ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးမှသာ တပ်နေရာချထားရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျင်းပပြုလုပ်သော ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မတီ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တတိယမြောက်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်၏ သဘောထားသည် တိုင်းရင်းသားအားလုံး အပေါ်တွင် တပြေးညီရှိပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးသာ တပ်နေရာရချထားရေးကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အပစ်အခတ်မရပ်စဲနိုင်သေးသရွေ့ တပ်နေရာ ချထားရေးကိစ္စ ဆွေးနွေးရန် မလွယ်ကူကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဆိုသည်။
“တပ်နေရာက ချစရာမလိုသေးဘူး။ တချို့ကိစ္စတွေက ထုတ်ပြန်ပြီးမှ ပြောတာ ပိုပြည့်စုံလိမ့်မယ်။ တပ်မတော် သဘောထားက ဟိုအရင်က အတိုင်းပဲ။ အပစ်အခတ်ရပ်စဲပြီးမှ တပ်ကိစ္စပြောမှာ။ ဘယ်နေရာမှာ ဖယ်မယ်။ ဘယ်နေရာ ရှိနေမယ် ဆိုတာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးမှ လုပ်ရမယ့် ကိစ္စတွေပါ”ဟု ၎င်းက ပြောသည်။
ကေအိုင်အေ တပ်မဟာ ၄ မှ ဒုတိယ ဗိုလ်မှူးကြီး ဆလိုင်းဇော်ရော်က တပ်နေရာချထားရေး ကိစ္စကို မဆောင်ရွက် နိုင်သေး သော်လည်း တိုက်ပွဲအရှိန်လျှော့ချရေး ကြိုတင် ဆွေးနွေးမှုများရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် အောက်ခြေ အဆင့်ပိုင်းက မလိုက်နာပါက တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံရေး ဆွေးနွေးပွဲ အောင်မြင်မှု၊ မအောင်မြင်မှု ပေါ်တွင် အဓိက မူတည်နေပြီး ထိပ်ပိုင်း ခေါင်းဆောင်များ ဆွေးနွေးသဘော တူညီရုံမျှဖြင့် အပစ်အခတ် ရပ်စဲရေးမအောင်မြင်နိုင်ဟု ပြောသည်။
“တပ်ကိစ္စကတော့ ချက်ချင်း နေရာ ရွေ့တာ မလုပ်နိုင်သေးပေမယ့် တိုက်ပွဲ ဘယ်လိုအရှိန်လျှော့မလဲ၊ နားလည်မှုနဲ့ တဖက် နဲ့ တဖက် ဘယ်လို သွားလာမလဲ ဆိုတာကို ကြိုတင် အကြောင်းကြား သွားလာဖို့ ဆွေးနွေးတာ ရှိပါတယ်။ ဒီဆွေးနွေးပွဲ က စတာပေါ့။ အောက်ခြေပိုင်းက မလုပ်နိုင်ရင်တော့ စစ်ကဖြစ် မှာပဲ။ အပစ်အခတ် ရပ်စဲရေးထိုးပြီးမှ တပ်နေရာချဖို့ လုပ်နိုင်မှာပါ”ဟု ဒုတိယဗိုလ်မှူးကြီး ဆလိုင်းဇော်ရော် ကပြောသည်။
မြစ်ကြီးနားမြို့တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြီးဆုံးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုး နိုင်ခဲ့ဟု သိရှိရသည်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “ကျနော်တို့ဆီမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးရတာက ကျနော်တို့ မူအရ၊ အတွေ့အကြုံ အရ၊ ကျနော်တို့ဘက်က ခိုင်မာတယ်လို့ ယုံကြည် စိတ်ချတဲ့အခြေအနေ မရောက်တဲ့ အတွက်ပါ။ ကျနော်တို့ဘက်က သဘောထားဖြစ်ပါတယ်။ လက်မှတ်မထိုးလည်း တိုက်ပွဲတွေ ဘယ်လို လျှော့မလဲ။ ထိန်းသိမ်းမလဲ။ လက်မှတ်မထိုးပေမယ့် တနိုင်ငံလုံးလုပ်မယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်လိုပုံစံနဲ့ ပါဝင်နိုင်မလဲ စဉ်းစား ပါတယ်။ လက်မှတ်မထိုးနိုင်တာ ဘာညိနှိုင်းမှုမရတာထက် ကေအိုင်အို စိုးရိမ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်”ဟု ဆိုသည်။
ကချင်ပြည်နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက“လက်မှတ်ထိုးပြီး စစ်ပြန်ဖြစ်ရင်လည်း ဘာမှမထူးပါဘူး။
အခု အခြေအနေက အားလုံးကောင်းတယ်။လက်မှတ်သာမထိုးတာပါ။ ယုံကြည်မှုက အရင်ကထက် ပိုခိုင်မြဲတယ်” ဟု ပြောသည်။
မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မတီနှင့် ကေအိုင်အို တို့အကြား အချက် ၇ ချက် သဘော တူညီ ခဲ့ပြီး ၂ ဖက် နိုင်ငံရေး ဆွေး နွေးမှုများ ဆက်လက် ဆောင်ရွက်ရန်၊ ၂ ဖက် တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေးနှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေး ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ၂ ဖက် ကိုယ်စားလှယ်များ ပါဝင် သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ကို ရပ်မိရပ်ဖ များနှင့်ဖွဲ့စည်းရန် ၊ အဆိုပါ အဖွဲ့လိုက်နာရမည့် အခြေခံမူ ၅ချက် နှင့် စည်းကမ်း ချက် ၁၈ချက် ရေးဆွဲရန်၊ IDP ဒုက္ခသည်များ ကို ပြန်လည် ထူထောင်နိုင်ရေး အတွက် ရွာ ၄ ခုကို ကနဦး စတင် ပြောင်းရွေ့ရန်၊ အများပြည်သူသုံး လမ်းများ ပြန်လည် ဖွင့်လှစ်ရန်၊ ကေအိုင်အိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လွတ်လပ် စွာ တွေ့ဆုံခွင့် ပြုရန်၊ ရှေ့လုပ်ငန်း စဉ်များကို ၂ ဖက်စောင့်ကြည့်ရေး အဖွဲ့က ဆက်လက် ဆွေးနွေးရန် နှင့် နောင် ဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ဆောင်ရန် တို့ပါဝင်ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်အရ သိရှိရသည်။