သတင်း

မိန်းမယူဖို့ နဲ့ ဆေးဆိုင် ဖွင့်ဖို့ ကျူးလွန်တဲ့ မန္တလေး ၃လောင်းပြိုင် လူသတ်မှု တရားခံပေါ်ပြီ

This article has been converted from Zawgyi One to Unicode

မန္တလေး ချမ်းမြသာစည် မြို့နယ် Panasonic ကုမ္ပဏီရဲ့ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှု တရားခံတွေကို ၇ ရက်အကြာမှာ ဖော်ထုတ်နိုင်လိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ Panasonic ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

အသတ်ခံလိုက်ရတဲ့သူတွေကတော့ Panasonic ကုမ္ပဏီလုံခြုံရေး ဝန်ထမ်း ဦးတင်လှိုင်၊ ဦးဟန်သောင်းနဲ့ ဒေါ်ခင်ခင်ဝင်း (ခ) မကြည်ဟန် တို့ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူတွေ ကတော့ လူငယ် ၂ ဦးဖြစ်ပါတယ်။ အဲဒီလူငယ် ၂ ဦးက Panasonic ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့  ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ) အောင်ကျော် နဲ့ သူ့သူငယ်ချင်း သောင်းစုဇင် တို့ဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ သူတို့ လူသတ်ခဲ့တာကို ဝန်ခံလိုက်ကြတာပါ။

၃ လောင်းပြိုင် လူသတ်မှု တရားခံတွေကို စတင်ခြေရာခံမိတာ ကတော့ အခင်းဖြစ်ပွားတဲ့ Panasonic ဂိုဒေါင်နဲ့ မလှမ်း မကမ်း  Omega Alpha ကုမ္ပဏီမှာ တပ်ဆင်ထားသော CCTV မှတ်တမ်းတွေမှာ စတင်ခြေရာခံမိတာဖြစ်ပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားတဲ့နေရာမှာ ကျန်ခဲ့တဲ့  နံပါတ် ၁၀ ခွဲ ဖိနပ်ကလည်း တရားခံဖော်ထုတ်တဲ့နေရာမှာ အထောက်အကူပြု ပေးခဲ့ပါတယ်။

အခင်း ဖြစ်ပွားတဲ့နေ့က ည ၁၀ နာရီကျော် လောက်မှာ လူ ၂ ဦးစီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်တစီး ဖြတ်သန်း မောင်းနှင်ပြီး  Panasonic ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့မှာ ရပ်တန့်သွားတဲ့ မှတ်တမ်းကို ရရှိလိုက်ပါတယ်။ အဲဒီမှတ်တမ်းမှာ ဆိုင်ကယ်ပုံစံနဲ့ ခန္ဓာကိုယ် ဝတုတ်တုတ် ပုံစံရှိတဲ့ ဆိုင်ကယ် မောင်းနှင်သူတို့ရဲ့ ပုံစံကို စတင်ခြေရာခံမိပါတယ်။

ကုမ္ပဏီဝန်ထမ်း တွေကို စနစ်တကျလေ့လာတဲ့အခါမှာ ခန္ဓာကိုယ် ဝတုတ်တုတ်ပုံသဏ္ဍန်ရှိပြီး အခင်း မဖြစ်ပွားမီ မသင်္ကာဖွယ် ရာ အမူအကျင့်တွေ ပြုမူခဲ့တဲ့ ကုမ္ပဏီယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော်ကို စတင် ခြေရာခံ မိပါတယ်။ သူ့ရဲ့ ဆိုင်ကယ်ကလည်း CCTV မှတ်တမ်းမှာ ကျန်ရှိနေတဲ့ ဆိုင်ကယ်ပုံစံနဲ့ ဆင်တူနေပါတယ်။ အခင်းဖြစ်ပွားတဲ့ ကျန်ခဲ့တဲ့ ဖိနပ်က  အောင်ကျော်ဟိန်း စီးတဲ့  နံပါတ် ၁၀ခွဲ ဖိနပ်နဲ့ အရွယ်အစား တူညီနေတာတွေ့လိုက်ရတယ်။

ဒါကြောင့် မန္တလေးတိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အောင်ကျော်ဟိန်းကို ခေါ်ယူစစ်ဆေးခဲ့ရာမှ လူသတ်မှုကျူးလွန်သူတွေကို ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တာပါ။

