Ethnic Issues

တနိုင်ငံလုံး အပစ်ရပ် စာချုပ် အတွက် တိုင်းရင်းသား အဖွဲ့များ ဆွေးနွေး

This article has been converted from Zawgyi One to Unicode

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုမည့် စာချုပ်တွင် ပါဝင်မည့် အချက်များကို UNFC နှင့် တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ထို အပစ်ရပ် စာချုပ်တွင် ပါဝင်မည့် အချက်များကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

မူအားဖြင့် သဘောတူညီခဲ့ကြသည့် အချက်များတွင် တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို အစိုးရက ကြေညာပေးရေး၊ တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေရန် နီးကပ်နေသည့် တပ်များကို စနစ်တကျ ပြန်လည်နေရာ ချထားပေး ပြီး စည်းကမ်းလိုက်နာမှု ရှိစေရေးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စနစ်တကျ ပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည့် အချက်များကိုလည်း သဘောတူညီခဲ့ကြကြောင်း UNFC က ပြောသည်။

“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ကျနော်တို့ဘက်က ပါဝင်ရမယ့် အချက်တွေကို ဒီလကုန်မှာ ကျင်းပမယ့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်၊ ကျနော်တို့ဘက်က တင်ပြ တာတွေကို အစိုးရဘက်က သဘောတူရင် လက်မှတ်ထိုးမယ်၊ မတူရင်မထိုးဘူး”ဟု UNFC ၏ ပြောခွင့်ရသူ ဦးခွန်ဥက္ကာ က ပြောဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ အစည်းအဝေးမှ သဘောတူညီမှု ရရှိမည့် အချက်များနှင့်အစိုးရ ဘက်က ပေးပို့လာမည့် အချက်များကို အပြန်အလှန်ဆွေးနွေး၍ နှစ်ဘက်စလုံး သဘောတူညီမှသာ လက်မှတ် ထိုးနိုင်ကြမည်ဖြစ်သည် ဟု ဆိုသည်။ တိုင်းရင်းသား ခေါင်းဆောင်များ အစည်းအဝေးလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ ဆွေးနွေးပွဲတွင်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလတွင် လုပ်ဆောင်သွားမည်ဟု အစိုးရ က ပြောဆိုထားသည့်သော်လည်း စာချုပ်တွင် ပါဝင်မည့် အချက်အလက်များကို တိုင်းရင်းသား အဖွဲ့များသို့ ကြိုတင်ပြောဆိုမှု မရှိသည့်အပေါ်တွင်လည်း ဝေဖန် မှုများ ရှိနေသည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆွေးနွေးနေသူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကမူ လက်မှတ် ထိုးပွဲ မလုပ်ဆောင်မီ ပေးပို့သွားမည်ဟု ဧရာဝတီ ကို ပြောသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် UNFC ဆွေးနွေးပွဲသို့ UNFC အဖွဲ့ဝင်သစ် ကိုးကန့် ဒီမိုကရက်တစ် အဖွဲ့၊ အဖွဲ့ဝင် မဟုတ်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် တပ်မတော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) အဖွဲ့တို့လည်း တက်ရောက်ခဲ့ကြပြီး UNFC ၏ သဘောထားကို ထောက်ခံခဲ့ကြကြောင်း ဦးခွန်ဥက္ကာ က ပြောပြသည်။

UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

Loading