သတင်း

ရခိုင်ဒေသ တိုက်တေနီယမ် တူးဖော်ရေး စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တော ဒေသတို့ရှိ ပင်လယ်ကမ်းရိုးတန်း တလျှောက်၌ တိုက်တေနီယမ် နှင့် အလူမီနီ ယမ် ဓာတ်သတ္တုများ ထုတ်လုပ်မည့် စီမံကိန်းသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း သိရသည်။

တိုက်တေနီယမ် ထုတ်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီ ၂ ခုသည် ဒေသဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များ၊ သစ်တော ဌာန၊ စိုက်ပျိုးရေးဌာနများမှ တာဝန်ရှိသူများ၏ သဘောထားကိုသာ တောင်းခံပြီး ပြည်ထောင်စု အစိုးရ ကိုတင်ပြ၍ ထုပ်လုပ် ခွင့် လျှောက်ထားကြောင်း၊ ၎င်းတို့၏ ဆန္ဒသဘောထားကို ယနေ့အထိ မေးမြန်းတောင်းခံမှု မရှိကြောင်း ဒေသခံများက ပြော သည်။

ယင်း ဒေသများသည် ယမန်နှစ် ဇွန်လမှ စတင်၍ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တည်ငြိမ် အေးချမ်းမှု မရှိသေး သည့် နေရာဒေသများ ဖြစ်သည်။

မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေနှင့် ရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေမှ စစ်တွေမြို့နယ် ပင်လယ်ကမ်း ခြေတလျှောက်၌ မကြာမီ ရှာဖွေထုတ်လုပ်တော့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ရွှေ ရှာဖွေရေး အမည်ရှိ “Gold Finder” ကုမ္ပဏီနှင့် လူဇင် ဘတ်နိုင်ငံ အခြေစိုက် Boulle Mining Group သတ္တု ကုမ္ပဏီတို့က လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ လျှပ်စစ်နှင့်စက်မှု ဝန်ကြီး ဦးအောင်သန်းတင် က ဧရာဝတီ ကို ပြောသည်။

ယင်း စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ပြည်နယ်အစိုးရထံ သဘောထားတောင်းခံရာတွင် စိုက်ပျိုးမြေ ကင်း လွတ်ခြင်း၊ သဘာ၀ ပတ်ဝန်း ကျင်ထိခိုက်မှု နည်းပါးခြင်း၊ ဒေသခံများက ထောက်ခံခြင်းတို့ကြောင့် ကုမ္ပဏီများက လျှောက် ထားကြောင်း၊ ထိုအချက်များ မှန်ကန်မှု ရှိမရှိကိုမေးမြန်းရာ ပြည်နယ်အစိုးရက မှန်ကန်သည်ဟု ထောက်ခံပေးလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

“ဒေသခံတွေကို ဘာမှ မေးတာမြန်းတာ မလုပ်ဘဲ ဒေသခံတွေက ထောက်ခံပါတယ်ဆိုပြီး အစိုးရကလည်း သဘောတူလိုက် တယ်၊ တရုတ်တွေ အများစုက အခု စစ်တွေမှာ အနေများပါတယ်၊ ဒီရက်ပိုင်းမှာ တရုတ်အဖွဲ့တွေ လာပြီး စီမံကိန်း စလုပ်ကြ မယ်လို့ သိရပါတယ်”ဟု ရသေ့တောင် ဒေသခံ တဦး က ပြောဆိုသည်။

တိုက်တေနီယမ် ထုတ်လုပ်မည့် စီမံကိန်း အားလုံးကို ပြည်ထောင်စု သတ္တုတွင်း ဝန်ကြီးဌာနနှင့်လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရ၏ သဘောထားမှတ်ချက်ကိုသာ ပြည်နယ် အစိုးရက သဘောတူ ထောက်ခံပေးရကြောင်း သိရ သည်။

“သတ္တုတွင်း ဝန်ကြီးဌာနနဲ့အဲဒီ ကုမ္ပဏီတွေက အကျိုးတူပူးပေါင်း လုပ်ဆောင်ကြမှာပါ၊ ဘယ်သူက ဘယ်လောက် ရာခိုင်နှုန်း အကျိုးခံစားခွင့်ရမယ် ဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး”ဟု ဝန်ကြီး ဦးအောင်သန်းတင် က ဆိုသည်။

ဒီမိုကရေစီ ခေတ်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတို့ အနေဖြင့် မိမိတို့ အာဏာကို အလွဲသုံးစား မပြုလုပ်သင့်တော့ကြောင်း၊ စီမံကိန်းတခု အကောင်အထည် ဖော်မည် ဆိုပါက ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးပြီး သဘောထား တောင်းခံ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးငြိမ်း က ပြောသည်။

