ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးဖြင့် Black List အမည်မည်းစာရင်း အသွင်းခံထားရသူ ဆရာဝန် ၁၀၁၀ အား
တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုနိုင်စေရန် Black List စာရင်းမှ ယနေ့တွင် ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ၁ မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
“အခုအစိုးရရဲ့ ပြောင်းလာတဲ့ မူဝါဒတွေအရ Black List အလုပ်ခံထားရတဲ့ ဆရာဝန်တွေထဲက တထောင်ကျော်ကို သက်ဆိုင်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက်အရ စာရင်းပယ်ပြီးတော့ ဖြေလျှော့ ပေးလိုက်တာ” ဟု
ဦးမျိုးဝင်းအောင်က ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
လက်တလောတွင် Black List အလုပ်ခံထားရသော ဆရာဝန်များစွာ ကျန်ရှိနေသေးပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ဆက်လက် ဖြေလျှော့ပေးရန် ရှိကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးဖြင့် Black List စာရင်း အသွင်းခံထားရသူများ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက်များနှင့် ဆက်လက်ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဆိုသည်။
ဆရာဝန်များ Black List အလုပ်ခံရခြင်း အကြောင်းမှာ လက်ရှိဌာနမှ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ပြောင်းရွှေ့ခံရသော နေရာများသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခြင်းများကြောင့် အများဆုံးဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ တခုခုအရ ထောင်ဒဏ် အပြစ်ပေးခံရခြင်း၊ ဆေးဝါး ပစ္စည်းတန်ဖိုးကျပ် ၄၀၁ သိန်းကျော် မသမာ ပြုလုပ်ထားခြင်း၊ အရေးပေါ် မွေးလူနာကို သက်ဆိုင်ရာ ဆေးရုံမပို့ဘဲ
မိမိဆေးခန်းတွင် မွေးဖွားပေးခြင်း၊ လက်အောက် ဝန်ထမ်းတဦးနှင့် လူမှုရေးဖောက်ဖျက်ခြင်း၊ ခွင့်ပြုချက်မရရှိဘဲ ပြည်ပသို့ ထွက်ခွာခြင်း၊ ဗဟို ဝန်ထမ်းတက္ကသိုလ် တက်ရောက်စဉ် ဝန်ထမ်းစည်းမျဉ်း ဖောက်ဖျက်ခံရခြင်း၊ အကျဉ်းထောင်တွင်း မသမာမှု ကိစ္စများတွင် ပါဝင် ပတ်သက်ခြင်းနှင့် တိုင်စာအရ အရေးယူခံရခြင်းတို့ ပါဝင်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်က ဆိုသည်။
အထက်ပါ ကိစ္စများကြောင့် ဆရာဝန်အများစုမှာ လျော်ကြေးတစုံတရာ ပေးဆောင်ခြင်း မရှိသော်လည်း တချို့မှာ လျော်ကြေး ကျပ် ၁၀ သိန်း၊ ၂၅ သိန်း၊ သိန်း ၅၀ စသည်ဖြင့် ပေးဆောင်ထားသည်ကို ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ယခု Black List ပယ်ဖျက်ပေးသော စာရင်းတွင် ပါဝင်သူများအနေဖြင့် ဆ/ မ အသိမ်းခံထားရပါက အသိမ်းခံထားရသော အကြောင်းအရာအပေါ် မူတည်၍ ကျန်မာရေး ဝန်ကြီးဌာနသို့ တရားဝင် ဆေးကုသခွင့်လိုင်စင် ပြန်လည် လျှောက်ထား နိုင်ကြောင်း ၈၈ အရေးတော်ပုံကြီးတွင် ကွယ်လွန်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး မဝင်းမော်ဦးကို သယ်ပိုးရာ၌ ကူညီခဲ့သူ မြန်မာနိုင်ငံ ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ပြောသည်။
“အခုလို လုပ်အားတွေ လိုနေတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတာပေါ့။ ဒီလုပ်အားတွေနဲ့ အကျိုးရှိရှိ အသုံးချနိုင်တာက တစ်ပိုင်း။ ဆ/ မ အသိမ်းခံထားရတဲ့ သူတွေ၊ Black List အသွင်းခံထားရတဲ့ သူတွေအတွက်လည်း ပုံမှန်ပဲ
သွားလာ လှုပ်ရှားနိုင်မယ်။ ပြည်တွင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်နိုင်သလို၊ နိုင်ငံခြားသွားမယ် ဆိုရင်လည်း
အဆင်ပြေပြေ သွားနိုင်တာပေါ့” ဟု ဒေါက်တာဝင်းဇော်က ဆိုသည်။
ဦးနှောက်စွမ်းရည် မြင့်မားသော ဆရာဝန် လူတန်းစားကို Black List စာရင်းသွင်းခြင်းသည် တိုင်းပြည် အကျိုးမရှိနိုင် သောကြောင့် ယခုကဲ့သို့ Black List စာရင်းမှ ပယ်ဖျက်ပေးခြင်းကို ကြိုဆိုရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆရာဝန်များ Black List အလုပ်ခံရခြင်းမှာ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရာ
အမျိုးမျိုးကြောင့် ဖြစ်ကြောင်း စားသုံးသူ ကျန်းမာရေးရာ ကျွမ်းကျင်သူ ဒေါက်တာ စိုးခိုင်က ပြောသည်။
“ဆေးမှားကုလို့၊ မူးယစ်ဆေးဝါးတွေ ရောင်းလို့၊ လူနာကို မတရား လိမ်ညာပြီးတော့ ဆေးဖိုးတွေ တောင်းလို့၊ သုတေသန လုပ်ပြီးတော့ ဆေးတွေ လိမ်ရောင်းလို့ Black List အလုပ်ခံရတာ လက်ခံတယ်။ အဲဒီလို ပြစ်မှုမျိုး မဟုတ်ရင် Black List မလုပ်သင့်ဘူး” ဟု ဒေါက်တာစိုးခိုင်က ဆိုသည်။
တိုင်းပြည် တည်ဆောက်ရေး ကာလတွင် ဆရာဝန် တထောင်ကျော်ကို Black List စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းကို အပြုသဘောဆောင် ကြိုဆိုသော်လည်း ဆ/ မ ပြန်လျှောက်၍ ဆေးပြန်ကုမည့် ဆရာဝန် ရှိမှသာလျှင် တိုင်းပြည် အကျိုးရှိမည်ဟု ပြောဆိုနိုင်မည် ဖြစ်ကြောင်း၊ သို့သော် ယခင်ကပင် တိုင်းပြည်အကျိုးရှိနိုင်မည့် တခြား အလုပ်လုပ်နေသော ဆရာဝန်များစွာလည်း ရှိနိုင်ကြောင်း ရန်ကုန်အခြေစိုက် စာရေးဆရာ ဒေါက်တာထွန်းဝင်းက ဧရာဝတီသို့ ပြောသည်။