မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်ပြီး ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၁၇၀ ခန့်သည် ယမန်နေ့ ညနေ ၄ နာရီက MAI လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။
ယင်း မြန်မာအလုပ်သမားများသည် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနှင့် ကမ္ဘောဇဘဏ်တို့၏ လေယာဉ်အခမဲ့ စီစဉ်ပေးမှုဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
“အခုလို ကျနော်တို့ တိုင်းပြည်ကို ပြန်ရောက်လာတာ ဆရာတော်ရဲ့ ကျေးဇူးတွေပါ။ အရမ်းလည်း ဝမ်းသာပါတယ်။ ကျနော်တို့လို အော်ပရာစီနဲ့ ဖမ်းခံထားရတဲ့ မြန်မာလုပ်သားတွေ မလေးကမ့်ထဲမှာ အယောက် ၈၀၀ လောက် ကျန်သေးပါသေးတယ်။ ကမ့်ထဲကတော့ ၈၂ ယောက်ပဲ ပါလာသေးပါတယ်” ဟု ပြန်ရောက်လာသည့် အလုပ်သမားတဦးဖြစ်သူ ကိုဇော်ဝင်းခိုင်က ဧရာဝတီသို့ ပြောသည်။
မလေးရှားနိုင်ငံ၏ တရားမဝင် လုပ်သား ရှောင်တခင် ပိတ်ဆို့ ဖမ်းဆီးမှု (အော်ပရာစီ) ဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ထိန်းသိမ်းရေး စခန်းထဲတွင် နေထိုင်ခဲ့ရကြောင်း၊ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေး အတွက်လည်း အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
တခြား အလုပ်သမား တဦးဖြစ်သူ ကိုဝင်းမင်းထွန်းက “ကမ့်ထဲမှာ ကြာတဲ့သူတွေက အရင်ပြန်လာရတာပါ။ ဟိုမှာ ကျန်နေတဲ့သူတွေ အမြန်ပြန်လာဖို့လည်း မျှော်လင့်ပါတယ်။ အော်ပရာစီကြောင့် တချို့ မြန်မာ လုပ်သားတွေ ထောင်ထဲမှာ ရိုက်နှက်တာတွေ ခံရပါတယ်။ ခက်ခဲတဲ့ ဒုက္ခတွေလည်း အမြန်ဆုံး သူတို့ကို လွတ်မြောက်စေချင်ပါပြီ” ဟု ဆိုသည်။
မလေးရှားတွင် မြန်မာ လုပ်သားများ နည်းမျိုးစုံဖြင့် ဖမ်းဆီးခံရကြောင်း၊ မလေးရှား ကုမ္ပဏီများ၏ ခေါင်းပုံဖြတ်ခြင်းကိုလည်း ခံရကြောင်း၊ မြန်မာ အလုပ်သမားများသည် ကျီလန့်စာစားနေရပြီး အပြင်သွားလာရန်လည်း ခက်ခဲကြောင်း ကိုဝင်းမင်းထွန်းက ဆက်ပြောသည်။
“ကျမကတော့ ဖမ်းဆီးပြီး ကမ့်ထဲ ရောက်နေတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မလေးရှားမှာ မြန်မာတွေဆိုရင် အပြင်ထွက်ပြီး စတိုးဆိုင်တွေ၊ ဈေးတွေ ဝင်ထွက်လို့ မရအောင် အခက်အခဲ ကြုံပါတယ်။ နိုင်ငံကူးလက်မှတ် တရားဝင် ကိုင်ဆောင်တဲ့ သူတွေကိုတောင် တော်တော်အခက်တွေ့နေတော့ ကျမ အလုပ်ထပ်လုပ်ဖို့ သိပ်အဆင်မပြေလို့ ပြန်လာတာပါ” ဟု ပြန်ရောက်လာသည့် မဇာဇာအောင်က ဧရာဝတီသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီးနောက် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ ကိုယ်ပိုင် အစီအစဉ်ဖြင့် လည်းကောင်း၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း သိရသည်။
မြန်မာလုပ်သားများ ပြန်လည်ခေါ်ယူနိုင်ရန် အလှူငွေများ လက်ခံ ရရှိခဲ့ကြောင်း၊ MAI လေကြောင်းလိုင်းနှင့် ညှိနှိုင်း ခေါ်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ အလှူငွေ ကုန်သွားလျှင်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် အလုပ်သမားများကို လေယာဉ်စရိတ် အခမဲ့ဖြင့် ပြန်လည် ခေါ်ဆောင်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သီတဂူ သာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ အများဆုံး ဖမ်းဆီးခံထားရကြောင်း၊ တချို့ မြန်မာလုပ်သားများမှာ စတင် ဖမ်းဆီးကတည်းက နယ်စပ်သို့ ထွက်ပြေးကြကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း အလုပ်သမားဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာ အလုပ်သမား ၁ သိန်း ၄ သောင်းကျော် ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင်ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း သိရသည်။