သမ္မတဦးသိန်းစိန် အစိုးရက လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပါဝင်လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေး ကြောင်း TNLA ဒုတိယ ဥက္ကဋ္ဌ ဦးတားဂျုတ်ဂျား က ဧရာဝတီသို့ ပြောသည်။
ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က စတင်ကျင်းပသည့် အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် TNLA ဒုတိယဥက္ကဋ္ဌ ဦးတားဂျုတ်ဂျားက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် နိုင်ငံရေးဆွေးနွေးမှု ပိုမို လိုလား ကြောင်း၊ လက်ရှိတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသော်လည်း အစိုးရ ကျင်းပမည့် အပစ်အခတ် ရပ်စဲ ရေး ပွဲတွင် လက်မှတ် ရေးထိုးမည်၊ မထိုးမည် ကိုမူ မဆုံးဖြတ်ရသေးကြောင်း ပြောသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ပြင်ဆင်နေပါပြီ။ အပစ်အခတ် ရပ်ဖို့ကယုံကြည်မှုတည်ဆောက်မှုပေါ်မှာ မူတည်တယ်။ လက်မှတ်ထိုး ပြီးတိုက်ပွဲတွေ ပြန်ဖြစ်တယ်။ လက်မှတ် ထိုးထားလည်း တိုက်ပွဲဖြစ် ၊ လက်မှတ် မထိုးလည်း တိုက်ပွဲ ဖြစ် ဆိုတာ တော့ မကောင်းဘူးပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တာတော့ အကောင်းဆုံးပဲ”ဟု ပြောသည်။
လတ်တလော အစိုးရနှင့် TNLA တို့ တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပလောင်လူမျိုးတို့၏ဒေသရင်း
မန်တုံ-နမ့်ဆန်တွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် အဆိုပါ နေရာတွင် လက်တွေ့ ကျင်းပနိုင်ခြင်း ရှိ၊ မရှိ ညှိုနှိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“အခုကတော့ တဖက် နဲ့တဖက် စစ်ရေးလျှော့ဖို့ လောက်ကို နှုတ်ကတိပေးထားတာပေါ့။ ဒီတခေါက်ကတော့ တပ်နေရာချရေး၊ စစ်ရေးကိစ္စတွေကိုဦးတည်ဆွေးနွေးသွားမယ်လို့တော့စဉ်းစားထားတယ်”ဟု ၎င်းကပြောသည်။
ဇူလိုင်လတွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) တို့သည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တွေ့ဆုံ ခဲ့ပြီး သဘောတူညီချက် ၄ ချက်ရရှိခဲ့ကြောင်း၊ ယင်းသဘောတူချက်များတွင် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး ၊ လက်နက်မပါဘဲ နယ်မြေဖြတ်သန်းခွင့်ပြုရေး နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲရက် သတ်မှတ်နိုင်ရေး တို့ဖြစ်ကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ကချင် ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆွေးနွေးပြီးပါက ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပြောဆိုသည်။
“ကချင်ပြီး ပလောင်နဲ့ဆက်ဆွေးနွေးမှာပါ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်အရင်ကလို ဖြစ်တာမျိုးမရှိဘူး။ နားလည်မှုလွဲလို့ ရှောင်လွှဲပစ်တာမျိုးပဲရှိတယ်။ ဒီလိုဆိုတော့ တိုက်ပွဲဖြစ်တယ်သာပြောတာပါ။ အရင်ကထက် တိုက်ပွဲဖြစ်နှုန်းကျတယ်။ ထိခိုက်မှုတွေမရှိပါဘူး”ဟု ဦးအောင်မင်းက ဆိုသည်။
TNLAသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)တို့နှင့် စစ်ရေး မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည်။