အစိုးရ ဦးဆောင် ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား အားလုံး ပါဝင်သော အကြို ဆွေးနွေးပွဲ တရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ကေအိုင်အို၏ ဦးဆောင်မှုဖြင့် လိုင်ဇာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ ကျင်းပရန် အစိုးရက သဘောတူညီလိုက်ကြောင်း သတင်းရရှိသည်။
ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အကြိုဆွေးနွေးပွဲ တရပ်ကို ကျင်းပခွင့် ပေးရန် ကေအိုင်အိုက အစိုးရထံ တင်ပြလိုက်ပြီး ယင်းတင်ပြမှုအပေါ် အစိုးရက သဘောတူညီလိုက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်းများထံမှ သိရှိရသည်။
ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသား အားလုံးပါဝင်မည့် အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲ နှင့်ဆက်စပ်၍ လတ်တလော တစုံတရာ ထုတ်ဖော် မပြောလိုသေးဘဲ ဆွေးနွေးပွဲပြီးမှသာ အသေးစိတ် ထုတ်ပြန်မည်ဟု ပြောဆိုသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပွဲမှာ ဘာတွေပါသင့်လဲ။ ဘာတွေပြောမလဲဆိုတာကို သေသေချာချာ ဆွေးနွေးမယ်။ အခု အပစ်အခတ် ရပ်တာတောင် ဘာကြောင့် တိုက်ပွဲ တွေဆက်ဖြစ်နေသလဲ ဆိုတာ စဉ်းစားမယ့် အချက်ရယ်၊ အပစ် အခတ် ရပ်စဲရေး အားကောင်းလာအောင် လုပ်မယ့်အချက်တွေ ဆွေးနွေးဖို့ စဉ်းစားထားတယ်။ ၂ ဖက်စလုံး လိုက်နာ နိုင်မယ့် အချက်တွေ ဆွေးနွေးနိုင်မှာပါ။ အရင် အမျိုးသားညီလာခံလိုမျိုး မဖြစ်ချင်လို့ သေချာဆွေးနွေးမှာပါ။ ဒီလိုတွေ သေချာ ဆွေးနွေးပြီးမှ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မှာပါ”ဟု မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက် လာသည့် ချင်းအမျိုးသားတပ်ဦးမှ လက်ထောက် အတွင်းရေးမှုး၂ ဦးရွှေခါးရ်က ဧရာဝတီသို့ ပြောသည်။
ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် တားခူးလန်းက ကေအိုင်အိုက ဦးဆောင် ပြုလုပ်မည့် လိုင်ဇာ တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲပြီးမှသာ အစိုးရ ကျင်းပမည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် လက်မှတ်ထိုးရေး၊ မထိုးရေး ဆုံးဖြတ်မည်ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မတီ အကြား ဆွေးနွေးမှုများ သည် အလားအလာ ကောင်းမွန်ပြီး ဆွေးနွေးချက်များအပေါ် ၂ ဖက် အားရကျေနပ်မှုရှိကြောင်း၊ နိုဝင်ဘာလတွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်နိုင်မည် ဟုမျှော်လင့်ကြောင်း၊ လိုင်ဇာ တွင် ကျင်းပမည့် တိုင်းရင်းသား ပေါင်းစုံ အကြို ညှိုနှိုင်း ဆွေးနွေးပွဲသို့ ဖိတ်ကြားလျှင် တက်ရောက်မည်ဖြစ်ကြောင်း ပြောသည်။