Culture

ရန်ကုန်မြို့ဟောင်း နယ်နိမိတ် ဒေသကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ဟောင်း တည်ရှိစဉ်ကတည်းက ရှိခဲ့သည့် မြို့နယ်များ၏ နယ်နိမိတ် အတွင်းရှိ နေရာများကို ယဉ်ကျေးမှု အမွေ အနှစ် နေရာတခုအဖြစ် စောင့်ကြည့် ထိန်းသိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံအခြေစိုက် World Monument Fund (WMF) ၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ရန်ကုန်မြို့ဟောင်း တည်ရှိစဉ် ကတည်းက ရှိခဲ့သည့် မြို့နယ်များမှာ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်မှ ဗိုလ်တထောင် မြို့နယ်အထိ ဖြစ်ကာ ထိုနေရာများကို ယဉ်ကျေးမှု အမွေအနှစ် နေရာတခုအဖြစ် စောင့်ကြည့် ထိန်းသိမ်းခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များက တခြားနိုင်ငံများတွင် ယဉ်ကျေးမှု အမွေအနှစ်နေရာများကို ထိန်းသိမ်းစောင့်ရှောက် ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်သည် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ် နေရာအဖြစ် ပထမဆုံးအကြိမ် ထိန်းသိမ်းစောင့်ကြည့်ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီနေရာတွေက ရန်ကုန်မြို့ဟောင်း ရှိကတည်းက မြို့နယ်တွေ ဖြစ်တဲ့အပြင် အဲဒီမြို့နယ်တွေမှာက ရန်ကုန်မြို့ရဲ့ သမိုင်းဝင် အဆောက်အအုံ စာရင်းဝင် အဆောက်အအုံ ၁၈၉ လုံးရှိတဲ့အနက် ၈၉ လုံး ရှိတဲ့ မြို့နယ်လည်း ဖြစ်တယ်။ နောက်တခုက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက လူတွေ အတူနေထိုင်ကြတဲ့ နေရာလည်းဖြစ်လို့ပါ” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ အကြီးတန်း ဆက်သွယ်ရေး အရာရှိ မရွှေယင်းမာဦးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့လယ်ရှိ အဆိုပါ မြို့နယ်များအား ယဉ်ကျေးမှု အမွေအနှစ် နေရာတခုအဖြစ် ရွေးချယ်ကာ ထိုမြို့နယ်များရှိ ယဉ်ကျေးမှု အဆောက်အဦးများကို ထိခိုက်စေသည့် အပြုအမူများ၊ လုပ်ဆောင်ချက်များကို WMF နှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

“သူတို့ ဆိုလိုတာကတော့ အဲဒီမြို့နယ်တွေကို စောင့်ကြည့်မယ်၊ ထိန်းသိမ်း စောင့်ရှောက် သွားမယ်ပေါ့။ ဒီဧရိယာကို ပျက်စီး စေနိုင်မယ့်၊ ထိခိုက်စေနိုင်မယ့် အရာတွေ မပြုလုပ်လာအောင် စောင့်ကြည့်မယ်။ လုပ်လာခဲ့ရင် တားမယ်၊ ပြင်ဆင် ထိန်းသိမ်းဖို့ လိုတာတွေကိုလည်း ပြင်ဆင်သွားမယ်” ဟု မရွှေယင်းမာဦးက ဆိုသည်။

ရန်ကုန်မြို့လယ်၏ အထင်ကရ မြို့နယ်ဖြစ်သော လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်မှ ဗိုလ်တထောင် မြို့နယ်အထိ ဧရိယာများအား ၂၀၁၄ ခုနှစ် World Monument Watch ၏ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းရန် ရွေးချယ်လိုက်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်တွင် ပြုလုပ်သွားသော သတင်းစာရှင်းလင်းပွဲ၌ ပြောသွား ခဲ့ခြင်း ဖြစ်သည်။

