ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ လက်ထပ်ခြင်း ဆိုင်ရာနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်း ကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် အဆိုတရပ် ပြည်သူ့ လွှတ်တော်၌ တင်သွင်းရာ ကန့်ကွက်ခြင်းခံ ရကြောင်း သိရသည်။
“၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာအမျိုးသမီးများ သိရှိနိုင် စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း” အဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းခဲ့ရာ ကန့်ကွက်သူများ ရှိသည့်အတွက် မှတ်တမ်း အဖြစ်သာထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
မြန်မာ အမျိုးသမီးများ လက်ထပ်ခြင်းဆိုင်ရာ ဥပဒေ ၁/၉၈ ပြဌာန်းပြီး ဖြစ်သော်လည်း သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော် နှင့် အညီ ဗုဒ္ဓဘာသာ အမျိုးသမီးငယ်များ ပိုမိုသိရှိ နားလည်စေရန် အတွက် အထက်တန်း ကျောင်းသင်ခန်းစာများတွင် သင် ကြားပေးရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး က ဧရာဝတီ ကို ပြောသည်။
“အဓိက ယဉ်ကျေးမှုကို ပိုမိုသိရှိ နားလည်လာအောင်၊ စည်းကမ်းရှိလာအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင်ပေါ့၊ စည်း ကမ်းလည်း မရှိ၊ ယဉ်ကျေးမှုလည်း နားမလည်၊ မထိန်းသိမ်းဘူးဆိုရင် တဖြည်းဖြည်း လူမျိုးပါ ပျောက်သွားနိုင်တယ်ဆိုပြီး ကျမ က အဆိုတင်တာပါ”ဟု ၎င်းက ပြောဆိုသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖြေဆိုရာတွင် အထက်တန်း အဆင့်၌ သင်ကြားပါက ကျောင်း သားများအတွက် လေးလံမည် ဖြစ်ကြောင်း၊ တက္ကသိုလ် အဆင့်တွင် ဥပဒေ ဘာသာရပ်၌ သင်ကြားပေးထားကြောင်း ဖြေဆို ခဲ့သည်။ ထို့အတူ ပညာရေး ဝန်ကြီးဌာန ဒု ဝန်ကြီးကလည်း မှတ်တမ်းအနေဖြင့်သာ ထားရှိရန် ဖြေဆိုခဲ့သည်။
ထိုလက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအဆိုသည် ဗုဒ္ဓဘာသာ အမျိုးသမီးများ အတွက် သီးသန့်ဖြစ်နေသည်ဟု ဆိုကာ ခရစ် ယာန် ဘာသာဝင် အမျိုးသမီး ကိုယ်စားလှယ် တဦး နှင့် ဦးသိန်းညွှန့် အပါအဝင် ကိုယ်စားလှယ် တချို့ကလည်း ကန့်ကွက် သည်။
“ကျနော်က ကန့်ကွက်တယ် ဆိုတာထက် ထောက်ပြတာပါ၊ ဒီ ဥပဒေက ၅၉ နှစ် ရှိနေပြီ၊ ခေတ်မမီတော့ဘူး၊ ဒါကို ပြင်ဆင်ပြီး မှ ပြဌာန်းပေးဖို့ လိုအပ်နေပါတယ်၊ ပြင်ဆင်စရာတွေကို ပြင်ဆင်ပြီးရင် လာမယ့်လွှတ်တော် အစည်းအဝေးတွေမှာ ကျနော် ပြန်တင်မှာပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဧရာဝတီ ကို ပြောသည်။
၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေသည် မြန်မာအမျိုးသမီးများအတွက် ထူးခြားသည့် အကျိုးခံစားခွင့်မရှိကြောင်း၊ အရွယ်မရောက်သည့် ကလေးသူငယ်ကို သတ်မှတ်ရာတွင်လည်း ၁၄ နှစ်ဟုသာ ပါရှိကြောင်း၊ လက်ရှိ ဥပဒေများတွင် ကလေးသူငယ်ကို ၁၆ နှစ်အောက်ဟု သတ်မှတ်ထားကြောင်း၊ ပြဿနာ တခုခုဖြစ်ပါကလည်း သတ်မှတ်ထားသည့် ဒဏ်ငွေမှာ ကျပ် ၅၀၀ ဟုသာ ပါရှိ၍ ထိုအရာများကို ပြင်ဆင်ပြီးမှသာ ဥပဒေ သစ် ပြဌာန်းသင့်၍ ကန့်ကွက်၊ ထောက်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အများပြည်သူများအကြား အမြင်မတူမှု အငြင်းပွားမှု အများအပြား ဖြစ်ပေါ်ခဲ့သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး ဥပဒေကြမ်း(မျိုးစောင့် ဥပဒေ) တခုကိုလည်း လွှတ်တော်၌ တင်သွင်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ထိုမျိုးစောင့် ဥပဒေ မပေါ်မီ ကပင် “အမျိုးဘာသာ သာသနာဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး စာတမ်း” တခုကို အများ ပြည်သူ ကြည်ညိုလေးစားသည့် ဆရာတော်၊ သံဃာတော်အပါး ၁၀၀ ကျော်တို့က ဆွေးနွေး လက်မှတ်ထိုး၍ ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ပေးပို့ခဲ့ကြောင်း၊ ထိုစာတမ်း မိတ္တူကို ရရှိထားပြီး ဖြစ်၍ ဆရာတော်ကြီးများ၏ ဆန္ဒသဘော ထားအတိုင်း လွှတ်တော်၌ တင်သွင်းသွားမည် ဖြစ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။
၎င်းက ဆက်လက်ပြီး“ဒီဥပဒေကြမ်းကို ပြင်ဆင် တင်သွင်းတဲ့ အခါမှာလည်း လူ့အခွင့်အရေးသမားတွေ ပြောလို့မရအောင်၊ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ အမျိုးဘာသာ သာသနာ ကာကွယ်ဖို့ ဆိုတာကိုလည်း ဥပဒေဘောင် အတွင်းက ဖြစ် အောင်၊ အားလုံးကလည်း လက်ခံနိုင်အောင် ပြင်ဆင်ပြီးတော့ ၉ ကြိမ် သို့မဟုတ် ၁၀ ကြိမ်မြောက် အစည်းအဝေးမှာ တင်သွားဖို့ ရှိတယ်”ဟုလည်း ပြောဆိုသည်။