွေးမှု၏ မူလအစသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားရန် ကတိပေးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
“ဦးအောင်မင်းက ပေးပြီးကတိ တည်တယ်၊ မတည်ဘူးဆိုတာ လူတိုင်းသိမှာပါ။ တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူအခွင့်ရေးရဖို့၊ ဖက်ဒရယ်မူ၊ ဖွဲ့စည်းပုံပြင်ဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်လာမယ်လို့ ပြောရဲတယ်။ သမ္မတကြီးကိုယ်တိုင် တိုင်းရင်းသားအရေးကို အလေးထားသူပါ။ ဒီလိုပဲ တပ်မတော်ပိုင်းကလည်း ဒီလိုမျိုးပဲ။ သူတို့လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူတွေပါ” ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်က “အခုလို ငြိမ်းချမ်းရေးတွက် ရည်ရွယ်လုပ်ဆောင်ပေးတဲ့ အပေါ်မှာ ဝမ်းသာပါတယ်။ ချုပ်ဆိုတဲ့ စာချုပ်တွေမှာ အပစ်အခတ် ရပ်ဆိုင်းရေးနဲ့ ပတ်သတ်ပြီး ချုပ်တာထက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုး လိုချင်ပါတယ်။ ဒါက အဓိကပါ။ တိုင်းရင်းသားအရေးကို တကယ် အလေးထား ဆောင်ရွက်လာတဲ့အပေါ် ကြိုဆိုပါတယ်” ဟု ပြောသည်။
ယခု ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဘက်မှ ဦးအောင်မင်း ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းမှူး ထွန်းထွန်းနောင် အပါဝင် ၃၀ ဦး တက်ရောက်သည်။ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်ကာ စစ်ဘက်ဆိုင်ရာမှ ဗိုလ်ချုပ် ဂွန်မာ်၊ တပ်မဟာ (၄) မှ ဗိုလ်မှူး လဖိုင်ဇော်ရော် စသည့် ခေါင်းဆောင် ၈ ဦး နှင့် နောက်ပါ ဝန်ထမ်း ၄၅ ဦး တက်ရောက်သည်။
ယခု ဆွေးနွေးပွဲတွင် ယခင်က တက်ရောက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ ၃ ဖွဲ့လည်း တက်ရောက်သည်။
လေ့လာသူများအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ စည်လုံးညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့၊ ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းမျိုးနွယ်စု ယဉ်ကျေးမှုနှင့် စာပေပိုင်းမှ ၅ ဦး၊ ကချင်ရိုးရာ ယဉ်ကျေးမှုမှ ၃ ဦးတို့ တက်ရောက်သည်။
KIO Technical Advisory Team မှ ဦးဒေါင်ခါးက “ဆွေးနွေးပွဲက အားရစရာ ကောင်းပါတယ်။ ပိုပြီး ကောင်းလာမယ် ထင်ပါတယ်။ အခုလောက်အထိ ဖြစ်လာတာကိုက အားရစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးတွေ ဖြစ်လာမယ် ထင်ပါတယ်” ဟု ပြောသည်။
ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အစိုးရဘက်မှ စတင်ကာ ဖြေလျော့မှုများကြောင့် ရလဒ်ကောင်းများ ရလာနိုင်ကြောင်း၊ KIOဘက်မှလည်း ဆွေးနွေးမှု စိပ်စိပ် ဆောင်ရွက်လာနိုင်သောကြောင့် ကောင်းသော အလားလာများ ရလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း အပစ်ခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဦးစားပေး လုပ်ရန် ကိစ္စတွင်မှု နားလည်မှု မရသေးကြောင်း တွေ့ရသည်။