သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာရာ ဝန်ကြီးဌာနအနေဖြင့် လိုက်ပါဆောင်ရွက်နိုင်မှု အားနည်းလျက်ရှိရာ အထူးသဖြင့် တပ်မတော်က တိုက်ရိုက်ကိုင်တွယ်နေသော ပြည်ထဲရေးဝန်ကြီးဌာနသည် အဝေဖန်ခံရဆုံး ဖြစ်မည်။
ပြည်ထဲရေး ဝန်ကြီး ဌာနလက်အောက် မြို့ပြနှင့် အရပ်ဘက်လုံခြုံရေးကို တာဝန်ယူရသည့် ရဲတပ်ဖွဲ့၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်၍ အများဆုံးဝေဖန်ခံရသည်။ ထိုသို့ လိုအပ်ချက်များအပေါ် ဝေဖန်ခံနေရသော်လည်း တိုးတက်မှုများလည်း ရှိသည်။
စစ်အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေး အသွင်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာဆိုသော်လည်း ပြည်ထဲရေး ဝန်ကြီးသည် ဖွဲ့စည်းပုံအရ တပ်မတော်က တာဝန်ယူနေပြီး ပြည်ထဲရေး ဝန်ကြီးဌာနသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ လုံခြုံရေး တည်ငြိမ် အေးချမ်းသာယာရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး ဆိုသည့် ရည်မှန်းချက် ၄ ခု ကို လက်အောက်ခံ ဌာနများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန ၄ ခု ဖြင့် အကောင်အထည်ဖော်လျှက် ရှိသည်။
သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်လာသော်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်ရန်များစွာ ကြိုးရမည်ဟု ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ နိုင်ငံရေးတက်ကြွလှုပ် ရှားမှုများ၊ အခွင့်အရေးတောင်းဆိုမှုများကို ကိုင်တွယ်မှုများတွင် အကျည်းတန်မှုများ ရှိကြောင်း ယမန်နှစ်က လက်ပံတောင်းတောင်စီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြနေသော သံဃာများကို အင်အားသုံးနှိမ်နင်းခဲ့မှုကို ထောက်ပြဝေဖန်သည်။
“လက်ပံတောင်း စီမံကိန်းကိစ္စမှာတုန်းက သုံးစွဲတဲ့ ဗုံးဟာ မီးလောင်ဗုံး ဟုတ်မဟုတ်၊ ရိုးရိုး မီးခိုးငွေ့ ဗုံး ဟုတ်မဟုတ် ဆိုတာ အငြင်းပွားစရာ ပေါ်ပေါက်တယ်လေ” ဟု ဦးသိန်းညွှန့်က ဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနသည် နိုင်ငံရေး ကိစ္စများကို လုံခြုံရေးအမြင်ဖြင့်သာ ချည်းကပ်ကိုင်တွယ်နေကြောင်း ရန်ကုန်မြို့နေ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း ဧရာဝတီကိုပြောသည်။
“Political Issue (နိုင်ငံရေး ကိစ္စ) ကတော့ သူတို့အတွက်ပိုပြီး အရေးကြီးတယ်၊ အန္တရာယ်ကြီးတယ်လို့ သူတို့ မြင်နေ ပုံ ရတယ်” ဟု သူက ဆိုသည်။
ထိုသို့ ရှုမြင်ချက်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က သဘောတူသည်။
“ရခိုင်အရေး၊ မိတ္ထီလာအရေးမှာ ကိုင်တွယ်တာက ကိစ္စတွေမှာ အရမ်းနှောင့်နှေးပေမယ့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တွေနဲ့ အခွင့်အရေး တိုက်ပွဲ ဝင်တဲ့လူတွေကို ဖမ်းဆီးတာ၊ တရားစွဲတာ၊ အရေးယူတာတွေကျတော့ မြန်လွန်းတာတွေ ရှိနေတော့ ဒါက သွေး ရိုးသားရိုးတော့ မဟုတ်ဘူးလို့ ပြောရမှာပါ” ဟု ဦးတိတ်နိုင်က ပြောသည်။
“မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာ တရက်ကို တိုင်စာ စုစုပေါင်း ၅၀ လောက် လက်ခံ ရရှိတယ် ပြောတယ်။ အဲဒီထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အများစုက ရဲလို့ ပြောတယ်။ ရဲကျူးလွန်တဲ့အမှုက အများစု ဖြစ်ပြီးတော့ ဒုတိယ မြေယာသိမ်းဆည်းမှုပေါ့။ ဒါက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင်ပြောသွားတာ”ဟုလည်း ပြောဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက အသုံးပြုနေသည့် ပုဒ်မ ၁၈ အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း သူက ဆက် ပြောသည်။
“ပုဒ်မ ၁၈ ကို ပြောရရင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့သူတွေကို အကာအကွယ်ပေးထားတယ်လို့ ထင်စရာ ရှိတယ်။ ဒါပေမယ့် တကယ်တမ်း အနှစ်သာရအရ ကြည့်ရင် ဒီ တက်ကြွ လှုပ်ရှားနေတဲ့သူ၊ မိမိအခွင့်အရေးကိုတောင်းဆိုနေတဲ့ သူတွေကို မြန်မြန်ဆန်ဆန် ဖမ်းဆီးဖို့၊ ပုဒ်မတပ်ထောင်ချလို့ရအောင်လုပ်ထားတဲ့ သဘောမျိုးပဲ”ဟု ဦးတိတ်နိုင်က ဆို သည်။