“ကျနော်တို့ ဒေသဖွံ့ဖြိုးမယ့် စီမံကိန်းမျိုးဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်၊ ဒါပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချပြသင့်တယ်၊ သဲတွေထုတ်ရင် ကမ်းတွေပြိုလာမယ်၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမယ်၊ ဒါတွေ ကို ဘယ်လို ပြန်လုပ်ပေးမလဲ၊ နောက် ဒေသဖွံ့ဖြိုးရေးအတွက် ဆေးရုံဆောက်ပေးမလား၊ တံတားဆောက်ပေးမလား ဆိုတာ မျိုးတွေ ရှင်းပြဖို့ လိုအပ်တယ်”ဟု ၎င်း က ဆိုသည်။

ထိုစီမံကိန်းများနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်လွှတ်တော်အဆင့်တွင် အဆိုတင်သွင်း ဆွေးနွေးပိုင်ခွင့် မရှိပေ။

ရခိုင်ဒေသတွင်း စီမံကိန်းများနှင့်ပတ်သက်၍ ဒေသခံများ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြောဆို ဆွေးနွေး သင့်ကြောင်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ကုလားတန် စီမံကိန်းတို့သည်လည်း ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်ခဲ့သည့် အတွက် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ က ပြောဆိုကြသည်။

တိုက်တေနီယမ် ဓာတ်သတ္တု ထုတ်လုပ်ရေး စီမံကိန်းကို ရခိုင်လူမှုရေး အဖွဲ့အစည်းများကလည်း စောင့်ကြည့်နေပြီး ဒေသတွင်း ဆိုးကျိုးများရှိလာပါက ကန့်ကွက်သွားမည်ဟု သိရသည်။

တရုတ်စီးပွားရေး ကုမ္ပဏီများသည် ရခိုင်ကမ်းရိုးတန်း တလျှောက်၌ သဲတူးဖော်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်း လုပ်ကိုင်ခဲ့ပြီး သဲများတွင် တိုက်တေနီယမ် ဓာတ်သတ္တုများ ပါဝင်သည်ကို ပြီးခဲ့သည့်နှစ်အတွင်း စမ်းသပ် တွေ့ရှိပြီးနောက် တူးဖော် ထုတ်လုပ်ခွင့် ရရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ပင်လယ် ကမ်းရိုးတန်း၌ ၆ ပေ အနက်ရှိသော ကျင်းများတူး၍ သဲတန်ချိန် ထောင်ပေါင်းများစွာ ထုတ်ယူခဲ့သောကြောင့် ကမ်းရိုတန်းတလျှောက် ကမ်းပါးများ ပျက်စီးခြင်း၊ ကမ်းပါးပြိုခြင်းတို့ ဖြစ်ပွားကာ ရွှွံ့နွံထူထပ်၍ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ရှိ ကြောင်း ဒေသခံများက ပြောသည်။ ယခုလည်း သဲတန်ချိန်ပေါင်းများစွာ တူးဖော် ထုတ်လုပ်တော့မည် ဖြစ်၍ ပျက်စီးမှု များ ပြားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ရှာဖွေရရှိသည့် သတ္တု ကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအတွက် လိုအပ်သည့် စက် ပစ္စည်းများ၊ ပညာရှင်များကို တရုတ်နိုင်ငံက ခေါ်ယူမည်ဖြစ်ကြောင်း၊ အောက်ခြေအလုပ်သမားများကို ဒေသခံများအား ဦးစား ပေးခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။

သဲတန်ချိန် ၅၀၀ တွင် တိုက်တေနီယမ် ကုန်ကြမ်း ၁ တန်ပါဝင်ကြောင်း၊ အငူမော်နှင့်အလယ်သံကျော် ကမ်းခြေ၌ လုပ်ကွက် တခု လျှင် ၄၉ ဧကစီပါဝင်သည့် လုပ်ကွက် ပေါင်း ၁၀ ကွက် လုပ်ကိုင်မည် ဖြစ်ကြောင်း လွတ်လပ်သည့် အာရှအသံ မြန်မာ ပိုင်း သတင်းတွင် ဖော်ပြထားသည်။

တိုက်တေနီယမ် သတ္တုသည် တောင့်တင်းခိုင်မာခြင်း၊ အပူဒဏ်ခံနိုင်ခြင်း၊ အလေးချိန် ပေါ့ပါးခြင်းတို့ ရှိပြီး စွမ်းအင် စက်ရုံများ၊ လေ ယာဉ်များ၊ စစ်သဘောၤများ၊ အာကာသယာဉ်များ၊ ဒုံးကျည်များ စသည်တို့တွင် အသုံးပြုကြောင်း၊ ဆေးဘက် ဆိုင်ရာတွင်လည်း အရိုး အစားထိုးခြင်း စသည်တို့၌ အသုံးပြုကြောင်း၊ ယင်းသတ္တု အမှုန့်များသည် မီးဘေးအန္တရာယ်ကို ဖြစ်စေနိုင်ပြီး လေထုထဲတွင် အပူပေးပါက ပေါက်ကွဲမှု ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

Loading