မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် တနေ့လျှင် ကြက်သားပိဿာ ၅၀၀၀ မှ ၇၀၀၀ အထိ ထုတ်လုပ်နိုင် သည့် အိန္ဒိယ နည်းပညာသုံး အဆင့်မြင့် ကြက်သား စက်ရုံ တည်ဆောက်မည် ဖြစ်ကြောင်း Mandalay Livestock Development ကုမ္ပဏီမှ ဒေါက်တာ နေသူရိန်က ပြောသည်။
ကြက်သား ထုတ် စက်ရုံ ကို မတ္တရာမြို့နယ် ကပိုင်ကျေးရွာတွင် လာမည့် နိုဝင်ဘာလ စတင် တည်ဆောက် သွားမည် ဖြစ်ပြီး ကြက်သားထုတ်လုပ်သည့် စက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကြက် သား ထုတ်လုပ်မှုတွင် စနစ်တကျ၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး စက်ရုံ တည်ဆောက်ရေး အတွက် မန္တလေးမြို့မှ ကြက်မွေးမြူရေးလုပ်ငန်းရှင် ၃၁ ဦး ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မန္တလေးမှာ အသားစားကြက် စားသုံးမှု မြင့်တက်လာတယ်။ ဒါပေမယ့် ကြက်သားကို စနစ်တကျ ထုတ်လုပ်နိုင်မှု မရှိသေးဘူး။ ကြက်သားကို အဆင်ပြေတဲ့ နေရာမှာပဲ သတ်နေကြတာ။ အဲဒီအတွက် စားသုံးတဲ့သူတွေရဲ့ ကျန်းမာရေး တွေ ဆုံးရှုံးထိခိုက်မှု ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ မွေးမြူရေး သမားတွေ စုပြီး တဦးကို ကျပ် သိန်း ၅၀၀ စီနဲ့ ၃၁ ဦး ကုမ္ပဏီဖွဲ့ ပြီး ဒီအဆင့်မြင့် ကြက်သားထုတ်စက်ရုံကို တည်ဆောက်သွားမှာပါ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
မန္တလေးတွင် ကြက်သား စားသုံးမှုနှုန်းသည် တနေ့လျှင် ပျမ်းမျှ ပိဿာ ၄ သောင်းကျော်၊ ကြက်ကောင်ရေ ၂ သောင်းခွဲ ကျော် ရှိပြီး၊ ကြက်သားထုတ်စက်ရုံက တနေ့လျှင် ပိဿာ ၅ ထောင်ကျော်မှ ၇ ထောင်အတွင်း သာ ထုတ်လုပ် ပေးနိုင်မည် ဖြစ်၍ ဈေးကွက်လိုအပ်ချက်၏ ၁၀ ပုံ ၁ ပုံကျော်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကြက်သား ထုတ်စက်ရုံက အသင့်စားသုံးနိုင်သည့် ကြက်သားများကို ထုတ်လုပ်ပုံစံကို ၃ မျိုးခွဲ ထုတ်လုပ်သွားမည် ဖြစ်ပြီး လတ်ဆတ်သည့် ကြက်သား၊ အအေးခံ ကြက်သားနှင့် ခဲထားသော ကြက်သားတို့ ထုတ်လုပ်သွားမည် ဖြစ် ကြောင်း၊ ယင်းကြက်သားများကို ကျန်းမာရေးနှင့် ညီညွတ်စေရန် အဓိကထား လုပ်ဆောင်သွားမည် ဒေါက်တာ နေသူရိန် က ပြောသည်။
“ကျနော်တို့ ကုမ္ပဏီက ကြက်ခြံရှင်တွေရဲ့ ကြက်တွေကို အဓိကထားပြီး ထုတ်လုပ်သွားမယ်။ တကယ်လို့ ဈေးကွက် လိုအပ်ချက် အရ ကျနော်တို့ ကြက်တွေကို မထုတ်လုပ်နိုင် သေးဘူး ဆိုရင် တခြား ကြက်ခြံရှင်တွေကို ထည့်စဉ်းစား သွားမယ်။ ပုံမှန်အားဖြင့်တော့ ကျနော်တို့ စက်ရုံက ထုတ်တဲ့ကြက်သားတွေဟာ အရည်သွေးမြင့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်မယ်။ ခြံသမားတွေဆီက တိုက်ရိုက်ထုတ်လုပ် တင်သွင်းတာဖြစ်တဲ့ အတွက် စားသုံးတဲ့သူမှာ ဈေးအများကြီး သက်သာမယ်” ဟု ဒေါက်တာနေသူရိန်က ပြောသည်။
ရန်ကုန်မြို့၊ မင်း တိရစ္ဆာန်ဆေးကုခန်းမှ တိရစ္ဆာန်ကုဆရာဝန် ဒေါက်တာရဲဇော်ဟန်က ကြက်သားစနစ်တကျ ထုတ်လုပ်သည့် စက်ရုံ တခုပေါ်ထွန်းလာမှုသည် စားသုံးသူများအတွက် ရွေးချယ်စရာဖြစ်ပေါ်လာခြင်းဖြစ်သည့်အပြင် စနစ်ကျ သန့်ရှင်းသော အရည်အသွေးမြင့် စားသောက်ကုန်များ ပေါ်ထွက်လာခြင်းဖြစ်သည့် အတွက်ကြိုဆိုရမည် ဖြစ်ကြောင်း ပြောသည်။
“လမ်းဘေးမှာ ဖြစ်သလို သတ်ဖြတ် ရောင်းနေတာထက်စာရင် စက်ရုံနဲ့ စနစ်တကျ ထုတ်လုပ်ပြီး လုပ်တာ ပိုကောင်းပါတယ်။ နိုင်ငံတိုးတက်လာတာနဲ့အမျှ သန့်ရှင်းမှု၊ စနစ်တကျ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် စားသောက်ကုန် တွေကပဲ ဈေးကွက်မှာ နေရာရလာမှာပါပဲ။ လူတွေကလည်း ဝင်ငွေတိုးလာနဲ့အမျှ ကိုယ့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအသောက်တွေကိုပဲ ရွေးချယ်မှာပဲ။ နောက်ပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေက ဒီစက်ရုံကို လုပ်ကိုင်ကြမှာဆိုတော့ နိုင်ငံတကာ စားသောက်ကုန်ဈေးကွက်ထဲကို ဝင်ရောက်မယ့် ခြေလှမ်း တရပ်လို့လည်း မြင်ပါတယ်´´ဟု ဒေါက်တာရဲဇော်ဟန်က ဆိုသည်။
လတ်တလော မြန်မာနိုင်ငံတွင် ထိုင်းCP ကုမ္ပဏီက ကြက်ဥ၊ ကြက်သား အပါအဝင် ကြက်ထွက် ပစ္စည်းများနှင့် ဆက်စပ်သော စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများ တည်ထောင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။