မြန်မာတနိုင်ငံလုံးရှိ ကလေးငယ်များ အပေါ်တွင် ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်နေသော မည်သည့် ပဋိပက္ခမျိုးကို ဖြစ်စေ အမြန်ဆုံး ရပ်တန့်ပေးရန် ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့ (UNICEF) က တောင်းဆိုထားသည်။
လွန်ခဲ့သော သီတင်းပတ်က ရခိုင်ပြည်နယ်တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ တတိယ အကြိမ်မြောက် ထပ်မံဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ကလေးသူငယ်ရေးရာ ကိစ္စများ ဆောင်ရွက်နေသည့် (UNICEF) အဖွဲ့က ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော နောက်ဆုံး ပဋိပက္ခတွင် အိမ်ခြေ ၁၁၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။
UNICEF အဖွဲ့၏ အဆိုအရ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ဆူပူအကြမ်းဖက် ပဋိပက္ခများကြောင့် ပေါ်ပေါက်လာရသည့် ဒုက္ခသည် ၁၄၀၀၀၀ ထဲတွင် ၁၀၅၀၀၀ မှာ ကလေးငယ်များ ဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့မှ UNICEF ၏ ဌာနေကိုယ်စားလှယ် Bertrand Bainvel က “ပဋိပက္ခ နဲ့ အကြမ်းဖက်မှုတွေ တပြည်လုံးကို ပျံ့ နှံ့သွားမှာကို ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
“ဘာကြောင့်လဲဆိုတော့ ပထမဆုံးနဲ့ အသိသာဆုံး ထိခိုက်ခံစားရမှာက ကလေးငယ်တွေပါ။ ဒါ့အပြင် တိုင်းပြည် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ အရှည်သဖြင့် စည်းလုံးညီညွတ်စွာ နေနိုင်ရေးကို ဆောင်ရွက်တဲ့ နေရာမှာလည်း ထိခိုက်စေပါတယ်” ဟု သူက ဆိုသည်။
ထို့ပြင် UNICEF အဖွဲ့က ထိခိုက် ခံစားကြရမည့် ပဋိပက္ခဖြစ်ရာ ဒေသများမှ ကလေးငယ်များ အတွက်လည်း အလေးထား စဉ်းစားကြပါရန် ပြဿနာကို မီးမွှေးနေကြသည့် အရွယ်ရောက်ပြီးသူများကို ပန်ကြားလိုက်သည်။
“ဘာတွေဖြစ်နေသလဲ ဆိုတာကို နားလည်နိုင်ဖို့ ကလေးငယ်တွေအတွက် တကယ် ခက်ခဲပါတယ်။ စိတ်ပညာ သဘောတရား အရလည်း ခက်ခဲပါတယ်” ဟု Bertrand Bainvel က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့သော ကလေးငယ်များအတွက် အခြေခံ လိုအပ်ချက်များကို UNICEF အဖွဲ့က ထောက်ပံ့ပေးနေသည်။ ပြီးခဲ့သည့် တနှစ်လုံးတွင် ပညာသင်ကြားရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ အထောက်အကူများ အပြင် ပန်းချီဆွဲခြင်း၊ ကစားနည်းများ စုပေါင်းကစားစေခြင်း စသည့် နည်းလမ်းများကိုလည်း ကလေးငယ်များအတွက် ဖန်တီးပေးခဲ့သည်။
ပဋိပက္ခများကြောင့် ကလေးငယ်များ၏ ပညာသင်ကြားရေး နှင့် ကျန်းမာရေး စောင့်ရှောက်ခံရမှုများ ဆုံးရှုံးခဲ့သည်ဟု Bertrand Bainvel ကပြောသည်။
“တကယ်လို့ သူတို့ ကျောင်းတက်ခွင့်ရတယ် ဆိုရင်တောင်မှ ကျောင်းသင်ခန်းစာ အပေါ်မှာ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မီးလောင်တဲ့ အကြောင်း၊ ပစ်ခတ်တဲ့အကြောင်း လူကြီးတွေ ပြောနေကြတဲ့ ပဋိပက္ခ အကြောင်းတွေက သူတို့ နားထဲမှာကြားနေရမယ်။ သူတို့အိမ် မီးမလောင်ရင်တောင်မှ သူတို့ အိမ်နီးချင်းတွေမှာ ဒီလိုမျိုး ကြုံနိုင်တယ်လေ” ဟု သူက ထပ်ပြောသည်။
မွေးစမှ အသက် ၁၈ နှစ်အတွင်းရှိ ဒုက္ခသည်ကလေး စုစုပေါင်း ၁၀၅၀၀၀ ထဲမှ ၈၄၀၀၀ (ရခိုင်ရော မွတ်စလင်ပါ ပါဝင်သည်) မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရပြီး ကျန်ကလေးများက စခန်းများ၏ အပြင်ဖက်တွင် နေထိုင်ကြသည် ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၊ မြေပုံ၊ ပေါက်တော နှင့် ကျောက်တော် မြို့များရှိ ဒုက္ခသည် စခန်းများ တွင် UNICEF အဖွဲ့က ယာယီစာသင်ကျောင်းများ တည်ထောင်ပေးထားပြီး အသက် ၁၁ နှစ်မှ ၁၄ နှစ် အတွင်းရှိ ကလေးငယ်ပေါင်း ၇၅၀၀ ကို လူမျိုးဘာသာ မခွဲခြားဘဲ သင်ကြားပေးနေသည်။ မကြာမီ ကလေး ၁၀၀၀ ထပ်မံ လက်ခံသင်ကြားပေးနိုင်တော့ မည်ဟုလည်း UNICEF အဖွဲ့၏ အဆိုအရ သိရသည်။
အကူအညီပေးရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို တားဆီးနှောင့်ယှက်မှုများ ရှိနေခြင်းကလည်း ဒုက္ခသည်များကို ကူညီပေးနေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းအတွက် အခက်အခဲတခု ဖြစ်နေကြောင်းလည်း Bertrand Bainvel က ပြောသည်။ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် အခြေအနေ နှင့် ပတ်သက်၍ “ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ အခက်အခဲတခုက ယုံကြည်မှု မရှိတာပါ” ဟု သူကဆိုသည်။ ထို့ပြင် အခြားသော အခက်အခဲများမှာ နေထိုင်ရသည့် အခြေအနေ၊ ရေနှင့် သန့်ရှင်းရေးတို့ ဖြစ်သည် ဟုလည်း သိရသည်။
ကချင်ပြည်နယ်တွင် အသက် ၆ နှစ် နှင့် ၁၉ နှစ် ကြားရှိ ကလေး ၈၀၀၀ ကျော်သည် အစိုးရ ထိန်းချုပ်ထားနိုင်ခြင်း မရှိသည့် နယ်မြေတွင် ပညာသင်ကြားနေကြရသည်။
ရခိုင်ပြည်နယ်မှ ကလေးငယ်များ နှင့် ပတ်သက်သည့် အချက်အလက်များနှင့် ကချင်ပြည်နယ်မှ ကလေးငယ်များ၏ အရေ အတွက် တစိတ်တပိုင်းကို သိရှိသည်ကလွဲ၍ မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အခြားသော အရပ် ဒေသများမှ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် ကလေးငယ် အရေအတွက်ကို UNICEF အနေဖြင့် သိရှိနိုင်ခြင်း မရှိ ကြောင်းလည်း သိရသည်။ ထိုနေရာများသို့ သွားရောက် လေ့လာခွင့်ကို အစိုးရက တင်းကျပ်စွာထိန်းချုပ် ထား၍ ဖြစ်သည်။
“ကျနော်တို့ လက်လှမ်းမမီ နိုင်တဲ့ ဒေသတွေမှာ အခက်အခဲဖြစ်နေတဲ့ ကလေးငယ် အရေအတွက်ဘယ်လောက် ရှိနေတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါဘူး” ဟု Bertrand Bainvel ကဆိုသည်။