သို့သော် ရခိုင်ပြည်နယ်၊ မိတ္တီလာစသည့် မကြာသေးခင်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကရုဏ်းနှိမ်နှင်းမှုဆိုင်ရာ နိုင်ငံတကာစံများနှင့် မညီပဲ အားနည်းချက်များ ရှိနေသည်မှာ မှန်သော်လည်း နှောင့်နှေးမှုများမှာ လုံခြုံရေး အင်အား မလုံလောက်မှုကြောင့်ဟု ဘရပ်ဆဲလ် အခြေစိုက် Internation Crisis Group- ICG အစီရင်ခံစာက ထောက်ပြသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အားနည်းနေသေးကြောင်း၊ နိုင်ငံတကာ၏ အကူအညီ ဖြင့် ရဲတပ်ဖွဲ့ စွမ်းရည် မြင့်မားလာရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရဲ တပ်ဖွဲ့ဝင်များ၏ လစာ အလွန်နည်းပါးခြင်း ကိစ္စလည်း စဉ်းစားရန် လိုကြောင်း ဒေါက်တာရန်မျိုးသိမ်းကလည်း သုံးသပ်သည်။
သို့ရာတွင် ရဲတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများအပေါ် အမိန့်ပေးသည့်ကိစ္စ၌ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ၏ လုပ်ပိုင်ခွင့် အမိန့်ပေးပိုင်ခွင့်သည် ယခုထိ မရှင်းလင်း၍ ထိုအားနည်းချက်များ ရှိနေခြင်းဖြစ်ကြောင်း ဒေါက်တာ ရန်မျိုး သိမ်းက ဆိုသည်။
“ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ လွွှဲပေးတာမှာ အဲဒီ ပြည်နယ်အစိုးရတွေ၊ တိုင်း ဒေသကြီး အစိုးရတွေဟာ ရဲတပ်ဖွဲ့အပေါ်မှာ ဘယ်လောက်ထိ အမိန့်ပေးနိုင်လဲ ဆိုတဲ့ အပိုင်းက မရှင်းလင်းဘူး”ဟု ဆိုသည်။
သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်း ရဲတပ်ဖွဲ့များအပေါ် အမိန့်ပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး အမြဲတမ်း မဟုတ်သော်လည်း အရေးကြီးသည့် အခြေအနေများတွင် အမိန့်ပေးခွင့် ပိုရှိသင့်ဟု မြင်ကြောင်း သူက ဆက်ပြော သည်။
နိုင်ငံ၏ စနစ်တခုလုံး ပြင်ဆင်ရာတွင် နှစ်ကျော်လာသည်အထိ မြို့နယ်နှင့် ခရိုင်အစရှိသည့် အ ဆင့်များအတွက် အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ခြင်းမရှိသေးဘဲ မြို့ပြအုပ်ချုပ်ရေး မပီပြင်သေးပေ။ အခြေခံ အကျဆုံး ရပ် ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ရွေး ချယ် တင်မြောက်မှုများတွင် မသမာမှုများ ရှိနေခြင်းသည်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ အားနည်းချက်များထဲမှ တခု ဖြစ်သည်။
စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးအသွင်ကူးပြောင်းလာရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရေးအစိုးရမှအကြိမ်ကြိမ် ကတိပေးပြေဆိုမှုများရှိသော်လည်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စများတွင် အဟန့်အတားများစွာ ရှိနေသေးကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။
သို့သော် နေပြည်တော်တွင် မကြာသေးခင်က ပြုလုပ်ခဲ့သည့် ပြည်တွင်း အရပ်ဖက်လူ့အဖွ့ဲအစည်းများနှင့် ဆွေး နွေးပွဲတွင် အတိုင်းအတာတခုထိ နားလည်မှုရကာ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအား ၇၅ ရာခိုင်နှုန်းခန့် ပြင်ဆင်ရန် ရှိ၍ တိုးတက်မှု ရှိသည်ဟု သိရသည်။
ပြည်ထဲရေး၏ ကိုင်တွယ်ဖြေရှင်းမှုများသည် ယခင်ကကဲ့သို့ အင်အားသုံး ဖြေရှင်းမှုမျိုး မလုပ်တော့ပဲ ငြိမ်းချမ်းစွာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ကို အသိအမှတ်ပြုရန်ရှိကြောင်း ဦးသိန်းညွန့််ကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် အမျိုးသား ထောက်လှမ်းရေး၊ မူးယစ်တိုက်ဖျက်ရေး၊ အထူးစုံစမ်းစစ်ဆေးရေး၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး၊ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ စသည့် ထူးထွေများပြား အရေးကြီးသည့် တာဝန်များကို ထမ်းရွက်ရာတွင် ဒီမိုကရေစီဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် လိုက်လျောညီထွေဖြစ်ရန် ပွင့် လင်းမြင်သာမှုရှိရေး အရေးကြီးကြောင်း သုံသပ်သူများက ထောက်ပြသည်။
“ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ အနေနဲ့က ကိုင်တွယ်တဲ့ ဖြစ်စဉ်တွေမှာ သူတို့ ဘယ်လို ပုံစံမျိုး ကိုင်တွယ် ဖြေ ရှင်းတယ်၊ သူတို့ဘက်က ဘယ်လို အားနည်းချက်တွေရှိတယ်။ အဲဒီ အားနည်းချက်တွေကြောင့် ဘယ်လို အကျိုးဆက် တွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို စနစ်တကျ ရှင်းလင်းပြသင့်တယ်လို့ မြင်တယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောဆိုသည်။