အခင်းဖြစ်ပွားပုံက အောက်တိုဘာလ ၁ ရက်နေ့မှာ အောင်ကျော်ဟိန်းကို သူငယ်ချင်းဖြစ်သူ သောင်းစုဇင်က ဖုန်းဆက် ခေါ်လို့ ဆိုင်ကယ်စီးပြီး သောင်းစုဇင်နေအိမ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် သောင်းစုဇင်နေအိမ်ကနေ ကျူံးတပတ် ပတ် ဆိုင်ကယ်စီးပြီး Panasonic ဂိုဒေါင်ရုံးခန်းဆီ သွားခဲ့ကြပါတယ်။

အဲဒီမှာ ကုမ္ပဏီရုံးမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ဝန်ထမ်းဦးတင်လှိုင်နဲ့ သောင်းစုဇင်တို့ စကားများရန်ဖြစ်ရာက သောင်းစုဇင်က ဦးတင်လှိုင်ကို ဆံပင်ဆွဲပြီး အင်္ဂတေကြမ်းပြင်နဲ့ဆောင့်၊ အုတ်ခဲကျိုးနဲ့ ဦးတင်လှိုင်ရဲ့ ဦးခေါင်းကို ထုရိုက် ပါတယ်။ ဒါ့အပြင် ကားကြားထဲမှာ အိပ်နေတဲ့ ဦးဟန်သောင်းကို သောင်းစုဇင်က အုတ်ခဲကျိုးနဲ့ ထပ်ထုရိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဂိုဒေါင်မှာ အိပ်ပျော်နေတဲ့ ဦးတင်လှိုင်ရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်း(ခ) မကြည်ဟန်က အိပ်နေရာကနေ နိုးထလာတာတွေ့လို့ အောင်ကျော်ဟိန်းက ဆံပင်ဆွဲ တိုင်နဲ့ ဆောင့်ရိုက်ခဲ့ပါတယ်။

အရိုက်ခံရတဲ့ ၃ ဦးစလုံး လှုပ်ရှားမှုမရှိတော့ပေမယ့် မသေမှာစိုးလို့ ကားဘက်ထရီအိုးထဲက အက်စစ်တွေကို ဆေးထိုးအပ်နဲ့ စုပ်ယူပြီး အရိုက်ခံရတဲ့ ၃ ဦးစလုံးရဲ့ ဝဲရင်အုံနေရာတွေကို ထိုးသွင်းခဲ့ကြပါတယ်။

အဲဒီနောက် အောင်ကျော်ဟိန်း(ခ)အောင်ကျော်နဲ့ သောင်းစုဇင်တို့ ၂ ဦးက ဂိုဒေါင်နေအိမ် အပေါ်ထပ်မှာရှိတဲ့ မီးခံသေတ္တာကို ဖျက်ပြီး ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ ဖွင့်လို့မရလို့ လက်လျှော့ပြီး ပြန်လာခဲ့ကြတယ်။

အောင်ကျော်ဟိန်းနဲ့ သောင်းစုဇင်တို့က  လူသတ်ခဲ့ပြီး ငွေယူဖို့ ကြိုးစားပေမယ့် မီးခံသေတ္တာမဖွင့်နိုင်ခဲ့လို့ ငွေတပြား တချပ်မှ မရခဲ့ပါဘူး။

ငွေလိုချင်လို့ လူသတ်ခဲ့တာဖြစ်ပေမယ့် သူတို့ငွေလိုနေတဲ့အကြောင်းအရင်းမှာ သောင်းစုဇင်က မိန်းမယူဖို့ ငွေလိုတာဖြစ်ပြီး အောင်ကျော်ဟိန်းက သူ့ဇနီးအတွက် ဆေးဆိုင်လေးတခုဖွင့်ပေးချင်လို့ လူသတ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရကြောင်း Panasonic ကုမ္ပဏီ ဒါရိုက်တာ ဦးလှဘုန်းကျော်က အောက်တိုဘာလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုပါတယ်။

အလောင်းတွေကို စစ်ဆေးချက်အရ သေဆုံးသူတွေက  ဖူးယောင်ဒဏ်ရာတွေအပြင်  အဆုတ်တွင် သွေးခဲ ဒဏ်ရာတွေ ကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုကျူးလွန်သူတွေက  လူသတ်ဖို့  ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး  လက်အိတ်၊ ဆေးထိုးအပ်နဲ့ တခြားသော ဖောက်ထွင်းတဲ့  ကိရိယာတန်ဆာပလာတွေပါ ယူဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

(သာလွန်ဇောင်းထက် နှင့် မန်းသားလေး  ပူးပေါင်းရေးသားသည်)

Loading