ဘရူနိုင်းတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို လက်ရှိတာဝန်ယူနေသော ဘရူနိုင်းနိုင်ငံမှ လွှဲပြောင်းရယူလာပါလိမ့်မည်။ ယင်းသည် ပြန်လည်အားယူ ခေါင်းထောင်ထလာနေသော မြန်မာနိုင်ငံအဖို့ ဂုဏ်ယူဖွယ်ဖြစ်သလို ဒေသတွင်း ခေါင်းဆောင်မှု တာဝန်ကို မြန်မာတို့ မည်မျှထမ်းဆောင်နိုင်မည်ဆိုသည့် စိန်ခေါ်ချက်နှင့်လည်း ရင်ဆိုင်ရပြီဖြစ်သည်။
၂၀၁၁ ခုနှစ်မှ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သော မြန်မာနိုင်ငံသည် ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် ရှိသည့် ဆီးဂိမ်း အားကစားပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံဥက္ကဌ၊ ၂၀၁၅ ရွေးကောက်ပွဲတို့ကြောင့် ကမ္ဘာက မျက်လုံးဒေါက်ထောက်ကြည့်ခံနေရသည့်အပြင် အာဆီယံ ပဋိညာဉ်အရ ၂၀၁၅ ခု အကုန်တွင် ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေးဇုံကိုလည်း ဝင်ရောက်ရတော့မည်။
အမှန်အားဖြင့် အသင်းဝင်များက တနှစ်တကြိမ် ထမ်းဆောင်ရသည့် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၀၆ ခုနှစ်တုန်းက မြန်မာက ရယူရမည်ဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ဖိအားများကို မလွန်ဆန်သာပဲ လက်လွှတ်ခဲ့ရရာ ယခု ပြုပြင်ပြောင်းလဲရေးများနှင့် အရှိန်ရလာနေသော မြန်မာအဖို့ ရှေ့နှစ်တွင် ထမ်းဆောင်ရမည့် ဥက္ကဋ္ဌ တာဝန်မှာ အာဆီယံအသင်းထဲ ၁၉၉၇ ခုနှစ်မှ စတင်ဝင်ရောက်ပြီးကတည်းက ပထမဆုံးအကြိမ် ထမ်းဆောင်ရမည်ဖြစ်သည်။
ယခင်စစ်အစိုးရလက်ထက်နှင့် နှိုင်းယှဉ်လျှင် ပြည်တွင်းနိုင်ငံရေး တိုးတက်ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးနေရုံဖြင့် မလုံလောက်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး စစ်ရေးအရ သဘောတူညီချက်များ ရရန် လိုအပ်နေသေးပြီး မြန်မာနိုင်ငံကို အရုပ်ဆိုး အကျည်းတန်စေသည့် လူမျိုးရေး ဘာသာရေး ခွဲခြားတိုက်ခိုက်မှုများကိုလည်း ထိန်းချုပ်တိုက်ဖျက်သွားရန် လိုအပ်နေသေးသည်။
သို့မှသာ ရွေးချယ်ထားသော ကြွေးကြော်သံ “Moving forward in unity towards a peaceful and prosperous Community” နှင့် လိုက်လျောညီထွေဖြစ်ပြီး လူမျိုး ဘာသာပေါင်းစုံ စုစည်းထားသော အာဆီယံအသင်း၏ အခြားအဖွဲ့ဝင်များနှင့် နိုင်ငံတကာ အမြင်တွင် မြန်မာတို့ တင့်တယ်ပေလိမ့်မည်။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ရှေ့သို့ချီတက်ရေးအတွက် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြရလိမ့်မည်။
ထိုကြွေးကြော်ရည်မှန်းချက်တို့သည် ပြည်တွင်းနိုင်ငံရေးမျှနှင့် ရပ်မသွား၊ အာဆီယံအသင်းအပေါ် မြန်မာတို့ မည်မျှခေါင်းဆောင်မှု ပေးနိုင်မည်ဆိုသည်နှင့်လည်း တိုက်ရိုက်သက်ဆိုင်ပါသည်။ ထိုင်း၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသည့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းပဋိပက္ခများနှင့် လူ့အခွင့်အရေးကိစ္စများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းရေးရာများသာမက တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုများ၊ ကုန်သွယ်စီးပွားဆက်ဆံရေးနှင့် သံတမာန်ဆက်ဆံရေးတို့တွင် ညီညွတ် ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေး ခေါင်းဆောင်မှု ပေးရပေလိမ့်မည်။
ဤသည်တို့အတွက် ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသာမက ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံနိုင်ငံရေးသမားများ၊ သူရဦးရွှေမန်း ဦးစီးသည့် လွှတ်တော်များ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်တို့ တစည်းတလုံးတည်း တာဝန်ရှိပါသည်။ တယောက်တလမ်း သွားကြမည်ဆိုလျှင်ဖြင့် မြန်မာ့ခေါင်းဆောင်မှုကို သံသယဝင်ကြပေလိမ့်မည်။ အဆုံးစွန်ပြောရလျှင် မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ ကိုယ့်အရှက် ကိုယ်မခွဲဖို့ ကိုယ့်သိက္ခာ ကိုယ်ထိန်းဖို့ လိုမည်။
တချိန်တည်းတွင် ရှေ့နှစ်အောက်တိုဘာတွင် ဒေသတွင်းနှင့် နိုင်ငံတကာထိပ်သီးများကို လုံလုံခြုံခြုံနှင့် ပြည့်ပြည့်စုံစုံ ကြိုဆိုဧည့်ခံနိုင်ရေး အစီအမံများကို ကြိုတင်ပြင်ဆင်ရန်နှင့် ရံပုံငွေအတွက် အစည်းအဝေးပေါင်း များစွာကို မြန်မာတို့ ထိုင်ရပေတော့မည်။ အတွေ့အကြုံရင့်ပြီး ကျွမ်းကျင်သူပေါသည့် အခြားအာဆီယံအဖွဲ့များ၏ အကူအညီနှင့် မိမိရှေ့တွင် ပထမဆုံးအကြိမ် ဥက္ကဋ္ဌရာထူးယူသည့် နိုင်ငံများ၏ သင်ခန်းစာကို မြန်မာတို့ ယူကြရမည်။
အရေးအကြီးဆုံးမှာ မျက်နှာပျက်စရာများနှင့် ကြုံသော် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ မြန်မာပြည်တွင် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်လာခဲ့သော တိုင်းရင်းသားလူမျိုးစု ပြဿနာနှင့် နက်နက်ရှိုင်းရှိုင်း ခါးသည်းစွာ ဖြစ်နေသည့် ဘာသာရေးလူမျိုးရေး ခွဲခြားမှုများသည် ရှောင်လွှဲသိုဝှက်ရမည် မဟုတ်သည်မှာ သေချာသလောက်ဖြစ်သည်။
အာဆီယံအစိုးရချင်းကြား ထုံးစံအတိုင်း “ကြားဝင်မစွက်ရေး ဝါဒ”ကို ဒိုင်းသဖွယ် အသုံးချနိုင်သော်လည်း လူ့အခွင့်အရေးတန်ဖိုးထားသည့် နိုင်ငံတကာအစိုးရများနှင့် နိုင်ငံသားချင်းဆက်ဆံရေးတွင် အရေးကြီးသည့် ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများသည်ကား ၎င်းတို့ ယုံကြည်တန်ဖိုးထားသည့် လူ့အခွင့်အရေးပေါ်တွင် ရပ်တည်ပြောဆိုကြမည်မှာ အသေအချာပင်။