နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကို ကြားဖြတ် ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်း သုတ်ထားသည်ဟု မမှန်မကန် သတင်းပေး တိုင်ကြားမှုဖြင့် ထောင်ဒဏ်တလ (သို့မဟုတ်) ငွေဒဏ်တထောင် ပေးဆောင်ရန် ယနေ့ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်း အမှတ်အသားပါရှိသော မဲလက်မှတ်များပေါ်တွင် ဆန္ဒမဲ မပေးနိုင်စေရန် ဖယောင်းသုတ်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးဉာဏ်ဝင်းက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုသည် မမှန်မကန် သတင်းပေးတိုင်ကြားမှု ဖြစ်သည်ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဉာဏ်ဝင်းကို ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၂ မမှန် မကန် သတင်းပေးတိုင်ကြားမှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း၊ ယနေ့တွင် ပုဗ္ဗသီရိ မြို့နယ်တရားရုံးက ဦးဉာဏ်ဝင်းကို ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် တထောင် ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် တထောင်ဆိုလို့ ငွေဒဏ် ဆောင်ခဲ့ပါပြီ။ အသက်အရွယ် ကြီးရင့်တာကို ထောက် ထားပြီး တော့ ပြစ်ဒဏ် ဒီလောက်ပဲ ပေးတာလို့ တရားရုံးက ပြောပါတယ်။ ဦးဉာဏ်ဝင်းရဲ့တင်ပြချက်တွေက လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်လို့ တရားသူကြီးက သုံးသပ်ပါတယ်´´ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြော သည်။
ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် အမှု ပြီးပြတ်စေရန် ဒဏ်ငွေ တထောင် ပေးဆောင် လိုက်သော်လည်း ချမှတ်လိုက်သည့် ပြစ်ဒဏ်နှင့်ပတ်သက်၍ ခရိုင် တရားရုံး၊ တိုင်း တရားရုံး အပါအဝင် အဆင့်ဆင့် အယူခံဝင်မည်ဖြစ်ပြီး နောက်ဆုံး စာချွန်တော်လွှာ လျှောက်ထားသည့် အဆင့်အထိ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“ကျမတို့က မမှန်မကန် တင်ပြခဲ့တာ မဟုတ်ဘူး။ တိုင်တဲ့သူရှိလို့ ပြဿနာ ရှိလို့ ကျမတို့ တိုင်တန်းခဲ့တာဖြစ်တယ်။ ကော်မရှင်က ညံ့ဖျင်းတဲ့ စာရွက်တွေကို သုံးခဲ့ရင် ဖယောင်းတွေ များနေတဲ့ စာရွက် တွေလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့် မယ်။ ပြဿနာ မရှိဘဲ ပြဿနာ လုပ်ပြီး မမှန်မကန် တင်ပြခဲ့တာ မဟုတ်တဲ့အတွက် အဆင့်ဆင့် အယူခံ တက်သွား မှာပါ´´ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။
ဦးဉာဏ်ဝင်းကို ပြစ်ဒဏ်ချမှတ်ရာတွင် တရားသူကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဦးဉာဏ်ဝင်း ၏ တိုင်တန်းမှု ကြောင့် မဲဆန္ဒနယ် ၁၀ ခုကို စစ်ဆေးခဲ့သော်လည်း မဲလက်မှတ်များတွင် ဖယောင်းသုတ်ထားမှု မတွေ့ရှိ ရကြောင်း၊ ဦးဉာဏ်ဝင်း၏ မမှန်ကန်သော တိုင်ကြားမှုကြောင့် အမည်းစက် တခု ဖြစ်ပေါ်စေခဲ့သည့်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လူကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ တိုင်တန်းချက် များကြောင့် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေခဲ့သည် ဟု ပြောဆိုကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂
ခုနှစ် ကြားဖြတ်ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ မဲဆန္ဒနယ် ၄၅ခု တွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။