နိုင်ငံရေးမှာ လူပြောများတာတာ တခု ရှိပါတယ်။ အဲတာက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်ကော စစ်တပ်က သူ့စကားကို နားထောင်မှာ လား၊ သူ အမိန့်ပေးတာကို နာခံမှာလားဆိုတဲ့ ထင်မြင်သုံးသပ်ချက်ဖြစ်ပါတယ်။ ဒီထင်မြင်သုံးသပ်ချက်ရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ကျယ်ပြောတဲ့ အနက်တွေကို တွေ့မြင်ရပါတယ်။ အဲတာက ဘာတွေလဲ ဆိုတော့၊
၁။ ဒေါ်စုဟာ စစ်ဗိုလ်ချုပ်မဟုတ်ခဲ့တာကြောင့် သမ္မတဖြစ်လာစေဦး၊ စစ်တပ်ကိုတော့ မီးသေလိမ့်မယ် မဟုတ်ဘူးဆိုတဲ့ တွေးလုံးကို ဖြစ်ပေါ်စေပါတယ်။
၂။ နောင်မှာ သမ္မတဖြစ်မယ့်သူဟာ စစ်တပ်ကထောက်ခံတဲ့ စစ်ဗိုလ်ချုပ် လူထွက်ဖြစ်မှသာ သင့်တော်မယ်ဆိုတဲ့ အဆိုကို ပြုရာလည်း ရောက်နေပါတယ်။
၃။ ဒါကြောင့် စစ်သားဟောင်း စစ်ဗိုလ်ဟောင်းသာလျှင် သမ္မတ ဖြစ်ထိုက်တယ်၊ အရပ်သားတဦး အနေနဲ့ လူထုကမဲနဲ့ ရွေးကောက်လို့ သမ္မတဖြစ်လာ ရင်လည်း သြဇာရှိမှာ မဟုတ်ဘူးလို့ ဆိုလိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
၄။ ဒီလို ချဉ်းကပ်မှုမျိုးကို ဆုပ်ကိုင်ထားမယ်ဆိုရင် နောက်ပြန်လှည့်မယ့် ကိစ္စမျိုးကို တဖက်လှည့်နဲ့ တွန်းအားပေးသလိုမျိုး ဖြစ်စေနိုင်တယ်။ နောက်ပြန်မလှည်ဘူး ဆိုရင်တောင်မှ စက်ဝိုင်းပတ်လမ်းမှာ သံသရာလည်သလို အဖြစ်မျိုးကို ဆက်ပြီး ဖြစ်စေနိုင်တယ်။
၅။ စစ်တပ်က ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ပါလီမန်မှာ ၂၅% အလိုအလျှောက်နေရာ ယူထားတာကို ထောက်ခံသလိုလည်း ဖြစ်နေတယ်။ ဒါကို သက်ဆိုးရှည်စေသလိုလည်း ဖြစ်စေပါတယ်။
၆။ နောင်အနှစ်နှစ်ဆယ် သုံးဆယ်အတွင်း မည်သည့် အရပ်သားတဦးတလေမှ စစ်တပ်ကို မပိုင်ရင် သမ္မတ မဖြစ်ထိုက်သေး မဖြစ်နိုင်သေး ဆိုတဲ့ လမ်းကြောင်းကို ဖော်သလိုလည်း ဖြစ်နေတယ်။
၇။ လက်နက်ကိုင်တပ်တွေကို ပိုင်ဆိုင်သူ အမိန့်ပေးနိုင်သူသာ သမ္မတ ဖြစ်သင့်တယ်ဆိုတဲ့ ချဉ်းကပ်မှုကြောင့် စစ်တပ်ဟာ ပြည်သူကြားထဲက မွေးဖွားလာတဲ့ တပ်မျိုးမဟုတ်ဘဲ သီးခြားလူတန်းစား တခုလို ရပ်တည်လာမှာမျိုးကို အားပေးရာ ရောက်နေတယ်။ ဒီလိုဖြစ်လာရင် အရပ်သားဟာ ဒုတိယတန်းစား အဆင့်လောက်မှာပဲ တစ်ဆို့ပြီးနေရလိမ့်မယ်။
ထပ်ပြီးရှာဖွေမယ်ဆိုရင် နောက်ထပ်လည်း အချက်အလက်တွေ အများကြီး ပေါ်လာနိုင်ပါသေးတယ်။ ဒါကြောင့် လိုရင်း တိုရှင်း ပြောရမယ်ဆိုရင် ဒီလိုတွေလုံးမျိုးကို ဖက်တွယ်ထားမယ်ဆိုရင်တော့ ဒီမိုကရေစီတည်ဆောက်ရေးကို နှောင့်နှေးစေလိမ့်မယ်။ အပြောင်းအလဲဟာ ထင်တာထက် ပိုကြာသွားနိုင်တယ်။
စစ်တပ်ဟာ အာဏာရအစိုးရနဲ့ သမ္မတရဲ့ အမိန့်ကို နာခံပါ့မလားလို့ တွေးပြီးပူစရာမဘူးလို့ ပြောလိုပါတယ်။ လုပ်စရာရှိတာ ဆောင်ရွက်စရာ ရှိတာတွေကို ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းနဲ့ ဆက်လုပ်ဖို့ပဲ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အရပ်သား သမ္မတရဲ့ အမိန့်ကို စစ်တပ်က နာခံပါ့မလားဆိုတဲ့ ချဉ်းကပ်မှုထက် ဒီမိုကရေစီ တိုင်းပြည်တခုမှာ စစ်တပ်ဟာ အချိန်တန်ရင် ပရောဖက်ရှင်နယ် စစ်တပ်ပီသစွာ ကိုယ့်နေရာကိုယ်ပြန်သွားပြီး တိုင်းပြည်ရဲ့ ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ရမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးကိုသာ အားကောင်းသထက် ကောင်းလာအောင် လုပ်ဖို့ပြောဖို့သာ လိုပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ဆိုတဲ့ နေရာမှာ လူမျိုးတမျိုးနဲ့ တမျိုးကြား ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ဖို့လိုသလို နိုင်ငံသားများနဲ့ စစ်တပ်အကြားမှာလည်း လုပ်ဆောင်ဖို့လိုပါတယ်။ လူတဦးတယောက်ကြောင့် ဖြစ်စေ၊ အကျိုးစီးပွားကြောင့်ဖြစ်စေ၊ အာဃာတ အမုန်းတရားတွေကြောင့် ဖြစ်စေ၊ မတော်တဆမှုကြောင့် ဖြစ်စေ ပေါက် နေတဲ့ သေနတ်သံတွေ စဲသွားအောင် တိတ်သွားအောင် အရင်ဆုံး ဆောင်ရွက်ဖို့ လိုပါတယ်။ သေနတ်သံတွေ တိတ်သွား အောင် အလုပ်တွေကို ကြားကုတ်ကြားခဲ လုပ်ဖို့လိုပါတယ်။ အဲသလို လိုအပ်တဲ့ အလုပ်တွေကို အရင်မလုပ်ဘဲ နောင် တက်မယ့် အရပ်သား သမ္မတ အမိန့်ကို စစ်တပ်က နာခံပါ့မလား ဆိုတာ တွေးပူနေစရာ မလိုဘူးလို့ ထောက်ပြလိုပါတယ်။ အမိန့်ကို မနာခံရင် မနာခံတဲ့သူသာ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
လူထုက ရွေးကောက်တင်မြှောက်လို့ သမ္မတ ဖြစ်လာတဲ့ အရပ်သားတဦးရဲ့ အမိန့်ကို စစ်တပ်က ဖီလာဆန့်ကျင် လုပ်နိုင်တယ် ဆိုတာကလည်း ဖြစ်နိုင်တဲ့ တွေးလုံးပါ။ ဒါပေမယ့် အရပ်သား သမ္မတ ဘယ်နှစ်ဆက်အထိ စစ်တပ်အနေနဲ့ ဆန့်ကျင်နိုင်မှာလဲ။ ကိုယ့်ဖက်က ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ စေတနာသန့်သန့်နဲ့ လုပ်ပြဖို့ပဲ လိုပါတယ်။ နိုင်ငံရေးမှာ နိုင်ငံရေးကစားတယ် ဆိုတာ အမြဲတန်း ရှိပါတယ်။ နိုင်ငံရေးကစားတာက နိုင်ချင်လို့ဖြစ်ပါတယ်။ အနိုင်လိုချင်တာကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် လိုအပ်တာထက် နိုင်ငံရေးကို ပိုကစားကြမယ်ဆိုရင် ရေရှည်မှာ တိုင်းပြည်နဲ့ နိုင်ငံသားတွေသာ နစ်နာမှာ ဖြစ်ပါတယ်။ ဖဆပလ ခေတ်က နိုင်ငံရေး အကစားလွန်လို့ တိုင်းပြည်နစ်နာခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်ကို အခုအထိ မြန်မာနိုင်ငံသားတွေ ခံစားနေရဆဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့လည်း လိုပါတယ်။
ဒီအချိန်မှာ အရင်ဆုံး ပြောရမယ့် အရေးကြီးတဲ့ စကားတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲတွေ ရှိရမယ်။ နိုင်ငံသားတွေ သူ့တို့ဆန္ဒနဲ့အညီ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရမယ်။ သူတို့ နစ်နာ နေတဲ့ အပေါ်မှာ နိုင်ငံသားတွေ အနေနဲ့ အကြောက်အရွံ့ကင်းစွာ တောင်းဆိုပိုင်ခွင့် ရှိရမယ် စတဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကနေ ဒီအချက်ကတော့ တရုတ်တွေဖက်က ကြိုက်မှာမဟုတ်လို့ မတောင်းဆိုပါနဲ့ဦး၊ ဒီအချက်ကတော့ အမေရိကန် ပေါ်လစီနဲ့ မကိုက်လို့ အသာထားလိုက်ပါဦး၊ ဒီအချက်တွေကိုတော့ဖြင့် စစ်တပ်က သဘောမကျလို့ ခဏဆိုင်းထားပါဦး ဆိုတဲ့ နိုင်ငံရေးမျိုးကို နိုင်ငံသားတွေပါ လိုက်လုပ်ဖို့ တွန်းအားပေးမျိုးက မဖြစ်သင့်ဘူးလို့ ပြောလိုပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ အရေးကြီးတာက နိုင်ငံသားတွေက တောင်းဆိုနေတာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတာကို မမေ့သင့်ပါကြောင်း။