ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို အနေဖြင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည်သူ လူထုနှင့် တရားဝင် တွေ့ဆုံပွဲ များ ကျင်းပမည်ဖြစ်ပြီး ယင်းသို့တွေ့ဆုံနိုင်ရန်လည်း အစိုးရက တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကေအိုင်အိုနှင့် အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့အကြား အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ရာ ယင်းအချက်များတွင် ကေအိုင်အိုအနေဖြင့် ကချင်လူထု အပါ အဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန် ဆိုသော အချက် ပါဝင်ကြောင်း သိရှိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မတီနှင့် ကေအိုင်အို တို့အကြား အချက် ၇ ချက် သဘောတူညီခဲ့ရာတွင် ၂ ဖက် နိုင်ငံရေး ဆွေး နွေးမှုများ ဆက်လက် ဆောင်ရွက်ရန်၊ ၂ ဖက် တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေးနှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေး ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ၂ ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကို ရပ်မိရပ်ဖ များနှင့်ဖွဲ့စည်းရန် ၊ အဆိုပါ အဖွဲ့လိုက်နာရမည့် အခြေခံမူ ၅ချက် နှင့် စည်းကမ်း ချက် ၁၈ချက် ရေးဆွဲရန်၊ IDP ဒုက္ခသည်များ ကို ပြန်လည် ထူထောင်နိုင်ရေး အတွက် ရွာ ၄ ခုကို ကနဦး စတင် ပြောင်းရွေ့ ရန်၊ အများပြည်သူသုံး လမ်းများ ပြန်လည် ဖွင့်လှစ်ရန်၊ ကေအိုင်အိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လွတ်လပ် စွာ တွေ့ဆုံခွင့် ပြုရန်၊ ရှေ့လုပ်ငန်း စဉ်များကို ၂ ဖက်စောင့်ကြည့်ရေး အဖွဲ့က ဆက်လက် ဆွေးနွေးရန် နှင့် နောင် ဆွေးနွေး ပွဲကို အမြန်ဆုံး လုပ်ဆောင်ရန် တို့ပါဝင်ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်အရ သိရှိရသည်။
ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ကေအိုင်အိုသည် ကချင်ပြည်သူလူထုများနှင့် တွေ့ဆုံပွဲများ ပြုလုပ် သွားမည်ဖြစ်ပြီး ကေအိုင်အိုက ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းပြသွားမည်ဟု ဆိုသည်။
“ဒါက ကေအိုင်အို အနေနဲ့ ဦးစီးပြီး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်တာတွေကို ပြည်သူလူထု နားလည် အောင် ရှင်းပြပေးမယ်။ ဒီအတွက် လွတ်လပ်စွာ တွေ့ဆုံဖို့ ခွင့်ပြုတာပါ။ နောက် တိုင်းရင်းသားပေါင်းစုံနဲ့တွေ့ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးခင် တိုင်းရင်းသားပေါင်းစုံ ပါတဲ့ညီလာခံ လုပ်ဖို့ ခွင့်ပြုတယ်။ ဒီသဘော တူညီချက် အရ ဒီအချက် ပါဝင်တာပါ”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီအကြား ဒုတိယအကြိမ် သဘောတူညီ လက်မှတ် ရေးထိုးရာတွင် ၂ ဖက် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန်၊ ၂ ဖက် တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှုလျှော့ရေး နှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ၂ ဖက်ကိုယ်စား လှယ်များပါသော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဖွဲ့ရန် ဆိုသည့် အချက်များမှာ ယခင်ပထမအကြိမ်က သဘောတူညီချက်ခဲ့သည့် အချက်များဖြစ်သည်။
အစိုးရငြိမ်းချမ်းရေးကော်မတီခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက “ဒီမှာအရင်တခေါက်ကနဲ့တူတဲ့အချက် တွေ များ တယ် ဆိုပေမယ့် ကျနော်အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ ပထမပိုင်း ဒီဆွေးနွေးမှုပြီးချိန်မှာ တိုက်ပွဲတွေ လျော့သွား တာသက်သေပါ။ ခုဆွေးနွေးပွဲကနေ ထပ်ပြီးအကောင်းဆုံးတွေ ဖြစ်လာမှာပါ။ ရေတဝက် ထည့်ထားတဲ့ ခွက်လိုပေါ့။ မြင်တဲ့သူ ကတဝက်ပဲ လို့မြင်တာထက် တဝက်တောင် ရှိတယ်လို့မြင်စေချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကေအိုင်အိုနှင့် အစိုးရ သဘောတူညီချက်တခုဖြစ်သည့် IDP ဒုက္ခသည်များကို ပြန်လည်ထူထောင်နိုင်ရေး အတွက် ရွာ၄ခု ကနဦး စတင် ပြောင်းရွေ့မှုကို အကောင်အထည် ဖော်ရာတွင် ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ ရွာ ၄ ခုကို ကနဦး စတင် ပြောင်းရွေ့ရန် စီစဉ်ထားကြောင်း၊ အများပြည်သူသုံး လမ်း ဖွင့်လှစ်ရေး သဘောတူညီချက်အတွက် ဗန်းမော်- နမ့်ခမ်း လမ်းပိုင်းကို ပြန်လည်ဖွင့်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။
ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ချက် လက်မှတ်ရေးထိုးမှုအပေါ် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တပ်မတော် က ဘယ်တော့မှ ထုတ်ထားတဲ့လက် ပြန်မရုပ်ဘူး။ အမြဲတမ်း လက်ကမ်း ကြိုလျက်ဘဲ။ နောက်မှာလည်း ဓား မဖွက်ထားပါဘူး။ ဘယ်တိုင်းရင်းသား ဘယ်သူမှဆိုတာ မရှိဘူး။ အားလုံး အတူတူပဲ ။ စစ်တွေ ဖြစ်တယ်မှန်တယ်။ ရည်ရွယ် ချက်ရှိရှိ ဖြစ်တာမျိုးတွေ ခုနောက်ပိုင်း မရှိတော့ဘူး။ ဒါက တပ်မတော်က ဘယ်တော့မှ ပြောစကားကို မတည်ဘဲ မနေဘူး”ဟု ဧရာဝတီသို့ပြောဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရ အာဏာရလာပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယခင် စစ်အစိုးရနှင့် ချုပ်ဆိုခဲ့ သော အပစ်အခတ်ရပ်စဲရေး စာချုပ် ပျက်ပြယ်သွားခဲ့သည်။