“ဒီစောင့်ကြည့်စာရင်းဟာ အနာဂတ် မျိုးဆက်တွေ အတွက်သာမက ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ စီးပွားရေး အရင်းအမြစ် အသစ်တွေအဖြစ် ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေတဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တစုတစည်းတည်း ထားခြင်းပါ။ ဒီလိုနေရာတွေကို ကမ္ဘာပေါ်မှာ ရှင်သန် တည်ရှိနေအောင် အလေးထား ဆောင်ရွက်ရမယ်။ ကျနော်တို့ ဘဝတွေကို ကြွယ်ဝတဲ့ မူလလက္ခဏာနဲ့ အဆင်အသွေးတွေ ပံ့ပိုးနေတဲ့ အမွေအနှစ် နေရာတွေကို စောင့်ရှောက်ဖို့နဲ့ အခု အလေးထားတာထက် ပိုဂရုပြု အလေးထားဖို့ လိုအပ်နေသေးတယ်ဆိုတာ တွေ့နေရတယ်” ဟု WMF မှ ဥက္ကဋ္ဌ Bonnie Burnham က အဆိုပါ သတင်းစာရှင်းပွဲတွင် ပြောသွားခဲ့သည်။

အဆောက်အအုံ တခုချင်း ထိန်းသိမ်းသည်ထက် ကျယ်ဝန်းသည့် မြို့ကွက် တခုလုံးအား ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းကို ပိုမို အရာရောက်စေကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ Yangon Heritage Trust (YHT) မှ ဒါရိုက်တာဖြစ်သူ ဗိသုကာပညာရှင် ဒေါ်မိုးမိုးလွင်က ဆိုသည်။

ထိုကဲ့သို့ပင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာန၏ ညွှန်ကြားရေးမှူး ဦးတိုးအောင်ကလည်း ရန်ကုန်မြို့၏ ထူးခြား ပြောင်မြောက်သော သွင်ပြင် လက္ခဏာရပ်များ ပါဝင်သည့် သမိုင်းဝင် အဆောက်အအုံ များနှင့် မြို့ပြ အမွေအနှစ် ဒေသများ ထိန်းသိမ်းရေးတွင် အရေးကြီးသော ခြေလှမ်းတရပ် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးသည် မြို့ပြ စီမံခန့်ခွဲရေး အခန်းကဏ္ဍ ဖြစ်သည့်အလျှောက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ တာဝန်ပင် ဖြစ်ကြောင်း ပြောသွားခဲ့ကြောင်း သိရသည်။

“WMF နဲ့ YHT တို့ရဲ့ စောင့်ကြည့် အကြံပြုမှုများကြောင့် နိုင်ငံတကာရဲ့ ဂရုပြုမှု၊ နိုင်ငံတကာ ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာက ပညာရှင်တွေရဲ့ အကြံပြုမှု၊ ပြည်သူတွေရဲ့ အလေး ထားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မြေအသုံးချ စီမံခြင်း၊ ဇုန်သတ်မှတ်ခြင်းနဲ့ မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အတွက် လမ်းညွှန်မှုများ ချမှတ်နိုင်ခြင်း အစရှိတဲ့ အစိုးရ အဖွဲ့တွေရဲ့ ပံ့ပိုး ကူညီမှု စတဲ့ မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်” ဟု ဦးတိုးအောင်က ပြောခဲ့သည်။

WMF သည် ကမ္ဘာ့အမွေအနှစ်များ စောင့်ကြည့်စာရင်းကို ၁၉၉၆ ခုနှစ်မှစ၍ ယခုအချိန်အထိ ၂ နှစ်လျှင် တကြိမ် ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစောင့်ကြည့် စာရင်းသည် လက်နက်ကိုင် ပဋိပက္ခများ၊ စီးပွားရေး တိုးတက် လာမှု၊ သဘာဝ ဘေးဒဏ်နှင့် ရာသီဥတု အပြောင်းအလဲ တို့၏ ခြိမ်းခြောက်မှုကို ခံစားနေရသည့် (သို့မဟုတ်) ဥပေက္ခာ ပြုခံထားရသော ကမ္ဘာအနှံ့ရှိ ယဉ်ကျေးမှု အမွေအနှစ် နေရာများအား နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုမိုရရှိစေခဲ့ကြောင်း၊ ထိုစောင့်ကြည့် စာရင်းဝင် နေရာများကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရ တာဝန်ရှိသူများ အပါအဝင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ကိုင်သူ အဖွဲ့များက အဆိုပြုခြင်း ဖြစ်ကြောင်း YHT ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

Loading